အိမ်မက်ထဲကလွှင့်ထွက်လာသလို ကြားရသော
တေးသွားများက ဝေးသွားလိုက် နီးလာလိုက်ဖြစ်လို့နေ
သည် ။ တယောတစ်လက်ဆီက ဖြစ်သည် ။ ကိုယ့်ပါး
ကို ဆိတ်ကြည့်မိသော်လည်း ဝေဒနာအရ အိမ်မက်ထဲ
မှာတော့ မဟုတ် ။ ဘယ်မှာလဲ ...... ။ ကျွန်တော်သည်
ကား အတိတ်မှာလား ၊ ပစ္စုပ္ပန်မှာလား "မကြည်ပြာ" ။
အဘယ်မှာနည်း ။

" ကြယ်တွေကြေကွဲရင် ကြွေသတဲ့မောင် ၊ သူ့အလင်း
ရောင်ကို သူကြောက်လို့တဲ့ "
ရောင်ကို သူကြောက်လို့တဲ့ "
ကြယ်ပြာတွေကြွေရင် ကျွန်တော့်မှာ ဆုတောင်း
စကားအဆင်သင့်မရှိကြောင်းတော့ ရိုးသားစွာဝန်ခံလို
ပါသည် ။ တစ်ချိန်က သနပ်ခါးရနံ့များသည် ကျေးလက်
ပွဲခင်းထဲမှာ မိုးလင်းခံရသော တေးသီချင်းသံများကဲ့သို့
လွင့်ပါးပျောက်ပျက်သွားခဲ့ပြီ ။ (ဟုထင်စရာရှိသည်) ။
ကျွန်တော် ဘယ်မှာလဲ ။ ချစ်သော မကြည်ပြာရော ....
ဘယ်မှာလဲ ။ ပြောနိုင်တာတစ်ခုကတော့ မကြည်ပြာ
နေသောအရပ်မှာ ကျွန်တော် ရှိနေပါလိမ့်မည် ။ ( ဟု
ယုံကြည်သည် ) ။

" ကျွန်မလေ အချစ်ဆိုတာ ဘာလဲလို့ သိချင်မိခဲ့ဖူး
တယ် ။ အချစ်ကို ဘုရားသခင်ဖန်ဆင်းခဲ့တာလား ၊
ဒါမှမဟုတ် လူတွေက ဖန်ဆင်းခဲ့တာလားဆိုတာ "

ဒီအကြောင်းတွေပြောပြဖို့တော့ ကံကြမ္မာအခွင့်
ပေးရင် ဆုံချင်ပါသေးတယ် မကြည်ပြာ ။ ၂၀၁၅ နှစ်များ
ရဲ့ မန္တလေးညများထဲကလို မတော်တဆ ပခုံးချင်းတိုက်
မိကြချင်ပါသေးတယ်ဆိုရင် ကျွန်တော်လွန်မယ်မထင်
ဘူး ။ မေးခွန်းတိုင်းမှာ အဖြေရှိစမြဲပါ မကြည်ပြာရယ် ။
အချစ်ကို ချစ်သူတို့ ဖန်ဆင်းခဲ့ကြတယ် ။ အချစ်မှာ ချစ်
ကိုချစ်ရမယ့် အကြောင်းတရားတွေရှိတယ် ။ အချစ်မှာ
မချစ်လို့မရတဲ့ ရေစက်တွေရှိတယ် မကြည်ပြာ ။ ဪ
.... မကြည်ပြာကိုချစ်ဖို့ မကြည်ပြာဟာ ကျွန်တော့်ကို
ဖန်ဆင်းခဲ့တာပါ ။ ဒါပေမယ့် မကြည်ပြာရယ်...။ အချစ်
မှာ ခလုတ်ထိ ဆူးငြိချိန်တွေလည်း ရှိတတ်မှာပေါ့ ။ ရှိ
ကို ရှိတတ်တာပေါ့ ။ ကျွန်တော်ကတော့ အဲဒါတွေကို
ခေါင်းခါမေ့လျော့ခဲ့ဖူးတယ် ။ ဆုပ်ရင် စူး ၊ စားရင် ရူး
မယ်ဆိုတာ သိလျက်နဲ့ ကိုယ်ကိုယ်ကိုယ် ခေါင်းခါ ငြင်း
ဆန် ၊ အာခံခဲ့ဖူးတယ် ။

" ကျွန်မတို့မိန်းမသားတွေဆိုတာ နှင်းဆီပွင့်တွေလိုပဲ ။
ဆူးတွေဘယ်လောက်ရံရံ တစ်နေ့မြေမှာစံရတာပါပဲ ။
အလှတရားမရှိ ၊ ရနံ့မရှိနဲု့ "

နှင်းဆီပွင့်ခြောက်မှန်သမျှကို ရင်ထဲခေါက်သိမ်း
တတ်ခဲ့ပါပြီ မကြည်ပြာ ။ ချစ်မှုနဲု့ထုံမွှမ်းသမျှ ၊ ရင်မှာ
မွှေးမြပါပေတယ် ။ ကျွန်တော်ပြောခဲ့ပါကော ၊ အချစ်မှာ
မချစ်လို့မရတဲ့ ရေစက်တွေရှိတယ်ဆိုတာ နှင်းဆီပွင့်
ခြောက်ကလေးတွေပေါ်မှာလည်း သက်ရောက်ပါတယ်
မကြည်ပြာရယ် ။ ကျွန်တော်က အသည်းမှာ ပင့်ကူရှပ်
ခံထားရတဲ့ကောင်ပါ ။ ကိုယ့်လောင်စာနဲု့ကိုယ် ဆိုပေ
မယ့် ၊ ကိုယ့်အလင်းဟာ ကိုယ့်အတွက် မဖြစ်ခဲ့ပါဘူး ။
ယုံပါ ... ။ အချစ်ကို ကိုးကွယ်လေးမြတ်ခဲ့တဲ့ကောင်က
ခုဆို မကြည်ပြာပျော်ပါစေကြောင်း ပန်း ရေချမ်း ဆီမီး
တွေ ဆည်းကပ်လို့ ၊ လှူဒါန်းလို့ ၊ ကိုယ့်ကိုယ်ကို အမျှ
အတန်းပေးဝေလို့ပါပဲ ။ ဘုရားသခင်ဟာ မကြည်ပြာ
နာမည်ကို အလွတ်ရတယ် ။ (ဆိုတာ ယုံကိုယုံရမယ်)

" ထိုအရပ်၌ သင်္ချိုင်းသားရှိကြောင်း၊ ထိုမိန်းမ၏
ဧည့်သည်တို့သည် မရဏနိုင်ငံအနက်ဆုံး၌နေကြောင်း
ကို ယောက်ျားသည် မသိမမှတ်။ "
(သုတ္တံကျမ်း ၊ ၉:၁၈)

မန္တလေးညရဲ့ ဝါးရွက်တွေက ဓားစက်တွေလိုပင်
ကျွန်တော့်ရင်သို့ ကြွေသည် ။ ကျုံးရေနံ့ကို သယ်လာ
သော လေစိမ်းတွေကလည်း ကျွန်တော့်ကို တိုက်ခတ်
၏ ။ ဤမြေချာမှာ မကြည်ပြာလက်ဖဝါးမပါဘဲ လျှောက်
ရဲတာ ကျွန်တော့်ကိုယ်ကျွန်တော် အံ့သြပါသည် ။ ရှိပါ
စေ ... ။ ကျွန်တော့်မှာ သန်းခေါင်ထက်နက်သော ည
တွေပင် ရှိခဲ့ဖူးပါသည် ။ မကြည်ပြာမပါဝင်သော ၊ ဝေး
သော ၊ ကင်းပသော မန္တလေးတောင်ခြေသည် မဲဇာ
တောင်ခြေဖြစ်သည် ။ ထနှောင်းပင်များသာ စိုယိမ်းနေ
ကြပါစေ ။ ငရဲညမှာ ကျွန်တော် ကဗျာမရွတ်ဖြစ်ခဲ့ပါ ...။

" သို့သော်လည်း၊ သင်သည် ရှေးဦးစွာသော ချစ်ခြင်း
မေတ္တာလျော့ပြီဟု သင့်၌ အပြစ်တင်စရာရှိ၏။ "
(ဗျာဒိတ်ကျမ်း ၊ ၂:၄)

ကျွန်တော့်မှာ လက်ညှိုးထိုးစရာ ကံကြမ္မာမရှိပါ
မကြည်ပြာ ။ Christina Rossetti ရဲ့ ချစ်သူအတွက်
နောက်ဆုံးမှာတမ်းတွေ ၊ မျက်လုံးကန်းနေသူက ကမ္ဘာ
ပျက်ကိန်းကြိုဟောခဲ့တာတွေ ၊ Space X ပျက်စီးသွား
တာတွေ ၊ ကောသလမင်းအိမ်မက် ဆယ့်ခြောက်ချက်
ချုပ်ခံလိုက်ရတာတွေ ၊ ကဗျာဖောင်းပွမှုနဲ့ ကဗျာဆရာ
ဦးရေပေါက်ကွဲမှုတွေ ၊ ဘုရားသခင်ဟာ ပိုကီမွန်ဖမ်းနေ
ပြီဆိုတဲ့ သတင်းတွေ ၊ မကြည်ပြာ ကျွန်တော့်ကိုထား
ရစ်ခဲ့တာတွေ ... ၊ ကျွန်တော့်မှာ လက်ညှိုးထိုးစရာ မရှိ
ပါဘူး ။ မိုးမချုပ်သလို ၊ မိုးလည်းအုံ့မနေဘူး ။ ဒီလိုမျိုး
ကစဥ့်ကလျား ဆည်းဆာဟင်းလင်းပြင်ထဲ ကျွန်တော်
မကြည်ပြာကို လွမ်းတယ် ။ ကျွန်တော် ပိုင်စိုးဝေ ရဲ့
အစိမ်းရောင်မြစ်သို့တမ်းချင်း ကဗျာကို ရွတ်မိတယ်ထင်
တာပဲ ။

" ကဗျာရေးသောယောက်ျားမှန်သမျှ ကျွန်မအတွက်
သူရဲကောင်းပါပဲ ။ ကိုယ့်ဝေဒနာကို ရယ်ဖွဲ့ရင်း လော
ကဓံနဲ့ စီးချင်းထိုးနေရတဲ့ သူရဲကောင်းတွေမို့ မောင် ၊
ကျွန်မ သိပ်ကိုလေးမြတ်ကြည်ညိုမိပါတယ် "

ကျေးဇူးတင်ပါတယ် " ကြယ် " ကို ကယ်သော
"လမင်း" ရယ် ။ လသာညရဲ့ တဒင်္ဂမှာတော့ ကိုယ်ဟာ
ဧည့်သည်ပါ ။ ဘဝမှာကြုံရဲ့အမောတွေ ၊ ဇောတွေ ၊
တောတွေ ၊ တောင်တွေဟာ ခြေဖဝါးအောက်မှာ ပြားဝပ်
ရိုသေခဲ့ကြဖူးပါတယ် ။ မကြည်ပြာ မြှူချော့သံဟာ ဒီ
စစ်မြင်းရိုင်းကို လှိုင်းထန်စေခဲ့ဖူးတယ်။ လွမ်းသစိတ်မှာ
ခွာအလိပ်လိပ်ဖြစ်ခဲ့ရရုံ ၊ ချစ်သူဘယ်မှာရှိမှန်းမသိရတဲ့
အရပ်ရှစ်မျက်နှာများဟာ လောကဓံရှစ်ပါးဖြစ်ခဲ့ရရုံ ၊
မကြည်ပြာ မျက်တောင်အခတ်မှာ စောင်းကြိုးပြတ်လွှင့်
သွားခဲ့ရုံ လောက်ပါပဲ ။ ကျွန်တော် မကြေကွဲချင်ဘူး
မကြည်ပြာ ။ ကျွန်တော် ကိုယ့်အလင်းကိုယ်ရှက်ပြီး
မကြွေချင်သေးဘူး ။ သောကစိတ်ရိုင်းကို ချွန်းအုပ်ဖို့
ကျွန်တော် ကဗျာဆရာလုပ်ရဦးမယ် ။(လို့ထင်တယ်)။

" ကောင်းကင်၌ ကြီးစွာသော နိမိတ်လက္ခဏာ ဟူမူကား
၊ မိန်းမတဦးသည် နေကိုဝတ်လျက်၊ လကို ခြေဖြင့်နင်း
လျက်၊ မိမိခေါင်းပေါ်၌ ကြယ်ဆယ့်နှစ်လုံးဖြင့်ပြီးသော
သရဖူကို ဆောင်းလျက်ပေါ်လာ၏။ "
(ဗျာဒိတ်ကျမ်း ၊ ၁၂:၁)

စိတ်မှလွဲ၍ အရာအားလုံးတိတ်ဆိတ်နေကျဖြစ်
သည်။ ခါတိုင်းလို မိုးရေပေါက်တို့၏ ဖြိုးဖြိုးဖျောက်
ဖျောက်သံမရှိ ၊ ဖားသူငယ်တို့၏ ပရိဒေဝတေးသွားသံ
မရှိ ၊ ယုတ်စွအဆုံး လေညင်း၏ ကျုံးဝါးသံပင်မရှိသော
မိုးနေ့တစ်နေ့မှာ ကျွန်တော် မှုန်ဝေအုံ့ပျနေသည် ။ ရင်
ထဲက သင်္ခါရကင်းသော မကြည်ပြာကို သတိရနေမည်။
ကိုယ့်စိတ်ကို ဆွဲဆုတ်ရင်း ကဗျာတစ်ပုဒ်ကိုရှာဖွေမည်။
မခံရပ်နိုင်သည့်အဆုံးမှာတော့ ကောင်းကင်လို ကိုယ့်
ဝေဒနာကို ထစ်ချုန်းမည်။ ကျွန်တော့် သက်ပြင်းငွေ့ငွေ့
သည် လောကကိုဝဋ်ကြွေးဆပ်နေသော တယောသံ
ဖြစ်ပါသည် မကြည်ပြာ ။ ဘာပဲပြောပြော ကိုယ့်လိပ်ပြာ
ကိုယ် လုံအောင်ခြုံဖို့ စံပယ်တစ်ရုံနှစ်ရုံတော့ ရနိုင်မည်
ဆိုလျင် ရချင်ပါသေးသည် ။

" သူခိုင်းလျင်ပျော် ၊ သူကခေါ်ရင် ၊ ကြယ်စင်တစ်ခင်း ၊
ငွေလမင်းနဲ့ ၊ ဆောင်ကြဉ်းလို့သာ ၊ အရောက်လာမယ်"
(Harry Lwin)

တောင်စွယ်မှာ ၊ နေမကွယ်သေး ။ ရုတ်ချည်းပျံ
တက်သွားတဲ့ အိပ်တန်းငှက်ကလေးတွေရှိသည် ။ ရှိနေ
သေးသည် ။ ကျွန်တော့်ကို အနက်ဖွင့်ဆိုမရတဲ့မျက်ဝန်း
တွေနဲ့ ကြည့်စရာမလိုပါ ။ နှောင်းတစ်နေ့မှာ လှပလေ့ရှိ
တဲ့ သင်တို့ခရီးစဉ်များအကြောင်းတော့ ကျွန်တော့်ကို
ပြောပြဖို့လိုသည် ။ ကျွန်တော့်မှာ မရှိတဲ့အရာတွေကို
မကြည်ပြာကို ပြန်လည်ပြောပြရန်ဖြစ်သည် ။ မည်သို့ပင်
ဆိုစေကာမူ ယုံကြည်ချက်အတွက် ၊ သံယောဇဉ်နှင့်ပင်
တစ်ဘဝစာ လက်ပြန်ကြိုးတုပ်ခံခဲ့ပြီးဖြစ်သည် ။ မိုးရွာ
တော့မည် ။ စိမ်းလဲ့သော စံပယ်ရွက်မို့ ကျွန်တော်ကား
ပါးအပ်ခွင့်မရှိ ။ မရှိ ..... ။

မင်းခသူ
September. 14. 2016