Showing posts with label အက်ဆေး. Show all posts
Showing posts with label အက်ဆေး. Show all posts

စွယ်တော်ကြွေခန်း




၁။ အဝါရောင် ဆောင်းရက်များ ... ။ အဝါရောင်ဆောင်း
ရက်များထဲက မျက်ရည်ဆန်တဲ့နှင်းစက်တွေ နောက်ဆုံး
ကြွေသွားတဲ့နေ့မှာပါ ။ ကျွန်တော့်ရင်ဘတ်ထဲက စကား
လုံးတွေ တခုချင်းဆွဲနှုတ်ခံနေရတယ် ။ ဒီအချိန်ရဲ့ယခင်
အတိတ်နေ့ရက်များစွာကတော့ ခုလိုအိမ်မက်ဆန်မနေ
ခဲ့တာတော့ အမှန်ပါ ။ ခု ... ကျွန်တော့်သံသရာကြီးဟာ
လည်မှ လည်ပတ်နေသေးရဲ့လား ။ ကျွန်တော်ဆိုတာ
ရော ကျွန်တော်အဖြစ်ရှိနေသေးရဲ့လား ။ ကျွန်တော် ...
ဟာ ဘယ်ကအစပြုခဲ့သလဲလို့ ကိုယ့်မျက်နှာပေါ် ကိုယ်
မတ်တပ်ရပ်ပြီး ကိုယ့်​ကိုယ်​ကို ငုံ့ကြည့်လိုက်ချင်တယ် ။
ခပ်ဝေးဝေးဆီက အိပ်တန်းငှက်တို့ အတောင်ပံရိုက်ခတ်
သံတွေ ဆည်းဆာထဲပျို့အက်ကျနေတယ် ။

၂ ။ ထုံးစံတွေနဲ့ မိုးချုပ်သွားတဲ့ညပဲ ။ ဓာတ်ပြားဟောင်း
တစ်ချပ်ထဲက ပြေးထွက်လာတဲ့ တေးသွားလို အချိန်ကို
ပျင်းရိလေးတွဲစေတယ် ။ ပန်းတွေအနှေးပြကွက်နဲ့ ပွင့်
နေပုံ ၊ နာရီလက်တံတွေ ဖြည်းညင်းရွေ့လျားနေပုံတွေ
ဟာ အရာရာဆိတ်သုဉ်းနေတဲ့ ကျွန်တော့်အဖို့တော့
ခြောက်ခြားစေတယ် ။ ဓာတ်တိုင်မီးရောင်အောက်မှာ
လမ်းတွေ သေဆုံးနေပြီး ၊ တိတ်ဆိတ်မှုဟာ အသက်ရှု
နေပေါ့ ။ တခါတခါ ဘယ်အကြောင်းအရာကြောင့်မှန်း
မသိလန့်ပျံတဲ့ ငှက်ဆိုးသံတွေကလွဲလို့ လေတိုးသံက
လေးတောင် ပျောက်ဆုံးနေတဲ့ညပါပဲ ။ ပူနွေးရှိန်းမြတဲ့
ထွက်သက်တွေပျောက်ဆုံးသွားရင် ဘယ်လောက်များ
ကောင်းလိုက်မလဲလို့ တခါတခါမိုက်မဲစွာ စဉ်းစား
တွေးခေါ်ဖူးတယ်။ ဟင့်အင်း ... ရှုံးနိမ့်မှု ၊ အဲဒီ ရှုံးနိမ့်
မှုနယ်ကလွဲရင် ကျွန်တော့်မှာပြေးစရာမြေမရှိဘူးလို့ပဲ
ကျွန်တော်သိထားတယ်။ ဘာကြောင့်လဲဆိုတော့ ...
ဟောဒီထုံးစံညတွေလို အကြိမ်ကြိမ်မှောင်မိုက်နေခဲ့ဖူး
လို့ပါပဲ ။ ကိုယ့်မျက်နှာပေါ် ရှက်သွေးတက်ဖြာခဲ့ဖူးတဲ့
လပြည့်ညလေးတွေကို လွမ်းရင်း ... ။

၃ ။ မနက်ဖြန်ခါမှာ ဘာတွေဆက်ဖြစ်မလဲ။ မနက်ဖြန်
ခါမှာဘာတွေဆက်ဖြစ်မလဲများစွာက နံနက်ခင်းပေါင်း
များစွာကို ခေါင်းခဲစေတယ်။ ရွှေအိုရောင်တခေတ်လုံး
ပြုတ်ကျနေတဲ့ နံနက်ခင်းပေါင်းများစွာ ကျွန်တော့်မှာရှိ
ခဲ့ဖူးတယ်ဆိုရင် အခုဘယ်သူမှယုံကြည်မှာမဟုတ်ပါ
ဘူး။ ကော်ဖီခွက်များစွာ မှောက်ကျခဲ့တယ် ...။ ပန်းအိုး
တွေကျကွဲခဲ့တယ်။ အိမ်မက်ထဲမှာ တကယ်ဖြစ်ပျက်ခဲ့
တဲ့ကိစ္စများစွာ ကျွန်တော့်မှာရှိခဲ့ဖူးရဲ့။ အရာအားလုံးပြီး
ဆုံးသွားပြီဆိုပေမယ့် အခုမှအစပြုတယ်လို့ အသေအ
ချာလက်ခံလိုက်ရခြင်းကနေ ကျွန်တော့်ဘဝအစပြုခဲ့
တယ်လို့ ပထမဆုံးအကြိမ်အဖြစ် တူးဖော်တွေ့ရှိခဲ့ပါ
တယ်။

၎ ။ ခုလိုနွေဦးပေါက်ရာသီရဲ့ စွယ်တော်ပန်းရနံ့တွေ...
ချိုအီမွှေးရှတဲ့နေ့လည်ခင်းတစ်ခုမှာ ကျွန်တော်အသက်
ရှုနေရတဲ့အကြောင်းအရာကိုတွေ့ရှိခဲ့တယ်။ ဒုက္ခသစ္စာ
လို့ ရက်ပေါင်းတစ်ထောင်ကျော်နောက်ကျပြီးမှ အခုလို
သိရရင် ကျွန်တော့်အကြည့်တွေကို အဲဒီအချိန်ကတည်း
က လွှဲဖယ်ပစ်မိကောင်းပစ်မိပါလိမ့်မယ်။ ဟုတ်ပါတယ်
ကျွန်တော် အဲဒီအချိန်ကတည်းက ကြည်ဖြူစွာကျဆုံးနေ
တာပါ ။ " ဓားချင်းယှဉ်ခုတ်ရင်တောင် ၊ သမုဒယအစုတ်
နဲ့ အားယုတ်နေတဲ့ သူရဲကောင်းပါ " လို့ ကျွန်တော်ရေး
ခဲ့ဖူးတယ် ။ သူမကလွဲရင် အလုံးစုံကန်းနေတဲ့ကောင်ပါ
ပဲ။ သူမကတော့ သူမမျက်ဝန်းအစုံရှေ့မှာ တဖျပ်ဖျပ်လူး
လွန့်နေတဲ့ ကျုံးရေပြင်ကလွဲရင် အလုံးစုံကန်းနေပုံရပါ
တယ်။ ဘေးက ကျွန်တော်ငေးကြည့်နေတာကိုတောင်
မှ မသိပါဘူး။ သူမဘယ်သူလဲ ။ ယုဇနမခင်ပျို လား ၊
ကျွန်တော်နှင့်မြူနှင်းဝေသောညများထဲက ဗုဒ္ဓဟူးနံနဲ့စ
တယ်ဆိုတဲ့ မသီတာ လား၊ ဒါမှမဟုတ် ချစ်ခြင်း၏ 
နဂ္ဂတစ်များထဲက မကြည်ပြာ လား ၊ သူမမှာ နာမည်
တစ်ခုခုတော့ ရှိကောင်းရှိမှာပါ ။ ကျွန်တော်ကတော့
" သစ္စာ " လို့သာ တစ်ဖက်သတ်ပညတ်ခဲ့ပါတယ် ။
ကျွန်တော့်ကို ခွင့်ပြုပါ၊ ဒါမှမဟုတ် ခွင့်လွှတ်ပါ သစ္စာ ။
ဘာပဲဖြစ်ဖြစ် ကျွန်တော့်အတွက်တော့ သစ္စာ သည်
သာ ဒုက္ခသစ္စာ သို့မဟုတ် သမုဒယသစ္စာ ရယ်ပါ ။

၅ ။ အဲဒီနေ့ကစပြီး ခရမ်းရောင်သစ္စာပန်းတွေ ဈေး
ကဝယ်ပြီး ကျွန်တော်ဘုရားတင်လေ့ရှိတယ်။ ဆုများ
စွာလည်း တောင်းဖြစ်ခဲ့တယ်။ ကိုယ့်အတွက်ကို
တောင်မှ ဆုမတောင်းခဲ့ဖူးတဲ့ကောင်က သူမနဲ့ တခါ
လောက်ပြန်ဆုံတွေ့ချင်ကြောင်းတွေနဲ့ပေါ့။ နန်းရှေ့
ကို နေ့တိုင်းရောက်ဖြစ်တယ်။ သူမရှိနိုင်မယ်ထင်တဲ့
နေရာမှန်သမျှ ကျွန်တော့်ခြေရာချင်းထပ်မိတယ်လေ။
တခါမြင်ဖူးရုံနဲ့ သတိရကြောင်းတွေထည့်ပိတ်ခံထား
ရတဲ့ စာအိတ်ပြာလေးဟာ ကျွန်တော်ပါ ။ အကယ်၍
များ သူမနန်းရှေ့များရောက်မိလို့ နွေဦးလေပြေတွေ
တသုန်သုန်တိုက်ခတ်နေပြီဆိုရင် ၊ ရွက်ဝါလေးတွေ
မြေပေါ်ရှပ်ပြေးနေပြီဆိုရင် ၊ ရေလှိုင်းခတ်သံလေး
တွေ တချက်ချင်းကြားနေရပြီဆိုရင် သူမကို လွမ်းနေ
ပြီဖြစ်ကြောင်း သိစေချင်တယ်။ လူတိုင်းဟာ တစ်
နည်းနည်းနဲ့ ရူးသွပ်နေကြသူချည်းပါပဲ ။ ဒါပေမယ့် ၊
ကျွန်တော်ကတော့ သူမနဲ့ပတ်သက်ရင် နည်းလမ်း
ပေါင်းများစွာနဲ့ ရူးသွပ်လိုက်ချင်တယ်။ ဆောင်းမကုန်
နွေမပီသသေးတဲ့ ရာသီဦးလေးလို .... ။

" ထို့ကြောင့် သင့်ကိုကြိုဆိုအံ့သောငှာ ငါထွက်လာ
ပြီ ၊ သင့်မျက်နှာကို ကြိုးစားရှာ၍ တွေ့ပြီ ... "
- (သုတ္တံ ၊ ၇ : ၁၅)

၆ ။ အေးစက်တောင့်တင်းတဲ့ အကြည့်တွေရှေ့မှာ
ကျွန်တော်မတ်တပ်ရပ်နေမိပါတယ်။ ထုံးစံအတိုင်း
နန်းရှေ့မှာပါပဲ။ ဇာတ်လမ်းထဲမှာလို မင်းသမီးခေါင်း
ပေါ်က ကံ့ကော်ပန်းလေးပြုတ်ကျသွားလို့ မင်းသား
က ကောက်ယူပြီးလှမ်းခေါ်ပေးတာ ၊ မင်းသမီးဆီ
က ပဝါဖြူဖြူလေးလွင့်ကျလာလို့ မင်းသားက မြေပေါ်
ကကောက်ပြီး ပြန်သွားပေးတာ ၊ မတော်တဆ
မင်းသမီးခလုတ်တိုက်ပြီး လဲကျမလိုဖြစ်သွားစဉ်မှာ
မင်းသားက ဘေးကနေလှမ်းထိန်းပေးခွင့်ကြုံလိုက်
တာမျိုးတွေတော့ မဟုတ်ပါဘူး ။ အဲဒီလိုအခွင့်ရရင်
တော့ ကျွန်တော်သိပ်ပျော်မိမှာပေါ့ ။ ကျွန်တော့်မှာ
ကံဆိုးစွာ အဲဒီအခွင့်တွေမကြုံကြိုက်ခဲ့ရပါဘူးလေ။
အခုက သူမကို ကျွန်တော်ငေးမောနေစဉ်မှာ သူမ
သိသွားတာပါ ။ ဘယ်လောက်ကြာခဲ့မှန်းတောင်မှ
ကျွန်တော် သတိမထားမိလောက်အောင်အထိပေါ့။
အခုလို သိသွားတော့လည်း ကျွန်တော် ရှက်ကိုး
ရှက်ကန်လုပ်နေရမှာလား ၊ အဟင်း လို့ ရှက်ရယ်
ရယ်ပြီး တဖက်လှည့်ထွက်သွားရမှာလား မသိပါ
ဘူး ။ သူမရဲ့ အေးစက်တောင့်တောင်းတဲ့အကြည့်
တွေအောက်မှာပဲ အေးခဲစွာရပ်နေရပါတယ်။ သူမ
ကျွန်တော့်ကို သတိထားမိပြီလား ။ ကျွန်တော်က
တော့ အဲဒီအကြည့်တွေကို သိမ်းဆည်းထားမိပါ
ပြီ ။

၇ ။ အချိန်ကာလယန္တရားက သစ်ရွက်ဟောင်းများပေါ်
နင်းဖြတ် လည်ပတ်နေကြ ။ အစိမ်းရင့်ရင့်မှ ဝါကျင်တဲ့
အထိ အာခံနေလိုက်ကြပုံ ။ သင်္ခါရတရားကလွဲလို့
အရာအားလုံးပြောင်းလဲနေကြပုံ ။ နွေထဲမှာ...။ စောင့်
စားလွမ်းမောရခြင်း နွေထဲမှာ ။ အသံတိတ်ရုပ်ရှင်တစ်
ကားကို နွေကဖွင့်ပြလို့ ...။ သူမက နန်းရှေ့ကို မှန်မှန်
ရောက်ရှိနေဆဲ ။ ကျုံးရေပြင်ကိုတွေဝေငေးမောနေဆဲ
ပါ။ ဘာကြောင့်မှန်းမသိပေမယ့် ဘာကြောင့်မှန်းမသိ
ချင်ခဲ့ပါဘူး ။ အရာရာ သဘာဝအတိုင်းသာရှိပါစေ ...။
ပြောင်းလဲတိုင်း မကောင်းဘူးဆိုတာ ရွက်ဝါလေးတွေ
သိပါတယ်။ ခရေတန်းလေးသိပါတယ် ။ ဖြူမွေ့နုညံတဲ့
သူ့မျက်နှာမြင်နေခွင့်ကလေးသာ နေ့တိုင်းရနေရရင်
ပြည့်စုံပါပြီလို့ နှလုံးသားက သိနေပါတယ်။ အချစ်ဆို
တာ ဘာလဲသိဖို့က ကျွန်တော့်ကိစ္စမဟုတ်ပါဘူး။ ဒါ
နှလုံးသားရေးရာပါ။ ကျွန်တော်ဘုရားတင်နေကျဖြစ်
တဲ့ ခရမ်းရောင်သစ္စာပန်းတွေရဲ့ ကိုယ်ရေးကိုယ်တာ
ရယ်ပါ။ ကျွန်တော်ကတော့ ချစ်တာကို ချစ်တယ်လို့
သိဖို့ပဲ လိုအပ်တာမဟုတ်လား။ ကျွန်တော်ကြောက်
ရွံ့တာက နေဝင်စောမှာရယ် ၊ နွေနှောင်းသွားမှာ
ရယ် ၊ ခရမ်းရောင်သစ္စာပန်းတွေတုံးသွားမှာရယ် ၊
အချစ်မခံလိုက်ရခင် မုန်းသွားမှာရယ်ပေါ့ ။ ဒါပါပဲ ။

၈ ။ နန်းရှေ့ခရေတန်းဟာ အလွမ်းဆိုင်ပဲ ။ အမြဲလို
လို လွမ်းရခြင်းတွေ ဘယ်ဘက်ရင်အုံပေါ်က အိတ်
ကပ်လေးထဲ ထည့်ပေးတတ်တယ်။ ဒါတင်ပဲလား ။
မဟုတ်ပါဘူး ။ အဲဒီနေ့က နံ့သာရောင်အဆင်နဲ့လာ
ခဲ့တဲ့နေ့ကပါ ။ ရက်နေ့တွေကုန်လွန်လာတာနဲ့အမျှ
သူမ ဘာအရောင်ကြိုက်တတ်တာကအစ ဘယ်လို
ဖိနပ်ကိုမှသူစီးတတ်တာမျိုးအထိ ကျွန်တော်သိနေခဲ့
ပါပြီ ။ သူမဘယ်မှာနေတယ် သူမဘယ်သူဘယ်ဝါ
ဖြစ်တယ်ဆိုတာက လွဲလို့ပေါ့ ။ ကျွန်တော်ကြိုးစား
မှာ မဟုတ်ပါဘူး။ ကျွန်တော်က မထိုက်တန်သူပါ။
ကျွန်တော့်အကြောင်းတွေ ချရေးထားတာ မှတ်စု
စာအုပ်ထဲမှာအများကြီးပဲ ၊ နောက် သစ္စာ ဆိုတဲ့
အမည်နာမလေးတစ်လုံးတိုးလာတယ်။ ကျွန်တော့်
ရင်ထဲမွန်းကြပ်နေတယ်။ သူမရပ်ခဲ့ဖူးတဲ့နေရာကို
ကျွန်တော်သွားတယ်။ သံချွန်လေးထက်မှာ သူမ
တစ်စုံတစ်ခုချိတ်ဆွဲထားခဲ့တယ်။ ဖန်ပုလင်းသေး
သေးလေးတစ်လုံးကို အပြာရောင်ချည်ကြိုးကလေး
ကလေးနဲ့ဆွဲထားခဲ့တာပါ။ အထဲမှာ ရွှေမှုန် ငွေမှုန်
ကလေးတွေ တလဲ့လဲ့ဝင်းတောက်နေတယ် ။
အထဲမှာ တဝက်ခေါက်ထည့်ထားတဲ့ အဝါရောင်
သမ်းစ စွယ်တော်ရွက်ကလေးတစ်ရွက် နဲ့အတူ ဖြူ
လွှလွှ စာရွက်ခေါက်လေးတစ်ခု ...။

၉ ။ ညကို ဓမ္မနဲ့ အဓမ္မက လွန်ဆွဲနေတယ်။ အမှောင်
ဟာ ကြောင်တစ်ကောင် စန္ဒရားခလုတ်တွေပေါ်ကို
ဖြတ်ပြေးသွားသလိုမျိုး ချဉ်းနင်းဝင်ရောက်လာတယ်။
ဖယောင်တိုင်မီးရောင်ဟာ စိတ်ရဲ့အခြေအနေ ၊ ဘဝ
ရဲ့အခြေအနေကို ထင်ဟပ်လောင်မြိုက်လို့ ။ မီးရောင်
ရှေ့မှာ ကျွန်တော့်ဆန္ဒကိုညှို့စားနေတဲ့ ဖန်ပုလင်း
ငယ်တစ်လုံး ။ ကျွန်တော့်သိလိုမှုကို စီးချင်းထိုးနေပြီ။
ချိုးဖောက်မှာလား ၊ စောင့်ထိန်းမှာလားဆိုတဲ့ ကိုယ်
ကျင့်တရားကိုလည်း စမ်းသပ်နေပြီ။ ဖယောင်းတိုင်
မီးကိုပဲ ကျွန်တော်မှုတ်ငြှိမ်းဖြစ်ခဲ့တယ်။ သက်ငယ်အ
မိုးက ယိုကျလာတဲ့ကြယ်ရောင်တွေက လှလိုက်တာ။
ကျွန်တော့်ဘဝမှာ ခုလိုအပြစ်ကင်းကင်းလှပတဲ့ ည
တွေ များများစားစားရှိမနေခဲ့ဖူးပါဘူး။ ကြယ်ရောင်
တွေက ဘုရားတင်ထားတဲ့ ခရမ်းရောင်သစ္စာပန်းခက်
တွေပေါ်အထိ စီးကျနေတယ်။ မဆီမဆိုင် သတိရပိုင်
ခွင့်ကလေးထဲ ကျွန်တော်ခုန်ချဖို့ ဘယ်လောက်သတ္တိ
မွေးခဲ့ရတယ်မှတ်လဲ။ သစ္စာကို ကျွန်တော်ပြောပြချင်
တဲ့အကြောင်းတွေဟာ ဟောဒီ သမုဒယညများထဲက
ကြယ်လဲ့ညတွေပါ။ တစ်ထောင့်တစ်ညကြာခဲ့ပြီနော်။
ကျွန်တော်ရရှိခဲ့တဲ့အရာကတော့ စွယ်တော်ရွက်က
လေးရဲ့ဖန်ပုလင်းလေးတစ်လုံးရယ် ၊ ဘယ်သူ့မှဝေ
မျှမပေးဖူးတဲ့ လွမ်းရချိန်တွေရယ် ၊ ဘယ်လိုမှမေ့မရ
တဲ့ ၆၆ လမ်းပေါ်က နေ့စဉ်ရက်ဆက် မျက်နှာကလေး
ရယ် ၊ ဒါပါပဲ။ တနေ့တော့ တခုခုတွေရှိလာဦးမှာပါ ၊
လို့ မမျှော်လင့်ရဲစွာ မျှော်လင့်ရတာပါပဲ ။ အဲဒီနောက်
မှာတော့ နေရာမှာမရှိတော့တဲ့ စွယ်တော်ပုလင်းလေး
ကို သူမနှမြောတသနေပုံမရတော့ပါဘူး။ အင်းလေ
ထားရစ်ခဲ့တာပဲ ... ။

၁၀ ။ " ထိုအရပ်၌ သင်္ချိုင်းသားရှိကြောင်း၊ ထိုမိန်းမ၏
ဧည့်သည်တို့သည် မရဏာနိုင်ငံအနက်ဆုံး၌ နေထိုင်
ကြောင်းကို ထိုယောက်ျားသည် မသိ မမှတ် "
- ( သုတ္တံ ၊ ၉ : ၁၈ )

ကျွန်တော့် သမုဒယသစ္စာက ခရေပင်အောက်မှာရပ်
နေတယ်။ ဒုက္ခသစ္စာ ကျွန်တော်ကတော့ ခပ်လှမ်း
လှမ်းကနေပဲပေါ့။ သူမ ဘာတွေတွေးနေသလဲ ... ။
ဟင်္သာပြဒါးရောင်နံရံကို လွန်မြောက်ပြီးတော့ သူမ
အကြည့်တွေထဲမှာ ဘာတွေများရှိနေသလဲ။ ဒီနေ့
တော့ ခါတိုင်းနေ့တွေလို သူမမျက်နှာလေးညှိုးလျမ
နေပါဘဲ လန်းဆန်းနေပါတယ်။ သြော် ... ကျွန်တော်
ပျော်ရပေါ့ ။ နွေဦးလေပြေညင်းက သူမနဖူးပေါ်က
ဆံနွယ်ခက်တွေကို တိုးသက်နေတယ်။ နွေဦးမှာ
အရောင် ၊ ရနံ့ ၊ အရသာ အားလုံးရှိနေတယ်။ သူမ
ကို ကျွန်တော်ငေးနေဆဲ ၊ သူမကလည်း တစုံတရာ
တွေဆီငေးနေဆဲ။ ငေးမောရာတွေမတူညီသလိုပဲ
တွေးတောရာတွေလည်း မတူညီကြပါဘူး ။ အင်း
သူမ စိတ်ထဲဝင်ကြည့်လို့ရရင် ဘယ်လောက်များ
ကောင်းမလဲလို့ပါ။ သုံးနှစ်နီးပါး ကြာခဲ့ပေမယ့် အ
ရာရာ အရင်အတိုင်းပါပဲ။ စွယ်တော်ရွက်နဲ့ ဖန်
ပုလင်းငယ်လေးကအစ သူမမျက်နှာ တည်ကြည်
ရင့်ကျက်နေပုံအဆုံး အရင်အတိုင်းပါပဲ။ အင်း ....
ကျွန်တော်သာ ပြောင်းလဲနေတာ။ အချစ်ဟာ ချစ်
သည်ထက်ချစ်လာတာနဲ့အမျှ မြတ်နိုးခြင်းအဆင့်
ကို ကူးပြောင်းလာတာ။ ကျွန်တော်မြတ်နိုးရတဲ့
ကဗျာတွေကို မြတ်နိုးသလိုမြတ်နိုးမိတာ။ ကဗျာရဲ့
သစ္စာတရားကိုမြတ်နိုးသလို သစ္စာကိုချစ်ခင်မြတ်
နိုးတာ။ မျှော်လင့်ချက်မပါ ၊ ရပိုင်ခွင့်မပါ ၊ ရမ္မက်မ
ပါတဲ့ အဖြူစင်ဆုံးကျဆုံးမှု ။ အဲဒီ ကျဆုံးမှုထဲမှာမှ
ခုလိုတဒင်္ဂတွေနဲ့ ကျေနပ်ကြည်နူးနေရတဲ့အောင်
မြင်မှုတွေကို ဘာနဲ့မှလဲယူလို့မရပါဘူး။ အဝေးက
မြို့မငြိမ်းရဲ့ သစ္စာသီချင်းသံ လွင့်ပျံ့လာတယ်။

၁၁ ။ မကြာမီ နေဝင်တော့မယ် ။ သူမ ရှိနေဆဲ ... ။
ကြည်လင်နုညံ့နေတဲ့မျက်နှာကလွဲရင် ကျောက်ရုပ်
လို မတုန်မလှုပ်ရပ်နေဆဲ။ ဒီပုံသဏ္ဍာန်က ကာလ
များစွာ ကြာခဲ့ပါပြီ။ မကြာမီ လူငယ်တစ်ယောက်
သူမနံဘေးကိုရောက်လာတယ်။ တစ်ယောက်ကို
တစ်ယောက် အကြာကြီးငေးရီနေကြတယ်။ ဘာ
တွေလဲ ... ။ တစ်ယောက်နဲ့တစ်ယောက် လက်ကို
ဆုပ်ပြီး စကားတွေပြောနေကြတယ် ။ ဘာတွေလဲ။
ကျွန်တော် တုန်လှုပ်ခြောက်ခြားနေတယ်။ ဘာလို့
လဲ။ ပြီးတော့ ... ။ ပြီးတော့ တစ်ယောက်လက်ကို
တစ်ယောက်တွဲရင်း သူတို့ထွက်ခွာသွားကြတယ်။
ဘယ်အထိလဲ။ ပြန်လာမှာလား ။ ပြန်မလာတော့
ဘူးလား။ ထိုလူငယ်ဟာ ဒီနေရာမှာသူမရှိနေရခြင်း
ရဲ့ အကြောင်းအရာလား။ စောင့်စားသူက သူမ
လား ၊ ကျွန်တော်လား ။ ဒါမှမဟုတ် ထိုလူငယ်များ
လား။ ဒါပေမယ့် ကျန်ခဲ့သူကတော့ ကျွန်တော်ပါ ။
ကြေကွဲမှုဟာ ပုဇွန်ဆီရောင်တောက်လျက်ရှိတယ်။
ရေလှိုင်းခတ်သံ ၊ သစ်ရွက်ကြွေသံ ၊ ရင်ခုန်သံ 
သို့မဟုတ် နှလုံးတုန်သံ ၊ ဘယ်ဆီဘယ်ဝယ်ကမှန်း
မသိလွင့်ပျံ့လာတဲ့ မြို့မငြိမ်းရဲ့ သစ္စာသီချင်းသံ ။

၁၂ ။
ထိုနေရာမှာ ... သမုဒယသစ္စာမရှိတော့ ၊ ကျွန်တော်
မရှိတော့ ၊ ဒုက္ခသစ္စာမရှိတော့ပေမယ့် ဘုရားစင်မှာ
ခရမ်းရောင်သစ္စာပန်းတွေရှိနေဆဲ။ နွေဦးညနေခင်း
များမှာ အတိတ်ဟာ အရိပ်သဖွယ် ရှိနေဆဲ။ ရှိနေဦး
မယ်။ ကာလတစ်ခုအထိ သို့မဟုတ် ကာလတစ်ခု
အလွန်ထိပေါ့ ။ အရင်ကလို အခုလည်းတစ်ယောက်
တည်းပေမယ့် ဘာကြောင့်များ ဝင်သက်တိုင်းဟာ
ကြေကွဲစရာကောင်းနေခဲ့ပါလိမ့် ။ တစ်ယောက်တည်း
ပေမယ့် နှစ်ယောက်လိုခံစားခဲ့ရတဲ့ နေ့တွေကို ဘာ
လို့များ ဆာလောင်မွတ်သိပ်မိပါလိမ့် ။ ကောင်းကင်
ကို နှစ်ယောက်စာငေးတယ် ။ ခိုတွေကိုလည်း နှစ်
ယောက်စာကျွေးတယ် ။ တစ်ယောက်တည်းပေမယ့်
ရုပ်တခြား ၊ နာမ်တခြား ။

မင်းခသူ
၂၁.၂.၁၇

ခရေမိုးသောက်



ညက နက်သထက်နက်လာသည်ကိုဘာမှမတတ်နိုင်
စွာ ထိုင်ကြည့်ရဦးမည်။ သန္တိတရားတို့ကလည်း ညကို
သစ္စာရှိစွာ အနက်ရောင်ခြယ်မှုန်းဆဲ ။ ရှိပါစေ ... ။ ဤ
မြေချာ၏ရှိရှိသမျှသည် သင်္ခါရအဖို့သာ ဖြစ်တည်နေရ
ခြင်းပင်လော ။ ကျွန်တော့်ဘဝတောက်လျှောက် လေး
ကြိုးစလုံး ပြတ်တောက်ခဲ့ရပြီးပြီမို့ ဘယ်သို့ ဖြေသိမ့်ရ
မည်ကို ကျွန်တော်တတ်မြောက်ခဲ့ပြီ ။ အပြင်မှာ ကြယ်
ရောင်စိုလက် ငွေနှင်းစက်တို့ရှိသလား ။ ကျွန်တော့်ရင်
မှာတော့ နွေတစ်ခုရှိရဲ့။ လဲရအောင် ဟု ပြောမိတော့
မြောက်ပြန်လေစိမ်းတွေက ကျွန်တော့်ကို တိုက်သည်။
ကျွန်တော့်အဖို့တော့ ဤသို့သူစိမ်းဆန်ခံနေရခြင်းကို
ကြည်နူးလိုက်ရသည်က ကိုစောညိန်း၏ သစ္စာဖြစ်၏ ။
တချို့အကြောင်းတွေတွေးမိစဉ် ခန်းဆီးစလေး လှုပ်
နေပုံကပင် ရင်ကိုလှုပ်ခုန်စေနိုင်သည် ။ " ရွှေရုပ်သွင် "
သည် ဤသို့ ကျွန်တော်မပိုင်ရသည့် သုညတ္တအင်အား
တွေထဲမှာ အမြဲရှိ၏ ။ ဟိုယခင်ညများက ရှောင်ပုန်းနေ
လေ့ရှိသည့် ငြူစူတော်မူတတ်တဲ့ ကောင်းကင်သူနှင်း
ဖြူဖြူများ ဒီညကျနေမည်ဟု အခန်းထဲက သိနေသည်။
တခါတလေ ကံကြမ္မာချင်းဘယ်လောက်ဝေးဝေး စိတ်
သည် ပစ္စုန်​ပ္ပန်​ကြောင့် နီးကပ်သွားသလိုမျိုးလား .... ။
အချစ်ဆိုသည်မှာ အလစ်ဝင်ရောက် တိုက်ခတ်တတ်
သည့် မြောက်ပြန်လေစိမ်းကဲ့သို့လား ... ။ ဘယ်လိုပင်
အနက်ဖွင့်ဖွင့် ရင်ပွင့်စေနိုင်အောင် စွမ်းဆောင်နိုင်လွန်း
ပါသည်။ ဘာပဲဖြစ်​ဖြစ်​ အခွင့်ရှိခဲ့မည်ဆိုပါလျင် နှုတ်ခမ်း
ထက် နှလုံးသားသည် စကားတစ်ခွန်းပိုပြောနိုင်ကြောင်း
ကို ရင်ဖွင့်ပြသလိုပါသည်။ ( အဲဒီ အသံမဲ့စကားကိုသာ
ရင်နဲ့ နားထောင်စေလိုပါသည် ) အခုတော့ ဆီးနှင်းတွေ
ထဲမှာ စိတ်ကိုစီးချင်းထိုးဖို့ လွှတ်လိုက်ပြီ။ ကျွန်တော်နှင့်
ခရေမိုးသောက်ကို ဆောင်းရာသီ ဆီးနှင်းများက စီးနင်း
ထား၏။ ငယ်စဉ်တောင်ကျေးက ခရေပွင့်ကောက်ခဲ့သူ
လူငယ်လေးအကြောင်းကို ခရေပင်ကြီးသိပါသည် .... ။
ခရေပွင့်မကောက်ရင် စိတ်ကောက်ခံရသူ လူငယ်လေး
အကြောင်းကို ခရေပွင့်များသိပါသည်။ အခုတော့ အမှန်
တကယ်ပင် ကျွန်တော့်တစ်ဘဝလုံး ကွေ့ကောက်သွား
ခဲ့ပြီဖြစ်သည်။ ထို့ကြောင့်ပင် ခရေပွင့်တွေကို ကျွန်တော်
ဘုရားတင်တတ်ခဲ့သည် ထင်၏။ ကံဆိုးခြင်းပင်လား ကံ
ကောင်းခြင်းပင်လား မသိပါချေ ၊ ခရေပင်ကြီးက အမြဲ
ကြွေသည် ။ ဒီအတွက် သင်္ခါရတရားကို ဆောင်ကျဉ်း
သည့် သန္တိကို ကျွန်တော်ကျေးဇူးတင်သည် ။ ဝဋ်ကြွေး
တွေကလည်း အိမ်မက်ကို ရွှေအိုရောင်ဆွတ်လျက်ရှိ၏။
ရှိပါစေ ... ။ ကျွန်တော့်မှာ သန်းခေါင်ထက်နက်သောည
တွေပင်ရှိဖူးသည်။ မည်သို့ပင်ဖြစ်စေ ... ခရေမိုးသောက်
ရင်တော့ ကဗျာလွတ်အကနဲ့ ကြွေကျမယ့် ပန်းပွင့်တွေ
ကို ကျွန်တော်မြင်ရဦးမည်မှာ အသေအချာ ... ။

မင်းခသူ
Dec , 9
2016 , Fri
12:00 AM

စံပယ်ရွက်ပေါ်က မိုးရည်စက်များ


အိမ်မက်ထဲကလွှင့်ထွက်လာသလို ကြားရသော
တေးသွားများက ဝေးသွားလိုက် နီးလာလိုက်ဖြစ်လို့နေ
သည် ။ တယောတစ်လက်ဆီက ဖြစ်သည် ။ ကိုယ့်ပါး
ကို ဆိတ်ကြည့်မိသော်လည်း ဝေဒနာအရ အိမ်မက်ထဲ
မှာတော့ မဟုတ် ။ ဘယ်မှာလဲ ...... ။ ကျွန်တော်သည်
ကား အတိတ်မှာလား ၊ ပစ္စုပ္ပန်မှာလား "မကြည်ပြာ" ။
အဘယ်မှာနည်း ။
" ကြယ်တွေကြေကွဲရင် ကြွေသတဲ့မောင် ၊ သူ့အလင်း
ရောင်ကို သူကြောက်လို့တဲ့ "
ကြယ်ပြာတွေကြွေရင် ကျွန်တော့်မှာ ဆုတောင်း
စကားအဆင်သင့်မရှိကြောင်းတော့ ရိုးသားစွာဝန်ခံလို
ပါသည် ။ တစ်ချိန်က သနပ်ခါးရနံ့များသည် ကျေးလက်
ပွဲခင်းထဲမှာ မိုးလင်းခံရသော တေးသီချင်းသံများကဲ့သို့
လွင့်ပါးပျောက်ပျက်သွားခဲ့ပြီ ။ (ဟုထင်စရာရှိသည်) ။
ကျွန်တော် ဘယ်မှာလဲ ။ ချစ်သော မကြည်ပြာရော ....
ဘယ်မှာလဲ ။ ပြောနိုင်တာတစ်ခုကတော့ မကြည်ပြာ
နေသောအရပ်မှာ ကျွန်တော် ရှိနေပါလိမ့်မည် ။ ( ဟု
ယုံကြည်သည် ) ။
" ကျွန်မလေ အချစ်ဆိုတာ ဘာလဲလို့ သိချင်မိခဲ့ဖူး
တယ် ။ အချစ်ကို ဘုရားသခင်ဖန်ဆင်းခဲ့တာလား ၊
ဒါမှမဟုတ်​ လူတွေက ဖန်ဆင်းခဲ့တာလားဆိုတာ "
ဒီအကြောင်းတွေပြောပြဖို့တော့ ကံကြမ္မာအခွင့်
ပေးရင် ဆုံချင်ပါသေးတယ် မကြည်ပြာ ။ ၂၀၁၅ နှစ်များ
ရဲ့ မန္တလေးညများထဲကလို မတော်တဆ ပခုံးချင်းတိုက်
မိကြချင်ပါသေးတယ်ဆိုရင် ကျွန်တော်လွန်မယ်မထင်
ဘူး ။ မေးခွန်းတိုင်းမှာ အဖြေရှိစမြဲပါ မကြည်ပြာရယ် ။
အချစ်ကို ချစ်သူတို့ ဖန်ဆင်းခဲ့ကြတယ် ။ အချစ်မှာ ချစ်
ကိုချစ်ရမယ့် အကြောင်းတရားတွေရှိတယ် ။ အချစ်မှာ
မချစ်လို့မရတဲ့ ရေစက်တွေရှိတယ် မကြည်ပြာ ။ ဪ
.... မကြည်ပြာကိုချစ်ဖို့ မကြည်ပြာဟာ ကျွန်တော့်ကို
ဖန်ဆင်းခဲ့တာပါ ။ ဒါပေမယ့် မကြည်ပြာရယ်...။ အချစ်
မှာ ခလုတ်ထိ ဆူးငြိချိန်တွေလည်း ရှိတတ်မှာပေါ့ ။ ရှိ
ကို ရှိတတ်တာပေါ့ ။ ကျွန်တော်ကတော့ အဲဒါတွေကို
ခေါင်းခါမေ့လျော့ခဲ့ဖူးတယ် ။ ဆုပ်ရင် စူး ၊ စားရင် ရူး
မယ်ဆိုတာ သိလျက်နဲ့ ကိုယ်ကိုယ်ကိုယ် ခေါင်းခါ ငြင်း
ဆန် ၊ အာခံခဲ့ဖူးတယ် ။
" ကျွန်မတို့မိန်းမသားတွေဆိုတာ နှင်းဆီပွင့်တွေလိုပဲ ။
ဆူးတွေဘယ်လောက်ရံရံ တစ်နေ့မြေမှာစံရတာပါပဲ ။
အလှတရားမရှိ ၊ ရနံ့မရှိနဲု့ "
နှင်းဆီပွင့်ခြောက်မှန်သမျှကို ရင်ထဲခေါက်သိမ်း
တတ်ခဲ့ပါပြီ မကြည်ပြာ ။ ချစ်မှုနဲု့ထုံမွှမ်းသမျှ ၊ ရင်မှာ
မွှေးမြပါပေတယ် ။ ကျွန်တော်ပြောခဲ့ပါကော ၊ အချစ်မှာ
မချစ်လို့မရတဲ့ ရေစက်တွေရှိတယ်ဆိုတာ နှင်းဆီပွင့်
ခြောက်ကလေးတွေပေါ်မှာလည်း သက်ရောက်ပါတယ်
မကြည်ပြာရယ် ။ ကျွန်တော်က အသည်းမှာ ပင့်ကူရှပ်
ခံထားရတဲ့ကောင်ပါ ။ ကိုယ့်လောင်စာနဲု့ကိုယ် ဆိုပေ
မယ့် ၊ ကိုယ့်အလင်းဟာ ကိုယ့်အတွက် မဖြစ်ခဲ့ပါဘူး ။
ယုံပါ ... ။ အချစ်ကို ကိုးကွယ်လေးမြတ်ခဲ့တဲ့ကောင်က
ခုဆို မကြည်ပြာပျော်ပါစေကြောင်း ပန်း ရေချမ်း ဆီမီး
တွေ ဆည်းကပ်လို့ ၊ လှူဒါန်းလို့ ၊ ကိုယ့်​ကိုယ်​ကို အမျှ
အတန်းပေးဝေလို့ပါပဲ ။ ဘုရားသခင်ဟာ မကြည်ပြာ
နာမည်ကို အလွတ်ရတယ် ။ (ဆိုတာ ယုံကိုယုံရမယ်)
" ထိုအရပ်၌ သင်္ချိုင်းသားရှိကြောင်း၊ ထိုမိန်းမ၏
ဧည့်သည်တို့သည် မရဏနိုင်ငံအနက်ဆုံး၌နေကြောင်း
ကို ယောက်ျားသည် မသိမမှတ်။ "
(သုတ္တံကျမ်း ၊ ၉:၁၈)
မန္တလေးညရဲ့ ဝါးရွက်တွေက ဓားစက်တွေလိုပင်
ကျွန်တော့်ရင်သို့ ကြွေသည် ။ ကျုံးရေနံ့ကို သယ်လာ
သော လေစိမ်းတွေကလည်း ကျွန်တော့်ကို တိုက်ခတ်
၏ ။ ဤမြေချာမှာ မကြည်ပြာလက်ဖဝါးမပါဘဲ လျှောက်
ရဲတာ ကျွန်တော့်ကိုယ်ကျွန်တော် အံ့သြပါသည် ။ ရှိပါ
စေ ... ။ ကျွန်တော့်မှာ သန်းခေါင်ထက်နက်သော ည
တွေပင် ရှိခဲ့ဖူးပါသည် ။ မကြည်ပြာမပါဝင်သော ၊ ဝေး
သော ၊ ကင်းပသော မန္တလေးတောင်ခြေသည် မဲဇာ
တောင်ခြေဖြစ်သည် ။ ထနှောင်းပင်များသာ စိုယိမ်းနေ
ကြပါစေ ။ ငရဲညမှာ ကျွန်တော် ကဗျာမရွတ်ဖြစ်ခဲ့ပါ ...။
" သို့သော်လည်း၊ သင်သည် ရှေးဦးစွာသော ချစ်ခြင်း
မေတ္တာလျော့ပြီဟု သင့်၌ အပြစ်တင်စရာရှိ၏။ "
(ဗျာဒိတ်ကျမ်း ၊ ၂:၄)
ကျွန်တော့်မှာ လက်ညှိုးထိုးစရာ ကံကြမ္မာမရှိပါ
မကြည်ပြာ ။ Christina Rossetti ရဲ့ ချစ်သူအတွက်
နောက်ဆုံးမှာတမ်းတွေ ၊ မျက်လုံးကန်းနေသူက ကမ္ဘာ
ပျက်ကိန်းကြိုဟောခဲ့တာတွေ ၊ Space X ပျက်စီးသွား
တာတွေ ၊ ကောသလမင်းအိမ်မက် ဆယ့်ခြောက်ချက်
ချုပ်ခံလိုက်ရတာတွေ ၊ ကဗျာဖောင်းပွမှုနဲ့ ကဗျာဆရာ
ဦးရေပေါက်ကွဲမှုတွေ ၊ ဘုရားသခင်ဟာ ပိုကီမွန်ဖမ်းနေ
ပြီဆိုတဲ့ သတင်းတွေ ၊ မကြည်ပြာ ကျွန်တော့်ကိုထား
ရစ်ခဲ့တာတွေ ... ၊ ကျွန်တော့်မှာ လက်ညှိုးထိုးစရာ မရှိ
ပါဘူး ။ မိုးမချုပ်သလို ၊ မိုးလည်းအုံ့မနေဘူး ။ ဒီလိုမျိုး
ကစဥ့်ကလျား ဆည်းဆာဟင်းလင်းပြင်ထဲ ကျွန်တော်
မကြည်ပြာကို လွမ်းတယ် ။ ကျွန်တော် ပိုင်စိုးဝေ ရဲ့
အစိမ်းရောင်မြစ်သို့တမ်းချင်း ကဗျာကို ရွတ်မိတယ်ထင်
တာပဲ ။
" ကဗျာရေးသောယောက်ျားမှန်သမျှ ကျွန်မအတွက်
သူရဲကောင်းပါပဲ ။ ကိုယ့်ဝေဒနာကို ရယ်ဖွဲ့ရင်း လော
ကဓံနဲ့ စီးချင်းထိုးနေရတဲ့ သူရဲကောင်းတွေမို့ မောင် ၊
ကျွန်မ သိပ်ကိုလေးမြတ်ကြည်ညိုမိပါတယ် "
ကျေးဇူးတင်​ပါတယ်​ " ကြယ် " ကို ကယ်သော
"လမင်း" ရယ် ။ လသာညရဲ့ တဒင်္ဂမှာတော့ ကိုယ်ဟာ
ဧည့်သည်ပါ ။ ဘဝမှာကြုံရဲ့အမောတွေ ၊ ဇောတွေ ၊
တောတွေ ၊ တောင်တွေဟာ ခြေဖဝါးအောက်မှာ ပြားဝပ်
ရိုသေခဲ့ကြဖူးပါတယ် ။ မကြည်ပြာ မြှူချော့သံဟာ ဒီ
စစ်မြင်းရိုင်းကို လှိုင်းထန်စေခဲ့ဖူးတယ်။ လွမ်းသစိတ်မှာ
ခွာအလိပ်လိပ်ဖြစ်ခဲ့ရရုံ ၊ ချစ်သူဘယ်မှာရှိမှန်းမသိရတဲ့
အရပ်ရှစ်မျက်နှာများဟာ လောကဓံရှစ်ပါးဖြစ်ခဲ့ရရုံ ၊
မကြည်ပြာ မျက်တောင်အခတ်မှာ စောင်းကြိုးပြတ်လွှင့်
သွားခဲ့ရုံ လောက်ပါပဲ ။ ကျွန်တော် မကြေကွဲချင်ဘူး
မကြည်ပြာ ။ ကျွန်တော် ကိုယ့်အလင်းကိုယ်ရှက်ပြီး
မကြွေချင်သေးဘူး ။ သောကစိတ်ရိုင်းကို ချွန်းအုပ်ဖို့
ကျွန်တော် ကဗျာဆရာလုပ်ရဦးမယ် ။(လို့ထင်တယ်)။
" ကောင်းကင်၌ ကြီးစွာသော နိမိတ်လက္ခဏာ ဟူမူကား
၊ မိန်းမတဦးသည် နေကိုဝတ်လျက်၊ လကို ခြေဖြင့်နင်း
လျက်၊ မိမိခေါင်းပေါ်၌ ကြယ်ဆယ့်နှစ်လုံးဖြင့်ပြီးသော
သရဖူကို ဆောင်းလျက်ပေါ်လာ၏။ "
(ဗျာဒိတ်ကျမ်း ၊ ၁၂:၁)
စိတ်မှလွဲ၍ အရာအားလုံးတိတ်ဆိတ်နေကျဖြစ်
သည်။ ခါတိုင်းလို မိုးရေပေါက်တို့၏ ဖြိုးဖြိုးဖျောက်
ဖျောက်သံမရှိ ၊ ဖားသူငယ်တို့၏ ပရိဒေဝတေးသွားသံ
မရှိ ၊ ယုတ်စွအဆုံး လေညင်း၏ ကျုံးဝါးသံပင်မရှိသော
မိုးနေ့တစ်နေ့မှာ ကျွန်တော် မှုန်ဝေအုံ့ပျနေသည် ။ ရင်
ထဲက သင်္ခါရကင်းသော မကြည်ပြာကို သတိရနေမည်။
ကိုယ့်စိတ်ကို ဆွဲဆုတ်ရင်း ကဗျာတစ်ပုဒ်ကိုရှာဖွေမည်။
မခံရပ်နိုင်သည့်အဆုံးမှာတော့ ကောင်းကင်လို ကိုယ့်
ဝေဒနာကို ထစ်​ချုန်းမည်။ ကျွန်တော့် သက်ပြင်းငွေ့ငွေ့
သည် လောကကိုဝဋ်ကြွေးဆပ်နေသော တယောသံ
ဖြစ်ပါသည် မကြည်ပြာ ။ ဘာပဲပြောပြော ကိုယ့်လိပ်ပြာ
ကိုယ် လုံအောင်ခြုံဖို့ စံပယ်တစ်ရုံနှစ်ရုံတော့ ရနိုင်မည်
ဆိုလျင် ရချင်ပါသေးသည် ။
" သူခိုင်းလျင်ပျော် ၊ သူကခေါ်ရင် ၊ ကြယ်စင်တစ်ခင်း ၊
ငွေလမင်းနဲ့ ၊ ဆောင်ကြဉ်းလို့သာ ၊ အရောက်လာမယ်"
(Harry Lwin)
တောင်စွယ်မှာ ၊ နေမကွယ်သေး ။ ရုတ်ချည်းပျံ
တက်သွားတဲ့ အိပ်တန်းငှက်ကလေးတွေရှိသည် ။ ရှိနေ
သေးသည် ။ ကျွန်တော့်ကို အနက်ဖွင့်ဆိုမရတဲ့မျက်ဝန်း
တွေနဲ့ ကြည့်စရာမလိုပါ ။ နှောင်းတစ်နေ့မှာ လှပလေ့ရှိ
တဲ့ သင်တို့ခရီးစဉ်များအကြောင်းတော့ ကျွန်တော့်ကို
ပြောပြဖို့လိုသည် ။ ကျွန်တော့်မှာ မရှိတဲ့အရာတွေကို
မကြည်ပြာကို ပြန်လည်ပြောပြရန်ဖြစ်သည် ။ မည်သို့ပင်
ဆိုစေကာမူ ယုံကြည်ချက်အတွက် ၊ သံယောဇဉ်နှင့်ပင်
တစ်ဘဝစာ လက်ပြန်ကြိုးတုပ်ခံခဲ့ပြီးဖြစ်သည် ။ မိုးရွာ
တော့မည် ။ စိမ်းလဲ့သော စံပယ်ရွက်မို့ ကျွန်တော်ကား
ပါးအပ်ခွင့်မရှိ ။ မရှိ ..... ။
မင်းခသူ
September. 14. 2016

နုနု နယ်နယ် နှင်းနုနှယ်

နှင်းတွေ … ။ ပိန်းပိတ်မှောင်မိုက်နေတဲ့ ကြယ်ကြွေည ။ သူ့ကိုသတိရပြီး ကဗျာရေးမယ် ။ မြောက်ပြန်လေညင်းတို့ကလည်း ဆင်မယဉ်သာ သုန်လို့ ။ ခပ်ဝေးဝေးက ခရေရနံ့ တွေကလည်း ထုံ လို့ ။ ဓာတ်တိုင်တစ်ခုရဲ့ နီယွန်မီးရောင်အောက်မှာ နှင်းနုကို အရိုးကွဲ အောင် ကျွန်တော် လွမ်းနေတယ် ။ ကျွန်တော့်ဘဝရဲ့ စာမျက်နှာမှာ အချစ် လို့စရေး လိုက်ကတည်းက နှင်းနုကို စချစ်မိတာလား ။ နှင်းနု ကို စတွေ့ကတည်းက ကျွန်တော် ချစ်တာလား ။ ကျွန်တော်မသိပါ ။ မစဉ်းစားချင်ပါ ။ သေချာတာကတော့ နှင်းနုကိုချစ် သည် ။ 

▶ ▶ ဒုတိယမျက်ဝန်း ◀ ◀

ကျွန်တော်က တခြား ကဗျာဆရာတွေလို လိပ်ပြာလေး တွေ ၊ စမ်းချောင်းလေးတွေ ၊ နွေဦးသစ်ရွက်လေးတွေ ၊ ကြယ်စင်လေးတွေ ၊ လဝန်းလေးတွေအကြောင်း ကဗျာ စပ် ချင်သူမဟုတ်ခဲ့ ။ မမသီရိရဲ့ မျက်ဝန်းလေး တွေအ ကြောင်း အလင်္ကာ လေးနဲ့ဖွဲ့ပြ ၊ ကာရန် လေးနဲ့ နွဲ့ပြ ချင်တာ ။ မမသီရိရဲ့ မျက်ဝန်းမြစ်မှာ တစ်ထောင့် တစ်ည ပဲ မျောရ မျောရ ၊ ဘယ်တော့မှ ကမ်းမတင်ချင်လဲရတယ် လို့ ကျူးရင့်ခဲ့သူက အရူးရင့်နေတဲ့ ကျွန်တော် လေ ။

နံနက်ခင်း ပြတင်း တံခါးပေါက်တွေက တိုးဝင်လာတဲ့ လေညင်းတွေထဲမှာ မမသီရိရဲ့ ကိုယ်သင်းနံ့တစ်ချို့ ရ တယ် ။ ကျွန်တော့်နံနက်ခင်းမှာ ငှက်ကလေးတွေ တေး မဆို ချင်နေပါ ။ မမသီရိကတော့ ဆုတောင်းမေတ္တာ ပို့ သံနဲ့ ကြိုလိုက်ပါ ။