မန္တလေးကဗျာစု


မန္တလေးကဗျာ ( ၁)
မန္တလေးတောင်ကြီးက
မန်းတက်နေတဲ့ မန္တလေးနေ့တွေကို
နေ့စဉ်နဲ့အမျှ ငုံ့ငုံ့ကြည့် ။

ကျုံးကိုခါးပတ်ပတ်ထားတဲ့ နန်းတော်ကြီးက
မန္တလေးတောင်ကြီးကို
မျက်ရည်စတွေနဲ့ မော့မော့ကြည့် ။

ဘာသာစကားစစ်စစ်တွေ
တေးသီချင်းစစ်စစ်တွေ
လဖက်ရည်စစ်တွေ ရှားပါးလာတဲ့ မန္တလာ
ထာဝရဘုရားသခင်စောင့်ရှောက်တော်မူပါ
........ အာမင် ။

မန္တလေးကဗျာ ( ၂)
တောင်သမန်ဆည်းဆာတစ်ခုဆီက
လိမ္မော်သီးတစ်လုံးကို ငါ ရတယ်....။

စိန်ပန်းတွေအန်ချထားတဲ့ လမ်းပေါ်
မန္တလေးတောင်တော်ဘက်ကိုလက်အုပ်ချီရင်း
ဝါးရွက်စိမ်းနံ့သင်းတဲ့ မြနန္ဒာအစစ်ကိုတွေ့တယ်။

ငုဝါပွင့်တယ်
ပိတောက်ပွင့်တယ်
ခရေတွေလည်း ပွင့်တယ် ။

ဒီမြို့မှာ ...
ကဗျာဆရာတွေ ပွင့်တယ် ။

မန္တလေးကဗျာ ( ၃ )
ခရေနံ့တွေ ပြေးပုန်းခဲ့ရာမြို့ ။
အဝေးဆုံးကကြည့်ရင်တောင်
အနီးဆုံးကိုရောက်ရောက်လာတဲ့မြို့ ။

အဲဒီမြို့ဟာ 
ယဉ်ကျေးမှုပေါင်းစုံ ခံတွင်းထဲငုံလို့
နန်းတော်ကြီးကို ရင်ဘတ်ပေါ်တင်လို့
သွေးကြောတိုင်းမှာ ကျုံးရေတွေစီးလို့ 
ဧရာဝတီကို ဖားလျားချထား
မြပေါ်မှာ ရွှေရောင်သရဖူတပ်ထားတဲ့
ဦးထုပ်လှလှတစ်လုံးဆောင်းထားတယ် ။

ဒီမြို့ကပြန်ရင်တော့ 
ခင်ဗျားနှလုံးသားကို ကြိုးတုပ်ပြီးခေါ်သွား ။

မန္တလေးကဗျာ ( ၄ )
ဟေ့ လူဖြူဖြူ သတ္တ၀ါတွေ
ငါ့ မြေပေါ်နင်းပါ
ငါ့ အရေခွံမခွာနဲ့ ။
ငါ့ ရေကိုသောက်
ငါ့ ရင်ကိုမနှောက်ပါနဲ့ ။
ငါ့ အသီးကိုစား
ငါ့ အသားကိုစားဖို့မကြိုးစားနဲ့ ။
ငါ့ ရင်ကိုဖွင့်
မီးပွင့်သွားမယ် ၊ ဘာမှတ်သလဲ ။

မန္တလေးကဗျာ ( ၅ )
ရွှေခြေကျင်းသံတွေမရှိတော့ဘူး
စက်ဘီးမယ်လေးတွေ မရှိသလောက်ရှား
ငါ့အမေက ငါ့ကိုစိမ်းကားနေသလိုလို
ဘာသာစကားစိမ်းစိမ်းတွေ ပစ်တင်ထားတယ်
အရေပြားတွေဟာ ဖြူသလောက်ညစ်ထေးတယ်

ဒီအပြုံးတွေကို ငါဘာသာမပြန်တတ်ဘူး
ဟောင်ကောင်ကို ရောက်သွားသလိုလို ၊
ကြားနေကျတေးသံတွေလည်း မချိုတော့
ဆုတောင်းစကား
ကြေးရုပ်ကြီးတွေ လုံးပါး ပါးလာ ။

ခရေလမ်း
စိန်ပန်းကြွေနဲ့
နီရင့်ရင့် ကျုံးမြို့ရိုး
ဟိုးတုန်းက မြနန္ဒာ
ရွှေခြေကျင်းသံစစ်စစ်ကို ငါလိုက်ရှာမယ် ။

မန္တလေးကဗျာ ( ၆ )
ဂစ်တာသံတွေ နားထောင်တတ်တဲ့ မန္တလေး
ငြိမ်းချမ်းရေးနဲ့ အိပ်တယ် ။

အသား အရောင် ၊ ဘာသာစကား ၊ မခွဲခြား
ဗြဟ္မစိုရ်တရားနဲ့ နေတယ် ။

ပူတယ် ၊ အေးတယ် 
ဒါပေမယ့် နွေးတယ် ။

ဗျာဒိတ်တော်လာမြို့ 
ရာဇဝင်ထဲက ငါတို့ အမေ ။

မ န္တ လေး က ဗျာ ( ၇)
ရေညိုညို ကျုံးတော်ကိုလည်း
အင်္ကျီတထည်လိုခပ်တည်တည်ပဲကောက်စွပ်ခဲ့
သူ့ရဲ့နောက်ကျောမှာ ...
ဧရာဝတီကို လွယ်ပိုးထားခဲ့

ခင်ဗျား သွားကြည့်လိုက်ပါ
အဲဒီမြို့ကလေးရဲ့ဆည်းဆာတွေဟာ
အပျိုလေးရဲ့ ဣနြေ္ဒ သိက္ခာအပြည့် နဲ့
ရှက်သွေးဖြာပြနေမယ်ဆိုတာ ....

ခင်ဗျား သွားကြည့်လိုက်ပါ
အဲဒီမြို့လေးရဲ့ မနက်ခင်းတွေဟာ
ကလေးငယ်တယောက်လို သမ်းဝေပြီး
အိပ်မှုန်စုံမွှား ထလာလိမ့်မယ်ဆိုတာ ....

ပြီးတော့ ...
ကိုယ်ပိုင်ဝင်ရိုးစွန်းမှာ ချိတ်ငြိ
ကိုယ်ပိုင် ဗဟိုမှာလည်ပတ်နေတဲ့မြို့
ဒီအကြောင်းကို .....
ဈေးချိုတော်အနီးက နာရီစင်ကြီးက
သက်သေတစ်ချို့နဲ့ လက်ညှိုးထိုးပြလိမ့်မယ် ။

လဖက်ရည်နံ့တွေ တလက်လက်သင်းနေတဲ့မြို့
မြနန္ဒာတေးသွားတွေနဲ့ တုန်ခါနေတဲ့ မြို့
စက်ဘီးနဲ့ ဆိုင်ကယ်တွေ ကျင်လည်ရာမြို့
အဲဒီမြို့မှာ 
ဘယ်တော့မှ ပျောက်ဆုံးမသွားတဲ့ 
အနုပညာတစ်ချို့ ရှိတယ် ။

တစ်မိုင်ကျော်ကျော်လောက်ရှည်လျားတဲ့
သူ့ရဲ့လက်မောင်းပေါ်မှာ ခင်ဗျားလျှောက်ဖူးလား
ရေစိမ်းနံ့နဲ့ ဗေဒါရနံ့တွေရောထွေးကူးလူးနေတဲ့
လေပြေ ဆိုတဲ့ ဥတ္တရမိန်းမလှလေးတွေဟာ .....
ခင်ဗျားရဲ့ ကိုယ်ခန္ဓာကို ပွတ်သီးပွတ်သပ်လုပ်ကြမယ်
ပြီးတော့ ..... 
ခိုးခိုးခစ်ခစ်ရယ်သံပေးပြီး ပြေးသွားကြမယ်
ပြီးတော့ .....
တစ်စုံတစ်ရာကိုလွမ်းမိသွားသလိုမျိုး ခင်ဗျားလည်း
ငေးမောကျန်နေခဲ့ရမယ် 
အဲဒါ ....... မန္တလေးရဲ့မာယာပဲ ။

ဆက်သွားလိုက်ပါ ....
စိမ်းညို့နေတဲ့ အရပ်ရှည်ရှည်ထန်းတောထဲက
ပင်ကျရည်ရယ် ၊ ကြွက်ကြော်ရယ် ၊ ငါးကင်ရယ်
ခင်ဗျားရဲ့ ဘဝအမောတွေအရည်ဖျော်ချ .....
ထန်းရွက်မိုးတဲငယ်လေးမှာ တစ်ရေးအိပ် ....
ခဏလောက်ဖြစ်ဖြစ် ချွေးသိပ်လိုက်ပေါ့ ။

မြည်းစမ်းကြည့်ပါ ....
နီယွန်မီးရောင်အောက်က သူ့အလှတရား
လင်းနို့တကောင်ရဲ့ခွန်အားနဲ့ စူးရဲ လို့
သူ့ရဲ့ အနုပညာညကိုအမြဲညှစ်ချနေပြီး
လှသထက် လှအောင် ဟန်ကြီးနေတဲ့ မြို့ 
သူ့ရဲ့ ညဝတ်အင်္ကျီမှာ ကာလာမီးပွင့်တွေတပ်ဆင်
နေ့တဒူဝ အလှပြင်နေတဲ့ မြို့
ခင်ဗျားတို့တွေ့နိုင်တယ် ...... ။

ရွှေရောင်တဝင်းဝင်းတောက်နေတဲ့ ဘုရားတွေ
ပတ္တမြားကို ခြုံလွှားထားတဲ့ ရဟန်းသံဃာတွေ
အနီမှိုင်းမှိုင်း နန်းတော်တံတိုင်းကြီးတွေ ပိုင်စိုး
ပြီးတော့ .... 
 ဂစ်တာသံတွေနဲ့ အိပ်မောကျတတ်တဲ့မြို့
ကဗျာဆရာတွေ ရှင်ပြန်ထမြောက်ရာမြို့ ဖြစ်တယ် ။

လမ်းမှာ စက်ဘီးစီးလာတဲ့ကောင်မလေး
ခင်ဗျားက ဟိုဟို ဒီဒီစကားလိုက်ပြော... သူမက
လောကဝတ်စကားတွေ ရေပက်မဝင်အောင်ပြော
ခင်ဗျားက ပါးစပ်ဟပြဲကြီးနဲ့ကျန်ခဲ့
ကောင်မလေးက ပြုံးပြနှုတ်ဆက် 
ထွက်သွား
အဲဒါ ...... နန်းသူ မန်းသူ လွမ်းစေသူဖြစ်တယ် ။

အဲဒီလို ..... အဲဒီလို
အနုပညာမျိုးစုံကို ဝတ်ဆင်ထားတဲ့ မြို့
မာနတရားဟာ ဘာများလဲလို့မေးတဲ့ မြို့
ရေညိုညိုလွှားပြီး မေညိုညိုများတဲ့ မြို့
တက္ကသိုလ်အလွမ်းဇာတ်တွေ သန္ဓေတည်ရာမြို့
စိန်ပန်းကြွေတွေနဲ့ နှုတ်ခမ်းနီဆိုးထားတဲ့ မြို့
ခင်ဗျားပြန်တဲ့အခါ ....
မျက်ရည်မကျရအောင်
အဲဒီမြို့ကို လွယ်အိတ်ထဲ ထည့်ယူသွား
..... ဟုတ်လား....... ။ ။

မန္တလေးကဗျာ ( ၈ )
အနုပညာစစ်စစ်တွေ ပဋိသန္ဓေတည်ရာ
မြနန္ဒာ ။

သူငိုချလိုက်တဲ့မျက်ရည်ဟာ တေးသီချင်း
သူရယ်မောပျော်ရွှင်ခြင်းဟာ အလင်္ကာ...
ဘုရားမပွင့်ပေမယ့် ကဗျာဆရာတွေပွင့်တဲ့နေရာ
..... မြနန္ဒာ ။

ညိုသော အပျိုချောတွေ သိပ်ပေါ
ယဉ်ကျေးမှုအနှစ်တွေ သိပ်ပေါ
စိန်ပန်းတောဟာ ကဗျာ
ခရေတောဟာ ကဗျာ
ထန်းတောညိုညိုကြီးဟာ ကဗျာ
သူ့နှလုံးသားထဲက ဖိတ်စင်ယိုစီး
သူ့ရဲ့ အနုပညာသံစဉ်ကီးဟာ 
ကမ္ဘာပေါ်မှာ အမြင့်မြတ်ဆုံးဖြစ်တယ် ။

မန္တလေးကဗျာ ( ၉ )
ဖြစ်နိုင်မယ်ဆိုရင်
ရတနာပုံခေတ်ကို ပြန်ခိုးယူချင်ရဲ့ ။
အခုတော့ .... 
အတင်းအဓမ္မသင်ကြားခံလိုက်ရတဲ့
ဘာသာစကားတွေ ငါနားမလည် ...
ဒီလိုပါပဲ ငါ့စကားတွေလည်း သူနားမလည်
ဒါပေမယ့် သူတို့က လည်တယ် 
သူတို့ကြားမှာ ငါတို့်ကလည်နေတယ် ။

လည်ချောင်းထဲကထွေးထုတ်ခံရသလိုလို
လည်ပင်းကိုအတင်းညှစ်ခံလိုက်ရသလိုလို
ကျောတစ်ခင်းစာလေးတောင် မပိုတော့ ...
သူလို ကိုယ်လိုအသက်ရှုကြပ်မှုတွေနဲ့ပဲ
တောက်တစ်ချက် ပြင်းပြင်းခေါက်နေကြရုံ ။

မင်းခသူ