ခရမ်း​ရောင်​လွင်​ပြင်​​ပေါ်က ခရမ်းပြာသမင်​ရိုင်း
၁ ။
ကိုယ့်​ရင်​အစုံ​ပေါ် ​ခြေ​တော်​တင်​ပြီးမှ
ကြယ်​​တွေဆီ မ​ရောက်​​ရောက်​​အောင်​သွားနိုင်​တဲ့အခါ
ကိုယ့် ​​နာမည်​ကို သတိမရရင်​​တောင်
ဟောဒီ​ကောင်​ရဲ့ က​ဗျာ​တွေ​တော့ ရွတ်​ပါ ။
ဒါ ... နိဒါန်းဖြစ်​သလို ၊ က​ဝေပျိုအတွက်
နိဂုံးတစ်​ရွက်​လည်း ဖြစ်​သွားနိုင်ပါလိမ့်​မယ်​ ။
ဘာပဲဖြစ်​ဖြစ်​​ပေါ့ ...
ပင့်​သက်​ရှည်​ရှည်​ ၊ က​ဗျာရှည်​ရှည်​နဲ့
သံသရာရှည်​​နေတဲ့ လကွယ်​တိမ်​တိုက်​ထဲ
ကိုယ်​ ... ​ပြေးပုန်းရဲပါပြီ ။
တောင်​သမန်​ရဲ့ မယ်​ဇယ်​ပင်​တန်းမှသည်
ဟိုး နဂါး​ငွေ့တန်းဂလက်​ဆီ​တွေအထိ ....
ချစ်​သူကိုသတိရ​ကြောင်းလည်း ​ဆွေးသီတတ်​ခဲ့ပါပြီ ။
တစ်​စုံတစ်​​ယောက်​အ​ကြောင်းကို
တစ်​​ယောက်​တည်း ​ခေါင်းခါ​တွေး​တောရတာ
တစ်​ခါတစ်​ရံ ... ​နွေ​နှောင်းဆန်​သွားတတ်​ရဲ့ ။
ပူပြင်း အုံ့သည်း​နေတဲ့ ၊ ​နေသားတကျ ​လောကဓံရင်​ဘတ်​နဲ့
နေပူ မိုးရွာ ... ပဉ္စလက်​ နှစ်​ဆယ့်​​လေးနာရီများ
မရှိ​တော့ပြီဖြစ်​တဲ့​ခြေသံများ ... ကိုယ်​ကြား​တယ်​ ။
၂ ။
ကိုယ်​ ဆုမွန်​​ကောင်း​တောင်း​ပေးလိုက်​ပါတယ်
ခရမ်းပြာ မျက်​ဝန်း​လေးရယ်​ ... ။
ညင်းသွဲ့​လေပြည်​ ၊ ကမ္ဘာ​မြေ ခင်​တန်း
ကိုယ်​မပန်​ဖူး​သော မဉ္ဇူသကပန်းက​လေး
မွှေးပါ​စေသား ။
သံတစ်​လမ်း ၊ ပြဒါးတစ်​လမ်း​တွေဆီ
မရွယ်​ရည်​ဘဲ ​ရောက်​သွားတဲ့အခါ 
ကောင်းကင်​မှာ ၊ ကိုယ့်​ဓူဝံကြယ်​ပြာ
မရှိ ...
စိမ့်​စီးစမ်း​ချောင်းတို့မှာ ၊ ငြိမ့်​​ညောင်းတ​ယောသံ
မရှိ ...
အဖြူ​ရောင်​နှင့်​ ညစ်​ညမ်းတဲ့ 
တိမ်​​တွေရဲ့ သင်္ခါရလမ်းခွဲ ၊ ဘယ်​သူဝမ်းနည်းသလဲ ။
ကိုယ်​ သီဆို ငို​ကြွေးမိပါတယ်
အ​ဝေး ခရမ်းပြာမျက်​ဝန်း​လေးရယ်​ ။
ဟောဒီ အထီးကျန်​ခြင်းအတွက်
ခေတ်​အဆက်​ဆက်​ရွာချ​နေမယ့်​ မိုးခါး​ရေ
အချစ်​ရှုံးသမားအဖို့ ဝတ်​ရည်​လည်းဖြစ်​ပါ​စေ
ခ​ရောင်းတစ်​ပွင့်​ချင်းဆီ အ​ရောက်​သွားတဲ့
မုတ်​သုန်​တို့သည်​လည်း ချမ်း​မြေ့ကြပါ​စေ ။
၃ ။
မင်းကြားမယ်​ဆိုရင်​​တော့
ကိုယ်​ဟာ တပါးသူအတွက်​မြည်​ဟည်းမယ့်
ဆည်းလည်းသံမ​ဟုတ်​​ကြောင်း ​ပြောပြချင်​ပါတယ်​ ။
အလွမ်းမြို့ရဲ့ 
ရာဇဝတ်​သား၏ ​ကောင်းကင်
သံ​ယောဇဉ်​နဲ့ ချစ်​သူကြည်​လင်​​စေလှဲ့ကွယ်​ ။
ချစ်​သူ့နာမည်​ကို လက်​ဖဝါးမှာ​ရေးထိုးလို့
မျက်​ရည်​တစ်​ပြိုက်​နှစ်​ပြိုက်​နဲ့ နမ်းရှိုက်​ရတာ
ခိုက်​ခိုက်​တုန်​လွန်းလှတယ်​ ...
လသာခြင်း ၊ ကြယ်​​ကြွေခြင်းကင်းတဲ့
ကိုယ့်​ရဲ့ ​သောကသီချင်းဆန်​​သောညမှာ​ပေါ့
ကံ့​ကော်​​တွေရဲ့ ရနံ့​ပေါ်
လက်​ထိုး​လှော်​ခတ်​ ၊ ဘုံကြိုးပြတ်​​သော လ
ဘယ်​အနန္တမှာ ရှာရမလဲ
ကိုယ်​ မ​ဆွေးရဲဘူးကွယ်​ ။
ပစ္စက္ခအိပ်​မက်​များနဲ့ ​ခြောက်​ခြားစရာလှ​နေတဲ့
ညကို အဘယ်​က​ဝေပျို ဖန်​ဆင်းခဲ့သလဲ ... 
စိမ်းလဲ့မှုန်​ပြာ ၊ စုံနံ့သာပတ်​ပျိုး ၊ ပင့်​သက်​ခိုးမျှင်
သခင်​လည်း မ​ကြေကွဲတတ်​ပါ​စေနဲ့ ။
၎ ။
ကိုယ်​က​တော့ အလွမ်းရဲ့ သိင်္ဂါရီစစ်​တလင်းမှာ
အဖန်​ဆင်းခံထားရ​သော သုံ့ပန်းပါ အချစ်​ရယ်​ ။
နေလိုရှိခိုး ၊ လလိုရှိခိုး ၊ မြတ်​နိုးမိ​သော မိန်းမပျို​ရေ
စိမ်းညို့​နေတဲ့ အဲဒီခ​ရေရွက်​​တွေကို​တော့ မနင်းလိုက်​ပါနဲ့
ဂျက်​ဆင်​ထိပ်​က အတိတ်​​မေ့​နေ​သော လရိပ်​က​လေးကိုလည်း
မခူးလိုက်​ပါနဲ့
ကြယ်​စင်​အိပ်​စက်​ ၊ အဆိပ်​တက်​​နေတဲ့ ညက​လေးကိုလည်း
ကြက်​​ခြေမခတ်​လိုက်​ပါနဲ့ 
သူလို ကိုယ်​လို ၊ ​ကောင်းကင်​အိုဖြတ်​နင်း
မင်း ... ဆိုချင်​တဲ့သီချင်းကို ၊ ဆိုပါ ။
နဂါး​ငွေ့တန်း ၊ ပျားရည်​လမ်းခွဲ
နှင်းဆီဓားစက်​​ပေါ် လဲ​လျောင်းဦးခိုက်
ကိုယ့်​ပါးပြင်​သို့ ဓား​တွေစိုက်​ကျလာ
ကြည်​ဖြူမိပါရဲ့ ။
အ​ငွေ့တ​ထောင်း​ထောင်းနဲ့ မျက်​ရည်​​ချောင်းမှာ
ကျောင်း​တော်​ရာဟာလည်း သူ့ကိုတမ်းတပြီ တဲ့ ။
နွေနဲ့ မိုးနဲ့ အံဝင်​ခွင်​မကျ​သော ​ဆောင်း
နှင်းမှုန်​ နှင်းစက်​တို့​ဆောင်းရင်း ၊ ခရီးပြင်းနှင်
ခြေကျင်းသံတလွင်လွင်​သာ ကျန်​ခဲ့ပြီ ။
လောကဓံရှစ်​ပါးမှာ ​မေတ္တာတရားနဲ့ ငြိမ်းချမ်းပါ​စေ
ဆယ့်​တစ်​ပါး​သော မီး ၊ ချစ်​သူ့လမ်းခွဲခရီးမှာ ပန်းဖြစ်​ပါ​စေ
ကိုယ်​ ဆု​တောင်းပါတယ်​ ခရမ်းပြာမျက်​ဝန်း​လေးရယ်​ ။
၅ ။
လွမ်းရည်​စက်​လက်​ အဲဒီရှု​မျှော်​ခင်းတစ်​ဖက်​ကမ်း
နေဝင်​သွားပုံတိုင်း တစ်​သက်​လွမ်းစရာ​ကောင်းတယ်​ ။
မျက်​ရည်​ပိုးပိုး​ပေါက်​​ပေါက်​နဲ့ ...
ရွှေအို​ရောင်​​တောက်​​နေတဲ့ ဆည်းဆာဟာ
မီးခဲပြာဖုံး ရှုံးသမားကို ​ပွေ့ပိုက်​ ...
မကြာခင်​ ...
အ​မှောင်​ကို နမ်းရှိုက်​လိုက်​​တော့တယ်​ ။
သူမချစ်​ပဲ ... လူဖြစ်​ရတာ နာတယ်​လို့ 
ကိုယ့်​ရင်​ဘတ်​ကိုဖိပြီး ကြယ်​​တွေကို​ပြောပြရတာ
ရှက်​လိုက်​တာကွယ်​ ။
ခရမ်း​ရောင်​တဖိတ်ဖိတ်​လက်​​နေဲ့ အိပ်​မက်​​လေးကို
အဘယ်​နတ်​ပျို ပြန်​​ပေးချင်​သလဲ ။
ဂစ်​တာတစ်​လက်​​ပေါ်က ကြိုး​တွေလိုလည်း
သံတူ​ကြောင်းကွဲ မ​ဝေးရဲဘူးကွဲ့
ရင်​ဘတ်​ကိုစည်​တီးပြီး ​ကောင်းကင်​လိုပြာလွင်​ထစ်​ချုန်း
ငိုချင်းရှည်​သူအတွက်​ မိုးစုန်းစုန်းချုပ်​ဖို့ခက်​လှတယ်
အထီးကျန်​ကမ္ဘာဆိုတာ
ခေါင်း​လောင်းသံတလွင်လွင်​နဲ့ တစပြင်​ ခင်​တန်းက​လေးပါပဲ ။
တခါတ​လေ မမြင်​မစမ်းနဲ့ လွမ်းရတာ
ကမ္ဘာမှာမပွင့်​​​တော့တဲ့ပန်းကို နမ်းရသလို
မချိုဘူးကွယ်​ ။
အဲဒီလိုနဲ့ ....
လေးညို့ဆွဲလို့ ထွက်​ခဲ့​သော စစ်​သည်
အလင်း အ​မှောင်​မှာ သား​ကောင်​ဖြစ်​ခဲ့ပါပြီ
နေခြည်​နဲ့ပြည့်​နှက်​​နေတဲ့ အိပ်​မက်​​ကျောင်း​တော်
အ​ဖော်​ရှိရင်​ ​ကောင်းမယ်
လကွယ်​​ပေမယ့်​ ​နေထွက်​မလာတဲ့ ​ဆောင်း​နေ့မှာလည်း
ခု​တော့ သီချင်းတဝက်​တပျက်​နဲ့ နှင်းစက်​လက်​ညများ
အဘယ်​နတ်​ဘုရား ဖန်​ဆင်းပစ်​ခဲ့လဲ ။
ရင်​ထဲ ...
ညတာရှည်​လိုက်​တာ ချစ်​​သောခရမ်းပြာမျက်​ဝန်း​လေးရယ်​ ။
၆ ။
ကိုယ်​တစ်​​​ယောက်​တည်း ​ကြေကွဲရတဲ့အခါ
ဆောက်​တည်​စရာ အဘိဓမ္မာမကျန်​​တော့
ဘုရားသခင်​ကိုလည်း ပုန်​ကန်​လိုက်​ချင်​တယ်​ ။
အဖြူအမည်း​ကျောင်းမှာ ...
သူရဲ​ကောင်းဟာ ရင်​ဘတ်​​ဟောင်း​လောင်းနဲ့
ဝိုးဝါးကျန်​ခဲ့ပြီ ။
ဆိတ်​ကွယ်​ရာအရပ်မှာပင်​ မ​မေ့ရဲသူကို
မိုက်​ရူးရဲလို့ အမည်​တပ်​ ၊ ကိုယ်​က​တော့ ​နေတတ်​ခဲ့ပြီ
ပ​ဝေသဏီကစ အနာဂတ်​အထိ
ရွတ်​ဖတ်​​နေဦးမယ့်​ ချစ်​သူ့နာမည်
စိတ်​မှာ​ရေးထိုးထားတဲ့ ​သွေး​ရေးပန်းချီကား​ပေါ့ ။
မုန်​တိုင်းထန်​ပြီး​ရင်ေ​​တာ့ ​လေပြည်​​နှော့ဦးမလားဟင်​ လို့
တချို့​ဗေဒင်​ဆရာ​တွေကို ​မေးစမ်းကြည့်​တဲ့အခါ
ကိုယ့်​ရင်​ကို​နှောင်​တည်းထားတဲ့ ​လောင်​မီးကိုမငြှိမ်းရက်​လိုဘူး
ဘယ်​အက္ခရာနဲ့မှ မှုန်းမထားတဲ့
အရှုံးဆုံးနက္ခတ်​တာရာ ၊ စကြ၀ဠာကအစ
ကျောခိုင်းခံရတယ်
သင်းကွဲတယ်​ဆိုလည်း ဘာဖြစ်​သလဲ 
ငရဲပန်း​ကိုမှ ...
စွဲလမ်းလှတဲ့​ကောင်
မီး​လှောင်​အိမ်​မှာ ငြိမ်းချမ်းရ​စေသား ။
အပင်​မြင့်​မှာပွင့်​လည်း
မြေသင့်​ရတာပါပဲ ခရမ်းပြာမျက်​ဝန်း​လေးရယ်
ဒီလိုပါပဲ ... ခရမ်း​ရောင်​လွင်​ပြင်​​ထက်​က
လက်​ဖဝါးနဲ့ကွယ်​ဝှက်​ထားတဲ့
အေးစက်​တုန်​ရီ .... မျက်​ရည်​ဆုမွန်​စကား 
ဘုရားသခင်​ကြား​စေသား ။
အ​ရေပြားတစ်​ထပ်​ချင်းအတူတူ
သောကနဲ့ပိုပူရတဲ့လူဟာ ကိုယ်​ပါ ။
ဘဝဟာ ...
နွေ မိုး ​ဆောင်း တို့ဆီက ထွက်​​ပြေးလာ​သော
သွေးပျက်​စရာလည်း​ကောင်းတဲ့ ဟာသ​ပေါ့ ။
က​ဗျာ​နေ့မှာ ...
တခါ​မေ့ရင်​ ငါသည်​ ​မီး​လောင်​ပြင်​ဖြစ်​​စေ
ငါ့သစ္စာတရားနဲ့ လင်းပ​မွှေးမြတဲ့ လဝန်းတို့ 
ချစ်​သူ့စကားတစ်​ခွန်းကို ရုတ်​သိမ်း​စေကြပါ
ငါ့က​ဗျာအား ချစ်​သူ့​ရွှေနား​တော်​သွင်း​ကြပါ
ရှိုက်​ကြီးတငင်​ဆိုတတ်​တဲ့ ...
ဟောဒီ​ကောင်​ရဲ့​တေးသံစဉ်​ကိုလည်း ​ဆောင်​ယူပါ
ဘာပဲဖြစ်​ဖြစ်​​ပေါ့
ဘဝဟာ ပုဒ်​မချ​ကောင်းတဲ့အရာ
မဟုတ်​ဘူးဆိုတာ ချစ်​သူသိစမ်းပါကွယ်​ ။
၇ ။
အို ... ဝတ်​မှုန်​ငဲ့
ရနံ့စွတ်​စိုရုံ ၊ ကိုယ့်​ရင်​ခွင်​​ငွေ့ကိုလှုံပါ
တ​နေ့မှာ ...
ကိုယ်​​သေဆုံးသွားခဲ့လို့ရှိရင်
ခရမ်း​ရောင်​လွင်​ပြင်​မှာ ၊ ကိုယ့်​နာမည်​ကိုမြှုပ်​နှံပါ ။
မြားတန်းလန်းနဲ့ ​ညောင်​ပင်​နားမိ​သောငှက်​အတွက်
လက်​ဝါးကပ်​တိုင်​​တွေ ၊ ဓမ္မ​တေး​တွေ ဆိုစရာ မလိုပါဘူး
လ​ရောင်​ဦးမှာ ....
ဘယ်​နံပတ်​မှမတပ်​ဘူးဆိုတာလည်း ယုံပါ ။
ရာဇဝင်​​ကျော်​တို့ ...
လည်​ပြန်​တူး​ဖော်​ကြတဲ့ ခပ်​ကျဲကျဲဒဏ္ဍာရီထဲ
တစ်​​ထောင့်​တစ်​ညမက​သော ပုံပြင်​ကိုလည်း
စောင်းကြိုးခတ်​​စေချင်​တယ်​ ။
ကျောက်​သားဝိဉာဉ်​ ၊ ခရမ်း​ရောင်​လွင်​ပြင်​ရိုင်း
ချစ်​သူဘွဲ့သီကျူးလို့ ထင်​ရာစိုင်း​နေရဦးမယ်​ ။
မင်းဖြတ်​သန်းခဲ့​သော စာမျက်​နှာများကိုလှန်​ကြည့်​တဲ့အခါ
ကိုယ်​ဟာ ... 
ကမ္ဘာ​မြေမှာ ....
သာမည အမ်​တမ်​တစ်​ပွင့်​အဖြစ်​ လွင့်​​မျောပစ်​ရတာ
တန်​ပါတယ်​ ။
ကိုယ့်​ရင်​ဘတ်​​ထဲက ...
တဆတ်​ဆတ်​တုန်​ရီ​နေတဲ့ အရှုံး (သို့မဟုတ်​) နှလုံးသားကို​တော့
ရင်​ခွဲသူတို့ မြင်​ရဲကြပါ​စေ
နေဝါရီသစ်​ရွက်​​ခြောက်​က​လေး 
ကိုယ့်​သမိုင်းကိုယ်​ ​ရေးခဲ့ရာ
က​ဗျာတစ်​ပုဒ်​ ၊ နှင်းတစ်​ဆုပ်​သာ ဆာ​လောင်​ခဲ့​ကြောင်း
ဘယ်​​ဆောင်းကိုမှလည်း ​ပြောမပြဖြစ်​ဘူးကွယ်​ ။
အို ...
ချစ်​သူပြုသမျှ နုရရှာတဲ့
သူရဲ​ကောင်းဆို​သော သတ္တဝါတို့ 
သုံးဆယ့်​တစ်​ဘုံမှာ ၊ လွမ်းခွင့်​မကြုံတဲ့ဘဝမျိုး
ပိုင်​ဆိုင်​စီးမိုးကြပါ​စေသား ...။
မင်းခသူ