ဝဿန်ရာသီ - ချီ ကိုယ်တွင်းပြည့်ပိုဒ်စုံရတု




ဝဿန်ရာသီ ၊ ဖန်ဖန်လီပြောင်း ၊
စီရီနှောင်းလာ ၊ ချစ်သူမှာတမ်း ၊
ရွယ်ကာမှန်းမျှော် ၊ အိမ်မက်ခေါ်သံ ၊
တူပျော်ရန်ဆင့် ၊ မျက်လွှာဝင့်ချီ ၊
ခင့်နားမှီတွယ် ၊ တမ်းရွယ်မှေးစက် ၊
လွမ်းတေးမြွက်သည် ၊
အိပ်ပျက်ည မျိုးမှာတကား။ ။

အသံသာသည် ၊ မှန်မှန် ညီငြောင်း ၊
သီရီစောင်း မှာ ၊ လှစ်ပူဗျာနွမ်း ၊
မယ် လာလမ်းပေါ် ၊ တိမ်ထက်ပျော်ရန် ၊ 
သူခေါ်သံလွင့် ၊ ရက်ကြာလင့်တည် ၊
ဆင့်ပွားရည်ရွယ် ၊ ပန်းနွယ်မွှေးသက် ၊
နမ်းရေးခက်သည် ၊
မှိတ်စက်က နိုးလာတကား။ ။

တစ်ရံခါဆီ ၊ ပြန်လှန် ရည်ကောင်း ၊
လီလီ တောင်းကာ ၊ စစ်ကူလာမြန်း ၊
ဘယ်ခါ လှမ်းခေါ် ၊ ထိန်ဝှက် မျှော်ပြန် ၊
မြှူတော်သံဖွင့် ၊ သက်လျာ ခင့်ဆီ ၊
ပွင့်များ စီခြယ် ၊ လွမ်းဖွယ် တေးဆက် ၊
ပန်းမွှေးသက်သည် ၊
ဆိပ်တက် မြမိုးရွာတကား ။ ။

မင်းခသူ
Jul 24, 2014 က ဒီ ကိုယ်တွင်းပြည့်ရတုကို နှစ်ပိုဒ်
(အဖြည့်ခံရတု) အနေနဲ့ရေးခဲ့ကာ အခုပြန်ရှာတွေ့လို့
ကိုယ်တွင်းပြည့်ပိုဒ်စုံရတု ဖြစ်အောင် တစ်ပိုဒ်ဖြည့်ပြီး
ရေးဖွဲ့လိုက်ပါတယ် ။