Showing posts with label ဝတ္ထုတို. Show all posts
Showing posts with label ဝတ္ထုတို. Show all posts

ဖယောင်းတစ်ခြမ်း သံမဏိတစ်ခြမ်းနဲ့ … ပန်း


နေပြင်းသည့် နွေတစ်နွေဖြစ်သည်။ ပိတောက်ရွက်ကြွေများ ပြည့်နှက်ဖုံးလွှမ်းနေသော လမ်းထက်ဝယ် ကျွန်တော် လမ်းလျှောက်နေပါသည်။ ကျွန်တော့်ခြေထောက်တွေက တစ်နေရာရာဆီသွားနေမှန်းသိရုံ ကလွဲလို့ ဘယ်ကိုသွားနေမှန်း ကျွန်တော်မသိပါချေ။ ကျွန်တော့်အရိပ်သည် အနောက်ကပါလာနေမှန်း သိသော်လည်း ကျွန်တော်လှည့်မကြည့်တော့ပေ။ ထို့အတူ အရိပ်နှင့်တူသောအတိတ်ကိုလည်း ကျွန်တော် လှည့်မကြည့်ချင်။ သမင်လည်ပြန်…။ အကယ်၍သာကျွန်တော့်အနောက်ကို သမင်လည်ပြန် (သို့မဟုတ်) ကျွန်တော့်ကို မခင်သက် လှည့်ကြည့်ခဲ့ဖူးသလို လှည့်ကြည့်မိပါလျင် ဘာတွေများ တွေ့ရ သေးမည်နည်း။
“ ဝေဒနာ ” ။ ဘယ်လို ဝေဒနာများပါလဲ။ တစ်စုံတစ်ယောက်ကို ရေစီးကမ်းပြိုချစ်ခဲ့မိပါ၍ ရေစီးကမ်းပြို နာကျင်နေရသော ဝေဒနာ။ ဤဝေဒနာသည် ဒြပ်ထုမဟုတ်ပေမယ့် သတ္တုနှင့်ကွပ်ထားသည့်နှယ် ကျွန်တော့်အသည်းစိုင်ဝယ် မြဲခိုင်လွန်းလှချည့်။ အတိတ်ကဆုံတွေ့မှုကလေးကို ပြန်သတိရခြင်းသည် လည်းကောင်း၊ မခင်သက်၏ သမင်လည်ပြန်အကြည့်လေးကို ပြန်အမှတ်ရမိခြင်းသည်လည်းကောင်း၊ မခင်သက် ရယ်သံ၊ မခင်သက် အပြုံး၊ မခင်သက်၏ စင်ရော်တောင်မျက်ခုံးကလေးတွေကို ပြန်လည်မြင် ယောင်မိခြင်းသည်လည်းကောင်း၊ မခင်သက်၏ ပိတုန်းရောင်ဆံစလေးများဆီက Shampoo နံ့ကလေး များကို ယောင်ယမ်းရှိုက်မောမိခြင်းသည်လည်းကောင်း၊ မခင်သက်၏ ညိုဝါဝါပါးပြင်ကလေးထက်မှ ရှင်မတောင်သနပ်ခါးနံ့လေးများကို မွတ်သိပ်ဆာလောင်မိခြင်းသည်လည်းကောင်း၊ ကျွန်တော့် ရင်ကန္တာရဆီက ဝေဒနာ…ဝေဒနာဆိုသည့် ဝေဒနာအပိုင်းအစလေးများသာဖြစ်ပါသည်။ အလွမ်းသစ္စာ သည် ကျွမ်းရစ်ရာ သည်နှလုံးသားကိုမှ သစ္စာရှိစွာ နှောင်တည်းတတ်လွန်းပါဘိ။
ကြားရသမျှသော ဥသြသံတို့သည် ကျွန်တော့်အဖို့ လောက၏ဆူညံသံများဖြစ်ပါသည် မခင်သက်။ သမုသစ္စာကြွေပျောက်သည့် ဥပေက္ခာနွေတစ်လျှောက်တွင် သည်ဥသြသံကလည်း သြ, သြ နိုင်လွန်း ပါ၏။ အတိတ်တစ်နေ့ဆီက ပိတောက်ပင်ပျိုပေါ်မှ ဥသြသံအစ ၊ ကြားနေကျ မီးရထားဥသြသံအဆုံးကို ကျွန်တော်မုန်းသည်။ ချစ်သောမခင်သက်ကို ကမ္ဘာ့ရင်ဘတ်ကြီးနှင့်ချီ၍ လွမ်းရသောအချိန်မို့လည်း ထို ဥသြကို ကျွန်တော်ပိုမုန်းသည်။ ဥသြသံကား မတိတ် ။ ကျွန်တော့်မှာသာ အတုံးအရုံး ရှုံးလိုက်ရသည်။ မခင်သက်နှင့်ဝေးသောအချိန်များမှာ ရောက်တတ်ရာရာလေညင်းများနှင့် ကျွန်တော်တွေ့ဆုံခဲ့ရသည် ။ စကားမဲ့စွာ စကားဆိုဖြစ်ကြသည်။ ထို့နောက် ထုံးစံအတိုင်းပင် ကျွန်တော်တစ်ယောက်တည်းများစွာ ဖြင့် ကျန်ခဲ့သည်။ သြော် … ထုံးစံအတိုင်းပါပဲ မခင်သက်ရယ်။
* * *
“ ကြည့်စမ်း … ပိတောက်တွေတောင်ပွင့်ကြတော့မယ်နော်မောင်။ မနက်ကလည်း မိုးရွာသွားတော့ ဟောသည်အငုံလေးတွေ မနက်ဖြန်ဆိုပွင့်တန်ကောင်းပါရဲ့။ အင်း … မိုးကလည်း ခါတော်မီမိုးလို့ပဲ ပြောမလား သင်္ကြန်အကြိုမိုးလို့ပဲပြောမလား ဘာပဲဖြစ်ဖြစ် ပိတောက်တွေပွင့်ရင် ခင်တော့ သိပ်ပျော် တာပဲမောင်။ တစ်နှစ်မှာ တစ်ရက်ပဲပန်ခွင့်ရတာဆိုတော့ ဖြစ်နိုင်ရင် ခင်က နေ့တိုင်းတောင် ပွင့်စေ ချင်တာ ”
မထောက်မညှာ ပိတောက်ဝါတွေ ပွင့်ပါတော့မယ် မခင်သက်ရေ။ မခင်သက်ရေ … မခင်သက်ရေ။ ကျွန်တော်တိုးလျစွာ ခေါ်နေမိပေမယ့် ကျွန်တော့်ဘဝလေးအတွက်တော့ ကျယ်လောင်လွန်းလှပါ တယ် မခင်သက်ရယ်။ ကျွန်တော့်အသံကို ကျွန်တော်ပြန်မကြားချင်လောက်အောင်ပင် ကြေကွဲနေမိ သည်။ မခင်သက်ထားခဲ့ပြီးသည့်နောက် သက်ပြင်းတောင် အသံထွက်အောင်မချခဲ့ပါပေ။ ကျွန် တော့်အဖို့ နေဝင်ချိန်များကျုံ့ဝင်ခဲ့သည်မှာလည်း ကြာခဲ့ပြီဖြစ်ကြောင်း မခင်သက်မသိပါချေ။ သြော် ကျွန်တော်ချစ်သောမခင်သက်ရဲ့ ချစ်သောပိတောက်တွေကတော့ဖြင့် ၃ ကြိမ် ၃ လီ ပွင့်သွားပြီဖြစ် သည်။ မခင်သက် ကျွန်တော့်ကိုချစ်သေးရဲ့လား မသိတော့ပေမယ့် ပိတောက်တွေကိုတော့ဖြင့် မခင်သက်တစ်ယောက် ချစ်မှချစ်သေးပါလေစဟု ကျွန်တော်က မဆီမဆိုင်စိုးရိမ်ပစ်လိုက်ချင်သည်။ သွားကြစို့ကွယ်…။ လိုက်မည်မှန်း သိပါလျက်နှင့် ကျွန်တော့်အရိပ်ကို ခေါ်နေမိပြန်သည်။ အရိပ် သည် မခင်သက်၏ ချစ်လှစွာသောပိတောက်တွေလို အဝါရောင်ဖြစ်သည်။ သို့သော် မခင်သက်၏ ပိတောက်တွေလို တစ်ရက်တည်းနှင့် နွမ်းကြွေသက်လျောမသွားပဲ အလွမ်းမနက်ဖြန်နှင့် အလွမ်း ဆက်ရန်တွေ များလွန်းနေခဲ့သည်။ ဤကား ကျွန်တော့်ဘဝကို ဘောင်ခတ်ထားသော ဓမ္မသတ်လေ လားဟု ကျွန်တော်က ယုံကြည်စွာ ထင်မှတ်မှားနေသေးသည်။
“ မေးနေစရာလိုသေးလို့လား မခင်သက်ရယ်။ အချစ်ကို စကားအဓိပ္ပါယ်တွေဖွင့်ဆိုပြီး လျှာအရိုးမရှိ 
တိုင်းသာ ပြောနေရမယ်ဆိုရင်တောင် မောင်ဘယ်လောက်ချစ်တယ်ဆိုတာ မပြီးပြည့်စုံတဲ့အပြင် သေးငယ်နေမှာတောင်စိုးပါတယ်။ ဒါကြောင့် ဘယ်လောက် ဆိုတဲ့ပမာဏတပ်ပြီးမမေးပါနဲ့လား ။ မောင်မဖြေတတ်ဘူး မခင်သက်။ မောင်ပြောခဲ့တဲ့ ၊ မောင်ပြောနေတဲ့ ၊ မောင်ပြောနေဦးမယ့် ချစ်တယ် ဆိုတဲ့စကားဟာ အဆုံးမရှိ နက်ရှိုင်းကျယ်ပြန့်လွန်းပါတယ်။ ကျေနပ်တော့နော် …”
မခင်သက် လိမ္မာပါသည်။ လိမ္မာလွန်းခဲ့ပါသည်။ သနပ်ခါးဝါဝါလေးတွေ ဝိုင်းစက်နေအောင်လိမ်းထား တတ်သော မခင်သက်၏ပါးနှစ်ဖက်ကို လိမ်ဆွဲပြီး “ လိမ္မာလိုက်တာကွယ် ” လို့ ဟောသည် အချစ်ရေး အချစ်ရာမှာ မလိမ္မာခဲ့သူ ကျွန်တော်က ခုချိန်ပြောခွင့်ရလျင် ပြောလိုက်ချင်ပါသည်။ မခင်သက် လိမ္မာပါ သည်။ နုညံ့လှသော ကျွန်တော့်အသည်းစိုင်ကို မကြွေရုံတမယ်နင်း၍ လိမ္မာပါးနပ်စွာ ထွက်ပြေးသွားသူတစ်ယောက်ကိုတော့ဖြင့် မလိမ္မာ တစ်ဘဝစာမိုက်ခဲ့သူကျွန်တော်ကပင် ကျေးဇူး တင်လိုက်ချင်သည်။
“ နေရစ်တော့ မောင်၊ မျှော်တော်ယောင်ဖြစ်၊ အနှောင်သစ်ကင်း၊ အချစ်ယွင်းသည့်၊ တလင်း,သည်း စိုင်၊ ဆုပ်ကိုင် လွမ်းမော၊ မှော်ရုံတောဝယ်၊ သောကနွယ်သစ် နေတော်ရစ် ”
ဤသို့ပင် အလိမ်အညာ သမုဒ်၊ ကျိန်စာထုတ်လို့ တိမ်လွှာရုပ်မှာ ကဗျာတစ်ပုဒ်ရေးခဲ့လေသလား မခင်သက်ရယ်။ ကျွန်တော်ကပင် မမှီသည့်ပန်း၊ အတည်နှင့်လှမ်းခဲ့မိလေသလော။ မခင်သက်ကပင် အချစ်ကို ရော့ ပတ္တမြား၊ ရော့ နဂါး သဘောနှင့် ဆော့ကစားခဲ့လေသလော။ စောကြောတိုင်း အဖြေ မပေါ် မနေပျော်သည့် တစ်ယောက်တည်းဒွိဟ ညများစွာဝယ်၊ ကျွန်တော်ပိုင်သော ‘နယ်’ သည် ပင့်သက်တစ်ငွေ့စာသာဖြစ်သည်။ ဖြစ်နိုင်မည်ဆိုပါလျင် အဲဒီနေ့တစ်နေ့က ဆည်းဆာလေးလိုပင် ကျွန်တော် ပျောက်ဆုံးသွားလိုက်ချင်သည်။
အဲဒီနေ့က …။
အဲဒီနေ့က ကျေးလက်ဆည်းဆာတစ်ခု၏ ဘူတာရုံကလေးထဲတွင် မခင်သက်နှင့် ကျွန်တော် ရှိနေခဲ့ သည်။ မခင်သက်ကလည်း မခင်သက်ပီသစွာပင် ခရမ်းရောင်ရင်ဖုံးအင်္ကျီ ခရမ်းရောင်ပါတိတ်ထမီ နှင့်၊ တပတ်လျှိုထုံးထားတတ်သော ဆံနွယ်များနှင့်၊ မထူမပါးလိမ်းထားတတ်သော ရှင်မတောင်သ နပ်ခါးနှင့်၊ ကြက်သွေးရောင်ကတ္တီပါဖိနပ်ကလေးနှင့်၊ ဘယ်သောအခါမှ နှုတ်ခမ်းနီဆိုးမထားတတ် သော နှုတ်ခမ်းတစ်ငုံနှင့် မခင်သက်ပီသစွာရှိနေခဲ့ပါသည်။ ထို့အတူ ကျေးလက်ဆည်းဆာကလည်း မခင်သက်အလှနှင့်အပြိုင် တည်ငြိမ်ရင့်ကျက်လွန်းနေသည်။ ထိုခဏမှာ နှစ်ယောက်သားစကားမဲ့စွာ အဝေးသို့ ကိုယ်စီငေးရီလျက်၊ ဆည်းဆာလေညင်းတို့ တိုးသက်လျက်၊ ရင်ဘတ်တစ်ခုကလွဲ၍ လောကကြီးတစ်ခုလုံး တိတ်ဆိတ်လျက်၊ သွေးပျက်ဖွယ် ငြိမ်သက်နေပါသောညနေခင်းကလေးဝယ် အဘယ်ကြမ္မာသည် ဤလူသားနှစ်ဦးကို ဘယ်လိုစေစားလေမည်နည်း။ ကျွန်တော် ကြည့်မြင်သမျှ သော ရှုမျှော်ခင်းတို့သည် အဘယ်ကြောင့် မှုန်ရီဝေဝါးနေပါသနည်း။ မခင်သက်တစ်ယောက်ကရော အဘယ်ကြောင့် စကားမဆိုပါသနည်း။ တရွေ့ရွေ့နေဝင်ချိန်ကပင် ရာဇအိနြေ္ဒကြီးလွန်းလှသည်။
“ မောင် ရထားဆိုက်တာနဲ့ ခင်နဲ့မောင် ဝေးရတော့မယ်။ အဝေးကြီး ဝေးကြရတော့မယ်ပေါ့ မောင် ၊ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ဒီဘူတာရုံကလေးထဲမှာပဲ ခင်နဲ့မောင် စတွေ့ခဲ့ကြတာလေ။ အဲဒီတုန်းက ခင် ဒီရွာကိုရောက်လာကာစ၊ မောင်က ခင့်ကိုအကြာကြီးစိုက်ကြည့်နေခဲ့တာကို မှတ်မိသေးတယ်။ ခင်လေ ကံကြမ္မာက ခင်တို့နှစ်ယောက်ကို ဒီနေရာလေးမှာပဲဆုံစည်းခွင့်ပေးခဲ့ပြီး ဒီနေရာလေးမှာပဲ အဝေးကြီး ဝေးအောင်လုပ်ခဲ့တာ ဘာကြောင့်လဲလို့ အခုပဲစဉ်းစားနေမိတယ် ”
“ မခင်သက်ရယ် ”
ရှိရှိသမျှခွန်အားတို့နှင့် ဒီအမျှပဲစကားဆိုလိုက်ပါရစေတော့ မခင်သက်ရယ်။ ရှိရှိသမျှ အိပ်မက်တွေ လည်း တစ်စစီ တိမ်နှယ် လွင့် ပျောက် ၊ ကျွန်တော်တစ်ယောက်တည်း ကျန်ခဲ့ရမှာ ကြောက်နေတယ်။
“ နားလည်စမ်း မခင်သက်။ မောင် မခင်သက်ကို သိပ်ချစ်သလို၊ မောင့်ကိုလည်း မခင်သက် ချစ် တယ်မို့လား။ ဟင် … ။ ဒါဆိုရင် သတ္တိရှိလိုက်စမ်းပါလား မခင်သက်ရယ်။ မောင်နဲ့အတူ ဘဝတစ်ခုကို တည်ဆောက်ကြရအောင်၊ မောင်နဲ့အတူလက်တွဲပြီး အဲဒီ ဂုဏ်တွေ ဓနတွေရဲ့အဝေးမှာ နှစ်ကိုယ်တူ တိုင်းပြည်ကလေးတစ်ခု တည်ထောင်ကြရအောင်ပါ။ တစ်လောကလုံးကလူတွေက မိုက်ရူးရဲ ဆန်တယ်ပြောပါစေ ကိုယ်မချစ်မနှစ်သက်သူနဲ့ပေါင်းဖက်ရမယ့်အစား မခင်သက်ချစ်တဲ့သူ၊ မခင်သက်ကိုချစ်တဲ့ မောင်နဲ့အတူ မိုက်ရူးရဲဆန်လိုက်စမ်းပါလား ဟင်။ ဒီအတွက် မခင်သက်ဘဝမှာ နောင်တကင်းစေရပါမယ် မခင်သက်ရယ် ”
လို့ နှုတ်ဖျားက ပြောမထွက်ပေမယ့် နှလုံးသားကပြောနေသောစကားများကိုတော့ မခင်သက် ကြားမိ မည်မဟုတ်ပါပေ။ ဒီစကားတွေဆိုပြီး ချစ်သောမခင်သက်၏လက်ကိုဆွဲလို့ အဲဒီဂုဏ်တွေ ဓနတွေနဲ့ ဝေးရာ ကျွန်တော့်ကိုယ်ပိုင်ကမ္ဘာတစ်ခုဆီ ခေါ်ဆောင်သွားလိုက်ချင်သည်။ အဲဒီ ကမ္ဘာမြေမဟီဝယ် သောက်စရာရေမရှိလျင် နှလုံးသွေးကိုဖောက်၍၊ နင်းစရာမြေမရှိလျင် ရင်ဘတ်ကိုခင်း၍၊ ပန်စရာပန်း မရှိလျင် အသည်းကိုဖွင့်၍၊ အိပ်စရာမှီအုံးမရှိလျင် လက်ရုံးကိုဝင့်၍ ပေးလိုသောသတ္တိ ကျွန်တော့်မှာ အပြည့်ရှိသည်။ အခုတော့ ဒါတွေကိုနိဂုံးချုပ်ပေးလိုက်ပါရစေတော့ မခင်သက်ရယ်။ ဟိုးခပ်ဝေးဝေး တစ်နေရာဆီက ကျွန်တော့်ရင်ဘတ်ထဲကအိပ်မက်ရှည်ကြီးကို မှုတ်ထုတ်လိုက်သည့် ရထားဥသြဆွဲ သံရှည်ကြီး ကြားနေရချေပြီ။
“ ခင် သွားရတော့မယ်မောင်။ ဒါပေမဲ့ ခင် မောင့်ကိုနှုတ်မဆက်ပါရစေနဲ့တော့။ နှုတ်ဆက်ခြင်းဆိုတာ တစ်ယောက်က တစ်ယောက်ကို လွမ်းဆွတ်စေချင်တဲ့၊ အမှတ်ရနေစေချင်တဲ့ ဝေဒနာပင်ပျိုးမယ့် မျိုး စေ့ကလေးတစ်စေ့လိုပါပဲ။ မောင့်ဘဝမှာ ခင့်ကိုသတိရနေမျိုး ၊ လွမ်းဆွတ်ကြေကွဲပြီး ကျန်ရစ်တာမျိုး ခင် မဖြစ်စေချင်ဘူး၊ ပေးမထားခဲ့ချင်ဘူး။ မောင့်ကို အရမ်းသနားမိတယ်မောင်ရယ်။ ဒါကြောင့် ခင့်ကို မေ့လိုက်စေချင်တယ်။ မိဘဆန္ဒကို မပယ်ရှားနိုင်တဲ့၊ တပါးသူုရင်ခွင်မှာ နေထိုင်ရတော့မယ့် ဟောဒီ မခင်သက်ဆိုတဲ့ ခပ်ညံ့ညံ့မိန်းမတစ်ယောက်ကို မုန်းလိုက်စေချင်တယ်။ ခင်နဲ့မောင် ဒီမှာတင်ပဲ လမ်း ခွဲလိုက်ကြရအောင်ကွယ်”
ရက်စက်လှချည်လား မခင်သက်ရယ်လို့ ကျွန်တော် အပြစ်မတင်လိုတော့ချေ။ မခင်သက်နှင့်အတူ နှစ်ကိုယ် တစ်ပြည်ထောင်တည်ဆောက်လိုသည့် အတ္တလွှမ်းသောဆန္ဒတွေ ရှေ့တန်းတင်လို့ မခင်သက်အပေါ်မှာလည်း ကျွန်တော် မရက်စက်နိုင်ပါပေ။ ပိုင်ဆိုင်လိုခြင်းသည် အချစ်စစ်၏အကိုင်း အခက်ဟုတ်သည် မဟုတ်သည်ကို ကျွန်တော်ဒွိဟမဖြစ်တော့။ မိဘစကားကို မြေဝယ်မကျလိုက်နာ တတ်သော မခင်သက်တစ်ယောက် သာယာသောဘဝခရီးကို ပိုင်ဆိုင်နိုင်ပါလိမ့်မည်ဟု ကျွန်တော် ယုံကြည်သည်။ ယုံကြည်သည့်အတိုင်းလည်း ကျွန်တော် နောက်ဆုတ်နေပါမည်။ သွားတော့ မခင် သက်။ ကျွန်တော့်ကို ထားခဲ့ပါ။ မခင်သက်၏ ခေါင်းခါမှုကလေးတစ်ခုမှာ မြူတွေလိုလွင့်ပျယ်သွားမယ့် ကျွန်တော့်ကို ထားခဲ့ပါ။ ဝတ်မှုန်ဝတ်ဆံနားမှာ တွယ်ကပ်ဖူးတဲ့ ဟောဒီပွင့်ဖတ်ကလေး ကျွန်တော့်ကို နွမ်းသည်ဖြစ်စေ၊ ခြောက်သည်ဖြစ်စေ၊ ကြွေသည်ဖြစ်စေ ချန်ထားခဲ့ပါ။ လေသင့်နေပြီ မဟုတ်လား ။
လေယူရာ ယိမ်းလိုက်စမ်းပါတော့လားကွယ်။
“ သွားပါ မခင်သက်ရယ်။ မောင့်အတွက် ဘာမှနောက်ဆံတင်းနေစရာမလိုပါဘူး။ မောင်လိုကောင် အတွက်တော့ သန်းခေါင်ထက် ထပ်မှောင်လည်း ဘာမှမဖြစ်ပါဘူးကွယ်။ မောင် နေတတ်အောင် နေ ပျော်အောင် ကြိုးစားသွားမှာပါ။ ကိုယ့်ကိုယ့်ကို ဂရုစိုက်ပါ ။ မခင်သက် တစ်ဘဝလုံးပျော်ပါစေလို့ မောင်ဆုတောင်းပေးပါတယ်။ သွားတော့နော် ”
မခင်သက် ခေါင်းငြိမ့်လိုက်သည်ထင်သည်။ အထုပ်အပိုးများဆွဲ၍ ရထားပေါ်တစ်လှမ်းချင်းတက်သွား သည်ကို မျက်ရည်လည်နေသည့်ကြားမှ ကျွန်တော်မြင်နေရသည်။ ကျွန်တော် မျှော်လင့်ချက်များကို လည်း ထုပ်ပိုးသိမ်းဆည်းလို့ ကျွန်တော် ပြန်ပါမည်။ အိပ်မက်ထဲလမ်းလျှောက်ရသလိုလို ၊ လေဟာ နယ်ထဲ မျောနေသလို ၊ ရှေ့ခရီးတို့သည် ဦးတည်ချက်မရှိ။ ကျွန်တော့် အဇ္ဈတ္တတို့သည် အဘယ်ဆီ ပါသွားခဲ့ပြီဖြစ်ကြောင်း ပြန်လှည့်ကြည့်စရာမလိုတော့ချေ။ တစ်လှမ်း … နှစ်လှမ်း … သုံးလှမ်း … သောကမုန်တိုင်းနယ်မှ အလွတ်ရုန်းနေသော ခြေလှမ်းများ၊ လေးလှမ်း … ငါးလှမ်း … ခြောက်လှမ်း၊ ခုနှစ်လှမ်းမြောက်ဝယ် ရပ်တန့်သွားသော ခြေလှမ်းများ။ ကျွန်တော့်အနောက်ကနေ တစ်စုံတစ် ယောက်က ခါးကို သိုင်းဖက်ထားသည်။ နုညံ့ သွယ်ပြောင်း … သည်လက်ချောင်းတွေရဲ့ အထိအတွေ့ ကျွန်တော့် ဆံချည်မျှင်သွေးကြောတွေထဲအထိ သူ့ကိုချစ်သော အချစ်ရှိစေသူ၊ မခင်သက်။
“ မောင် … သည်ဘက် ခဏလှည့်ပါဦးမောင်ရယ်။ ခင် … ခင်လေ ဒီကနေ ”
အနောက်ကိုလှည့်လိုက်ချိန်မှာ စကားမဆုံးခင် ဟင့်ကနဲရှိုက်သံနှင့်အတူ ပြိုကျလာသော ကိုယ်လုံး ကလေးကို ထွေးပွေ့ထားမိသည်။ မခင်သက် ငိုနေသလား။ နက်ရွှန်းသော မျက်ဝန်းမှ မျက်ရည်ဥက လေးများ တစ်ပွင့်ချင်းစီးကျနေသည်ကို မပီဝိုးဝါး မြင်နေရသည်။ ကျွန်တော်ရော ငိုနေမိပါသလား ။ ရင်ခွင်ထဲတိုးဝင်၍ တသိမ့်သိမ့်တုန်နေအောင်ငိုနေရှာသူလေးကို ရှိသမျှခွန်အားတွေပေးလို့ နှစ်သိမ့် ပေးလိုက်ချင်သည်။ မရှိ ။ ကျွန်တော့်ဝယ် လက်ကျန်ခွန်အားတို့ မရှိပါတော့ချေ။ ချစ်သူသာ မရှိလျင် ကျွန်တော်လည်း ပြိုလဲသွားမည်ဖြစ်ကြောင်း သိနေသည်။ ( ငိုပါ မခင်သက်ရယ်၊ ငိုပါ။ ငိုကြွေးခြင်းရဲ့ သက်သေတစ်ခုဖြစ်တဲ့ မျက်ရည်ဥတွေကုန်ခမ်းသွားတဲ့အခါမှာ မခင်သက်ခံစားနေရတဲ့သောကတွေ လည်း အလိုလိုပြေပျောက်သွားနိုင်ပါလိမ့်မယ်။ ကျွန်တော်လို မျက်ရည်မကျပဲ မငိုမိဖို့သာ အရေးကြီး ပါတယ်ကွယ်)
“ ခင် မောင့်ကို သိပ်သနားတာပဲမောင်ရယ်၊ ခင် မောင်နဲ့ဝေးရာကို ထွက်မသွားချင်ဘူး။ ဒါပေမဲ့ ခင့် စိတ်တွေ လွန်ဆွဲနေဆဲပဲမောင် ။ ခင့်ကို ခွင့်မလွှတ်ပါနဲ့တော့ ”
“ ရပါတယ် မခင်သက်ရယ်။ မောင် အရာအာားလုံးကို နားလည်ပေးနိုင်ပါတယ်။ လွမ်းဆွတ်ခွင့်က လေးကလွဲရင်လည်း အရာအားလုံးကို စွန့်လွတ်ပေးနိုင်ပါတယ်။ ဒါကြောင့် သံမဏိတစ်ဝက် ဖယောင်းတစ်ဝက် ပွင့်နေတဲ့ပန်းကို ပျော့ပျောင်းတဲ့ပွင့်လွှာလက်ကျန်တွေ အကုန်ခြွေပြီး၊ မာကျောတဲ့ သံမဏိဝတ်မှုန်တွေသာ ယူလိုက်ပါ။ မခင်သက် သွား …”
ကျွန်တော့်စကားမဆုံးသေးခင်မှာပင် ကျွန်တော့်ညာဖက်ပါးလေးတစ်ဖက် အေးစက်သွားသည်။ ရင်ခွင်ထဲမှ ခေါင်းကလေးမော့ကာ နမ်းလိုက်သော ချစ်သူ့အနမ်း။ သိသိသာသာအေးစက်နေသော မခင်သက်၏ နှုတ်ခမ်း။ ဤအရာသည် ချစ်သူ၏ပထမဆုံးအနမ်းလည်းဖြစ်ခဲ့သလို နောက်ဆုံးလက် ဆောင်လည်းဖြစ်ခဲ့သည်။ ဤအရာကို သံသရာရှည်သရွေ့သိမ်းဆည်းထားမည်ဟု သစ္စာဆိုပါသည်။ ကျွန်တော့်ရင်ခွင်ထဲမှ ရုန်းကြွကာ ပါးပြင်ဝယ်စိုစွတ်နေသော မျက်ရည်စီးကြောင်းတွေကို အသာ သုတ်ရင်း …
“ ဒါဟာ ခင့်အပေါ် မေတ္တာ သစ္စာကြီးမားလွန်းတဲ့မောင့်အတွက် ခင်ပေးနိုင်ခဲ့တဲ့ နောက်ဆုံးလက် ဆောင်ပါ။ ခင့်ကို နှင်စရာမလိုပါဘူးမောင်ရယ် ၊ ခင်သွားမှာပါ ”
သြော် … မခင်သက်ရယ်။ မျက်နှာကို လက်နှစ်ဖက်နှင့်အုပ်လို့ ငိုကြွေးကာ အပြေးတစ်ပိုင်းထွက်ခွာ သွားသူလေးကိုကြည့်ရင်း ကျွန်တော့်ရင်ထဲဆို့နင့်လာသည်။ အကြင်သူသည် နောက်ဆုံးအချိန်ထိသူ့ စကားအတိုင်း လက်ပြနှုတ်ဆက်မသွားခဲ့ပါပေ။ အကြင်သူသည် ဟောဒီကျေးလက်၊ ဟောဒီကျေး လက်သား၊ ဟောဒီကျေးလက် တို့နှင့်ဝေးရာ ဟောဒီကျေးလက်ဆည်းဆာကလေးထဲမှ ထွက်ခွာသွား ချေပြီ။ ရထားကြီးထွက်ခွာသွားသော်လည်း ဥသြသံကားကျန်ရစ်သည်။ ရထားဥသြသံတော့မဟုတ် ပိတောက်ပင်ပျိုပေါ်ကဥသြတွန်သံ။ အလွမ်း …။ လောကကြီးဆီက ကျွန်တော်ပိုင်ခွင့်ရလိုက်သောအ ရာသည် အေးစက်သောအနမ်းတစ်ခု၊ ကျေးလက်ဆည်းဆာနှင့် ကြီးစွာသော ဝေဒနာသာဖြစ်သည်။
ဖြစ်နိုင်မည် ဆိုပါလျင် အနောက်တောင်စွယ်မှ နေဝန်းကြီးလိုပင် ကျွန်တော်ကွယ်ပျောက်သွားလိုက် ချင်သည်။
* * *
နေပြင်းသလို ရင်ထဲတွင် နွေပြင်းသည့်နေ့တစ်နေ့ဖြစ်သည်။ ပိတောက်ရွက်ကြွေများ ရွေ့လျားပြည့် နှက်နေသော လမ်းထက်ဝယ် ကျွန်တော်လမ်းလျှောက်နေပါသည်။ ကျွန်တော့်ခြေထောက်တွေက ဘယ်အရပ်ဆီသွားနေမှန်းမသိသော်လည်း အဆုံးမရှိခရီးနှင်နေဦးမည်ဖြစ်ကြောင်း သိနေခဲ့ပါသည် ။
ကျွန်တော့်အရိပ်သည် ကျွန်တော့်အနောက်ကနေ ထပ်ကြပ်မကွာခြောက်လှန့်လိုက်ပါနေသရွေ့(သို့ မဟုတ်) အလွမ်းတစ္ဆေကပ်ပါနေသရွေ့ ကျွန်တော်သွားရလိမ့်မည်။ အကယ်၍ တစ်စုံတစ်ယောက်က လောကွတ်ချော်ကာ ‘ မင်း ဘယ်သွားမလို့လဲ ’ ဟုမေးခဲ့လျင် ကျွန်တော် ခေါင်းခါပြလိုက်မည်သာဖြစ် သည်။ မပြော ။ ဘယ်သူ့ကိုမှ ကျွန်တော်မပြော ။ ကျွန်တော်ရှာနေသည်ကား ဖယောင်းတစ်ခြမ်း … သံမဏိတစ်ခြမ်းနဲ့ ပွင့်တဲ့ပန်းကိုပင် မဟုတ်ပါသလော။
ဤမြေချာဝယ်ဖယောင်းတစ်ခြမ်း သံမဏိတစ်ခြမ်းနှင့်ပန်းတစ်ပွင့်
လန်းပွင့်ခဲ့ဖူးသည် မဟုတ်ပါသလော။
* * *
မင်းခသူ

ကံ့ေ ကာ် ရ က် စွဲ



( ကံ့ကော်တွေရေးတဲ့စာမဟုတ်လို့ ဒီရက်စွဲတွေဟာ ငြီးငွေ့စရာကောင်း
ပါတယ် မမလွင် ။ လျှောက်သမျှလမ်းမှာ လေတွေထန်တယ်၊ မိုးတွေရွာတယ် ၊ဆူး
တွေပွင့်တယ် ။ နှုတ်ခမ်းကိုတင်းတင်းစေ့ရင်းနဲ့ပဲ မရဲတရဲ ရင့်ခဲ့ရတယ် ။ မမလွင်ခေါက်ထားခဲ့တဲ့ ညဝတ်အင်္ကျီဟာ ကျွန်တော်ပေါ့။ မမလွင်ခြေဆောင့်ဖူးတဲ့လမ်းက
လည်း ကျွန်တော်ပဲ ။ ခေါင်းငုံ့နေကျလူမို့ ကောင်းကင်ကိုရှာရတာ ပျင်းတယ် ။
အခု
ထိလည်းမလွမ်းကောင်း လွမ်းကောင်းနဲ့ လွမ်း ကောင်းနေတဲ့ကောင်ရဲ့ရင်ဘတ်ဟာ
မမလွင်ကြောင့် အနုပညာဆန်နေဆဲပါပဲ ။ ဖန်ပြာခွက်ကပဲအေးတာလား ၊ ကျောက် စက်ရေကပဲအေးတာလား ၊မကွဲပြားပေမယ့် မမလွင်အကြောင်းစဉ်းစားရင် ဘဝတစ်
ခုလုံး ခိုက်ခိုက်တုန်အောင် အေးတယ် ။ မ မ လွင် ရယ် .... )
" မမလွင် ... "
တစ်ထောင့်တစ်ညပုံပြင်ကို မမလွင်နားထောင်ဖူးပါလိမ့်မည် ။ သို့သော် တစ်ထောင့်
တစ်ညထက် တစ်ထောင့်တစ်ညမကသော လူငယ်တစ်ယောက်ရဲ့မျက်ရည်ရာဇဝင်
ကိုတော့ မမလွင်နားထောင်ဖူးမည်မဟုတ်ပါ ။ ကျွန်တော်ပြောပြချင်ပါသည် ........ ။
ပန်းတို့၏ ဖူး , ပွင့် , ကြွေ ကဗျာရှည်အကြောင်းနှင့် လူငယ်တစ်ယောက်၏ ရူး , ရင့်
, ကြွေ ကဗျာရှည်အကြောင်းကို ကျွန်တော်ပြောပြချင်ပါသေးသည် ........ ။ ငုံသည် ၊ ဖူးသည် ၊ ပွင့်သည် ၊ ကြွေသည် ၊ ထို့နောက် ပြန်ငုံဖူးပြန်သည် ။ မမလွင် ရှိသည် ၊ ဖြစ်သည် ၊ ရှိခဲ့သည် ၊ ဖြစ်ခဲ့သည် ၊ ထို့နောက် မမလွင်ပြန်ရှိနေပြန်သည် ။ အဘယ့်
ကြောင့်ပါနည်း ။ မမလွင်ကိုမေ့ဖို့ကြိုးစားမှု ဖန်တရာတေခဲ့ပြီ ၊ သို့သော် ခေါင်းခါမှု
တိုင်းသည်လည်း အချည်းအနှီးဖြစ်ခဲ့ပြန်သည် ။ အခုထိကျွန်တော့်ရင်ထဲမှာမမလွင်
ပြန်ရှိနေသည်မှာ အဘယ့်ကြောင့်ပါနည်း ။ ထိုသို့ဖြင့် ခေါင်းခါမှု ၊ ငြင်းဆန်မှုတိုင်း
သည်လည်း အချည်းအနှီးထပ်ဖြစ်နေတော့သည် ။ ကျွန်တော့်ဘဝ၏ သံသရာသည် မမလွင်ပဲဖြစ်ပါသည် ။ နောက်ထပ် ၁၂ နာရီရောက်အောင် ကျွန်တော်စောင့်မည် ။
( အပြင်မှာ မိုးဖွဲလေးတွေရွာနေမှာပေါ့ ။ အခုလိုအချိန်ရောက်လာရင်
မိုးဖွဲလေးတွေရွာနေမယ့် ကျောင်းတော်ကြီးဆီကို စိတ်ကူးနဲ့မရောက် ရောက်အောင်
သွားမယ် ။ ပြီးရင်ကံ့ကော်ရုံနားသွားပြီး အခုပွင့်ပေးကြဖို့ ကံ့ကော်ပင်တွေကို နားပူ
နားဆာလုပ်မယ် ။ ထိုင်နေကျခုံတန်းပေါ်မှာတော့ အတိတ်ကမိန်းမပျိုကို ဖန်ဆင်း
ထားလိုက်မှာပေါ့ ။ လေညင်းတွေကိုလည်း တသုန်သုန်တိုးဝှေ့ခိုင်းထားမှာပေါ့ ။ ပြီး
တိမ်ညိုတွေကိုလည်း ခပ်ဝေးဝေးမှာမနေဖို့ ပြောထားမှာပေါ့ ။ သူပြန်နေကျမိုးတိတ်
လမ်းတွေကိုလည်း ကိုယ်ယောင်ဖျောက်ခိုင်းထားမှာပေါ့ ။ ကျွန်တော်ဆွတ်ခူးလာတဲ့
ကံ့ကော်ပွင့်တွေပန်လို့ ချစ်သူသိပ်လှနေတာပေါ့ ။ အားနာစရာတောင် ကောင်းနေပါ
ပြီနော် ... ။ ချစ်သူဟာ ကံ့ကော်ထက်သိပ်လှကြောင်း ကျွန်တော်ရယ် ၊ မနာလိုဖူးတဲ့
မိုးခိုငှက်တွေရယ် ၊ သိတယ် ။ ကျွန်တော့်ရူးသွပ်မှုတွေကြည့်ရင်း ချစ်သူကလည်း ရယ်မြဲ ရယ်လို့ ။ မိုးတွေကလည်း ရွာမြဲ ရွာလို့ ။ သွားကြစို့ လို့မပြောမချင်း မိုးမအုံ့ တတ်တဲ့ ကျွန်တော်ပျော်ရွှင်မှုဟာ တိမ်ကင်းစင်ပါတယ် ။ အခုတော့ အဲ့ဒီအရပ်ဆီက
မှိုင်းပျပျမိုးရနံ့တွေရတယ် ။ ကဗျာဆရာတွေပြောတဲ့" တိမ်ညိုနိမိတ် " ဆိုလား ၊ဘာ
ဆိုလား ။ ကျွန်တော်ကို မမလွင်ထားသွားခဲ့တာလည်း ကြာ ........................ ပြီ ။)
" မမလွင် "
ချစ်သူ့နာမည်သုံးလုံးမှာ ကျွန်တော်အတုံးအရုံး လဲကျဖူးပါသည် ။ ထိုအချိန်ကနေ
ယနေ့အထိ ထာဝရသုံ့ပန်းလို ကျွန်တော်ပြန်မထပါ ။ ဪ .... ပြန်မထနိုင်ခဲ့တာပါ
မမလွင် ။ ကျွန်တော့်မမလွင်သည် ရှင်နှောင်းမဟုတ်ပါ ။ ကျွန်တော့်မမလွင်သည်...
ဓာတုကလျာ မဟုတ်ပါ ။ ကျွန်တော့်တွင် မမလွင်ကိုရွတ်ပြဖို့ ရတုပိုဒ်စုံလည်းမရှိပါ ။
ကျွန်တော် မမလွင်ကိုရွတ်ပြဖို့ စာနှစ်လုံးသာရှိပါသည် ။ မမလွင်ကို ကျွန်တော် ......
" ချစ်သည် " ။ ကံ့ကော်ကို မမလွင် " ချစ်သည် " ။ ကံ့ကော်ချစ်သော ကျွန်တော်
က ကံ့ကော်တွေကိုယ်စား မမလွင်ကို " ချစ်သည် " ။ မမလွင် ကျွန်တော့်ကို ပြန်ပြီး
ချစ်ဖို့လိုမည် ။ ထို့ကြောင့်ပင် မမလွင် ကျွန်တော့်ကိုပြန်ချစ်ခဲ့သည် ။ နေ့ရက်တိုင်း
သည် ကံ့ကော်တို့နှင့် ဆွတ်ဆွတ်ဖြူခဲ့သည် ။ ကံ့ကော်ကဗျာတွေစပ်သည် ၊ကံ့ကော်
သီချင်းတွေဆိုသည် ၊ မမလွင်ကို ကျွန်တော်ချစ်သော မေတ္တာတရားသည် ကံ့ကော်
ရောင်ဖြစ်သည် ၊ မမလွင်ကို ကျွန်တော်နမ်းသောအနမ်းသည်လည်း ကံ့ကော်ရောင်
ဖြစ်သည် ။ မမလွင်ကတော့ ကျွန်တော့်ကိုတကယ်ချစ်ခဲ့တာလား ၊ ကံ့ကော်တွေကို
ပဲတကယ်ချစ်ခဲ့တာလား မခွဲခြားတတ်ခဲ့ပါ ။ ကျေးစေ၍ မေးဖို့ရာ ကျွန်တော်မှာရတု
ပိုဒ်စုံမရှိပါ ... ။ သို့သော် ဘဝတစ်ခုစာ အမျှော်စိုက်ခဲ့ရချေပြီ ။ ကံ့ကော်ရက်စွဲတွေ
လည်း လွန်ခဲ့ပါလေပြီ ... ။
( ပန်းလှေပေါ်မှာ ပန်းအကြွေတွေတင်ပြီးမျှောခဲ့မိပေါ့ ။ ဒါကျွန်တော့်
ဘဝကို ဘာသာပြန်ပေးနိုင်မယ့်သက်သေလေးတွေပါပဲ ။ မမလွင် မြင်ပါ ၊ မမလွင်
ကြားပါ ၊ ပွင့်လွှာပေါ်ကဆူးရာလေးတွေကို မမလွင်ကိုယ်ချင်းစာပါ ။ နေ့စဉ် နေ့စဉ်
မမလွင်နာမည်ရေးထားတဲ့ စက္ကူစွန်ဖြူဖြူလေးတွေကို ကျွန်တော်လွှတ်တင်လေ့ရှိ
မယ် ။ ဟိုး ... အမြင့်ဆုံးထိရောက်သွားရင် အပ်ချည်ကြိုးလေးတွေကို ကျွန်တော်
ရင်နာစွာဖြတ်ပစ်နေလေ့ရှိမယ် ဆိုရင် မမလွင်ကို သံယောဇဉ်ဖြတ်ဖို့ကြိုးစားနေပြီ
ဆိုတာ အသံတိတ်ပြောပြနေခြင်းပဲ ဖြစ်တယ် ။ လက်တွေကို ဆန့်မြှောက်ရင်း
ပြတ်လွင့်သွားတဲ့လေတံခွန်နောက်ကို အငမ်းမရလိုက်နေသူဟာလည်း ကျွန်တော်
ပါပဲ မမလွင်ရယ် ... ။ လေထန်ကုန်းမှာ ပြတင်းလေးတွေပိတ်လိုက်ရင်း ၊ ပြတင်း
လေးတွေပြန်ဖွင့်လိုက်ရင်း စိတ်ကိုပိတ်လိုက် ဖွင့်လိုက်လုပ်နေမိတဲ့ ကျွန်တော့်အ
တွက် ဘယ်အိမ်မက်မှမစိုလက်နိုင်တာလဲ အခုထိပါပဲ ။ ကျွန်တော်လက်ခံလိုက်တဲ့
အချစ်ဆိုတာ လပြည့် လကွယ် ၊ ချစ်မိသူဟာ ကြယ်ကလေးနဲ့တူပါတယ် ။ မမလွင်
မရှိတဲ့နံနက်ခင်းတွေဟာ ကော်ဖီနံ့သင်းပေမယ့် ပျင်းစရာကောင်းပါတယ် ။ အခုဆို
ကျောင်းတော်ကြီးဆီမှာ ကံ့ကော်တို့အသံတွေလည်း ပြာနေပါပြီ ။မမလွင် ပြန်လာဖို့
ကောင်းပါတယ် ။ ချစ်သူ့ခြေသံဘယ်ဆီ ဘယ်ဝယ် ... မျက်ရည်စက်တို့နဲ့ တေးမှတ်
ထားလိုက်ပါမယ် ။ )
" မမလွင် "
ရင်ဘတ်နှင့်တကွ
ခြောက်ကြိုးစလုံးမှ သံစဉ်တို့သည်ပင် ၊
မမလွင်ဟု မွတ်သိပ်စွာထွက်နေပါသည်
လည်ပင်းရှည်ရှည် ညများနှင့်
မှောင်မိုက်နေသော ကျွန်တော်သည်လည်း
မမလွင်ဟု အသည်းခိုက်အောင်ဟစ်ခေါ်ခဲ့ပါသည် ။
ပန်းတွေ ပွင့်နေသည်
ပန်းတွေ ကြွေနေသည်
မမလွင်တစ်ယောက်သာ ရှိခဲ့ပါလျှင် ၊
ဆိုသောမေးခွန်းနှင့် သို့လော သို့လောများစွာ
ကျွန်တော့်မှာ ခေါင်းခါဖို့ပဲတတ်နိုင်ခဲ့သည် ။
ကျွန်တော်သည် ...
အတိတ်ဘဝက မမလွင်ခေါက်ထားခဲ့သော
ညဝတ်အင်္ကျီကလေးတစ်ထည်ပင် ဖြစ်ပါ၏
ကျွန်တော်သည် ...
နေသားတကျ ခေါက်ရိုးကျိုးနေသော
ကံ့ကော်ရက်စွဲကလေးပင် ဖြစ်ပါ၏
မမလွင်မရှိသောကြောင့်
အတောင်ပံနှစ်ဖက်နှင့် မပျံတတ်သောငှက်ပမာ
ကြေကွဲစွာ ရင့်ကျက်နေရသည် ။
တရံရောအခါက လူငယ်အကြောင်းကို
မမလွင် သတိရချင်မှ ရပါလိမ့်မည်
တရံရောအခါက ကံ့ကော်ပွင့်တို့ကိုလည်း
မမလွင် မြတ်နိုးချင်မှ မြတ်နိုးပါလိမ့်မည်
ကျွန်တော့်အရိပ်ကိုပင် အလန့်တကြား
မမလွင်လားဟု မေးမြန်းမိသည်အထိ ၊
ကျွန်တော်ကိုယ် ကျွန်တော် ခွဲခြားမသိတော့ပြီ
ရှိပါစေ ....
အရှုံးအထပ်ထပ်ဖြင့် ပြုံးတတ်အောင်လည်း
ကျွန်တော် ကြိုးစားနေပါသည် ။
" ချစ်သူရှိရာ ... " ဟူသောသီချင်းတစ်ပုဒ်နှင့်
မရောက် ရောက်အောင်သွားနေသောခြေလှမ်းကို
မိုက်မဲမှုဟု အမည်တပ်ကြပါစေ
တောက်စားတတ်သော သတိရခြင်းများစွာကိုလည်း
လက်ညှိုးငေါက်ငေါက်ထိုးကြပါစေ
မမလွင်ကို ကျွန်တော်ချစ်သည်
မမလွင်၏ကျောပြင်ကို ကျွန်တော်ခွင့်လွှတ်သည်
ကျွန်တော်ရရှိခဲ့သော လွမ်းခွင့်သည်ပင်
ကျွန်တော့်အတွက် ပန်းပွင့်ဖြစ်လာခဲ့သည်
မည်သို့ပင်ဖြစ်စေ ....
ကျွန်တော်နှင့် စိမ်းလာခဲ့သော ကံ့ကော်ရက်စွဲတို့ကား
သင်္ခါရတရားနှင့် အရေခွံလဲကောင်းနေဆဲပင် ... ။

မင်းခသူ
၂ ၀ ၁ ၅ ၊ ရသစာစဉ်မဂ္ဂဇင်း

မြူတွေအုံ့ဆိုင်း ဝေ့မှိုင်းရီ



နွေ နေ့လယ်ခင်းမှာ ပျင်းရိငြီးငွေ့စရာ ကောင်းလှသည်။ လမ်းမကြီးပေါ်မှာတော့ အပူရောင်တွေ အငွေ့ပျံတက်နေသည်။ သစ်ရွက်တချို့ ကြွေကျနေသည်။ နွားနို့ပုံးတွေ အပြည့်တင်ထားသည့် မြင်းလှည်းတစ်စီး မြောက်ဘက် ရွာသာရပ်ဆီ ဒုန်းစိုင်းပြီး မောင်းသွားသည်။ ကျွန်တော့် စိတ်မှာ သစ်ရွက်ကြွေတွေနှင့် အပူငွေ့တွေကြား စီးမျောသွားသည်။ 

ဟောသည့် မြို့ကလေးက သည်ကနေ့ပဲ ကျွန်တော် ထွက်ခွာသွားတော့မည်။ အခုထိုင်နေသည့် တောသည် လက်ဖက်ရည်ဆိုင်ကလေး ဆီကိုလည်း နောက်ထပ် ဘယ်အချိန်မှ ပြန်ရောက်လာဦးမလဲ ဆိုတာ မသေချာဘဲနဲ့ပေါ့။ ဈေးအတွင်းမှာ ရှိသည့် ဟောသည့် လက်ဖက်ရည်ဆိုင်ကလေး၏ ဟောသည့် နေရာမှာ ထိုင်ပြီး သည်မြင်ကွင်းတွေ သည်အရောင်တွေကို ကြည့်ကာ သည်မှာ ဆယ်နှစ်ကျော်ပါပြီ။ အခုတော့ ဆယ်နှစ်ကျော်မျှ နေထိုင်ခဲ့သည့် သည်မြို့ကလေးမှ ကျွန်တော် ထွက်ခွာသွားတော့မည်။ ကျွန်တော့် စိတ်တွေ ရီဝေနေသည်။ လွမ်းစရာ ကောင်းနေသလိုလည်း ခံစားနေရပြန်သည်။ 

တကယ်တော့ သည်မြို့ကလေးမှာ ကျွန်တော့်အတွက် လွမ်းစရာ ဘာအရာမျှ မရှိကြောင်း ကျွန်တော့် နှလုံးသားက ခံစားသိရှိ နေပြန်သည်။ သည်မြို့ကလေးတွင် အထီးကျန် ဆန်ဆန်ပင် ကျွန်တော် နေထိုင်ခဲ့သည်။ ပန်းချီသင်တန်းမှ ဆင်းပြီး မိဘရပ်ထံသို့ မပြန်ဘဲ သည်မှာပင် အိမ်ခန်းကလေး တစ်ခုငှားပြီး နေထိုင်ခဲ့သည်။ ဆယ်နှစ်ကျော်ကာလထိ နေထိုင်ခဲ့သော်လည်း အသိမိတ်ဆွေ သိပ်မရှိခဲ့။ ပန်းချီသင်တန်းမှ ဆင်းပြီး ပန်းချီပညာဖြင့်သာ အသက်မွေးဝမ်းကျောင်း ပြုမည်ဟု စိတ်ကူးခဲ့သော်လည်း လူအများနှင့် ဆက်ဆံရသော စီပွားရေး ပန်းချီလုပ်ငန်းများကို ဟုတ္တိပတ္တိ မလုပ်ဖြစ်ခဲ့။ တစ်ခါတစ်ရံ ကျွန်တော့် စားဝတ်နေရေးအတွက် မလွှဲမရှောင်သာ လုပ်ရသော အခါများတော့ ရှိခဲ့ပါသည်။ များစွာသော နေ့ရက်များ၌ ကျွန်တော်သည် အခြားလူများအတွက် ဘာမျှထူးခြားသူ တစ်ယောက် မဟုတ်ခဲ့သဖြင့် အမြဲတမ်းလိုပင် တစ်ဦးတည်း နေထိုင်ခဲ့ရသည်။ ဘဝ၏ နွေးထွေးမှုတို့ အစား အေးစက် ထုံထိုင်းစွာသော နေ့ရက်တွေကို ကုန်ဆုံးခဲ့ရသည်။ နေ့လယ် နေ့ခင်းများ၌ သည် လက်ဖက်ရည်ဆိုင် ကလေးတွင်သာ တစ်နေကုန် ထိုင်နေတတ်ပြီး ညနေချိန်များတွင် အရက်ဆိုင်သို့ ရောက်သွားတတ်သည်။ 

သည်မြို့ကလေးသို့ ရောက်ကာစကတော့ ကျွန်တော့်မှာ မိတ်ဆွေ အနည်းငယ် ရခဲ့ဖူးသည်။ ကြာလာသောအခါ ထိုမိတ်ဆွေများနှင့် တဖြည်းဖြည်း စိတ်ချင်းဝေးသွားကြသည်။ ကျွန်တော်နှင့် ထိုလူများ မသင့်မြတ်ကြသောကြောင့်တော့ မဟုတ်။ တစ်ဦးနှင့် တစ်ဦး ဆွဲဆောင်မှု မရှိဘဲ သာမန် ဆက်ဆံမှုအဆင့်မှ တဖြည်းဖြည်း ဝေးသွားကြခြင်းသာ ဖြစ်သည်။ လူ အများနှင့် ထိုသို့ ကြာရှည်စွာ မဆက်ဆံနိုင်ရာတွင် အခြားလူများထက် ကျွန်တော့်တွင် ပိုပြီး ချို့ယွင်းချက် ရှိမည် ထင်ပါသည်။ ကျွန်တော်သည် မည်သည့် အကြောင်းအရာကိုမျှ အခြားသူများ စွဲလမ်း အမှတ်ရအောင် ပြောဆိုနိုင်သူ မဟုတ်။ လူအများမနှစ်သက်သော်လည်း စွဲလမ်းအမှတ်ရ စေနိုင်သည့် ငြင်းခုံပြောဆိုခြင်းမျိုးဖြင့်ပင် ကိုယ့်အယူအဆ တစ်ခုကို ပွင့်ပွင့်လင်းလင်း ပြောရဲသူ မဟုတ်သဖြင့် ကျွန်တော်သည် အခြားလူများအတွက် စိတ်ဝင်စားစရာ မကောင်းလှဘဲ ပျင်းရိ ငြီးငွေ့စရာလူ တစ် ယောက်သာ ဖြစ်နေတတ်သည်။ 

ထိုသို့ လူအများနှင့် ကြာရှည်စွာ မိတ်ဆွေ ဖြစ်နိုင်စွမ်း မရှိသော ကျွန်တော့်အတွက် အလွန်ကံဆိုးလှသူ တစ်ဦးနှင့်တော့ အတော်ကြာ မိတ်ဆွေအဖြစ် နေထိုင်ခဲ့ကြဖူးပါသည်။ ထိုမိတ်ဆွေ၏ ကံဆိုးမှုမှာ အိမ်ထောင်ရေး ကိစ္စ၌ ဖြစ်သည်။ သူသည် ခေတ်ပညာကို အတော်အတန် သင်ယူခဲ့ဖူးပြီး သည်မြို့ကလေးမှ ပိုက်ဆံချမ်းသာသော သူဌေးတစ်ဦး၏ သမီးနှင့် အိမ်ထောင်ကျခဲ့သည်။ သူ့ယောက္ခမများ၏ စီးပွားရေး လုပ်ငန်းတွင် လုပ်ကိုင်နေရပြီး သူ့မိန်းမ၏ ဩဇာလွှမ်းမိုးခြင်းကို ခံနေရသည်။ နေ့စဉ် စိတ်မချမ်းသာမှု၊ မပျော်ရွင်မှုများဖြင့် သူ့ရုပ်ရည်မှာ သူ့အသက်ထက် ဆယ်နှစ်ခန့်မျှ အိုစာနေတော့သည်။ သူ၏ ရွေးချယ်မှု မှားယွင်းခဲ့ခြင်းအတွက် သူနောင်တ ရနေပုံမှာ နှစ်ပေါင်းများစွာ ထွန်ယက်ခဲ့ရသည့် နွားအိုကြီး တစ်ကောင်ကို သွားပြီး သတိရစေတော့သည်။ 

“သူ့ တိုက်တွေ၊ ကားတွေ၊ သူ့မှာ ရှိသမျှ စည်းစိမ်ဥစ္စာတွေ အားလုံးကို ကျွန်တော် ပိုင်တယ်လို့ ပြောနိုင်ပါရဲ့၊ ဒါပေမယ့် ... သူ့ပစ္စည်း ဥစ္စာတွေ အားလုံးကို ပိုင်တဲ့ ကျွန်တော့်ကိုတော့ သူက ပိုင်ပြန်ရောဗျ” ဟု ပြောတတ်သည်။ 

“ကျုပ်မှာ တကယ်တာမ်း ချစ်ရတဲ့ မိန်းကလေးတစ်ယောက် ရှိခဲ့တယ်ဗျ” ဟူ၍ သူ့ဇာတ်လမ်းကို အစချီကာ တအီအီ ငိုကြွေးတော့သည်။ 
“အင်း ... ကျုပ်ဟာ ကလေးနှစ်ယောက် အဖေ ဖြစ်ခဲ့ပြီး တစ်နေ့ထက် တစ်နေ့ ရင့်ကျက်ခဲ့ပါပြီဗျာ၊ ရင့်ကျက်တယ်ဆိုရင် ဘာဖြစ်လို့ ငိုနေရတာလဲ၊ ဘာဖြစ်လို့ မျက်ရည်တွေ ကျနေရတာလဲလို့ မေးကြလိမ့်မယ်။ ရင့်ကျက်တယ်ဆိုတဲ့ အဓိပ္ပါယ်ထဲမှာ မျက်ရည်တွေ၊ ငိုကြွေးခြင်းတွေ မပါဘူးလို့ ခင်ဗျားတို့က ယူဆကြတာကိုး ...” ဟု သူ့ဟာသူ ပြောပြီး ငိုပြန်တော့သည်။ 

ထိုမိတ်ဆွေ သေဆုံးသွားသော နေ့က သူ့အသုဘကို ကျွန်တော် လိုက်မပို့ဖြစ်ခဲ့။ အခြား တစ်နေရာသို့ ခရီးသွားနေခိုက် ဖြစ်သည်။ 
သူ့အကြောင်း ပြန်တွေးရင်း အပူငွေ့တွေနှင့် တုန်ခါနေသည့် လမ်းမကြီးဆီ ကျွန်တော် ငေးမျှော်မိပြန်သည်။ ဆယ်နှစ်ကျော် ကာလအတွင်း သည် လက်ဖက်ရည်ဆိုင်လေးမှာ နေ့တိုင်းလိုလိုပင် ကျွန်တော် ထိုင်ဖြစ်ခဲ့သည်။ သည်နေ့ရက်တွေ အားလုံး ကျွန်တော့်အတွက် တစ်စုံတစ်ရာ အမှတ်ရစရာ ဘာများ ရှိခဲ့ပါသလဲ။ တစ်စုံတစ်ယောက်နှင့် အမှတ်ရစရာ ဘာစကားတွေ ပြောဖြစ်ခဲ့ပါသလဲ။ ကျွန်တော့်အတွက် ဘာမျှ ထူးခြားမှု မရှိခဲ့ပါ။ တစ်ခါတစ်ရံမှာ ပူပြင်းသော နေရောင်အောက်တွင် အကြောင်းမရှိလျက်ဘဲ စိတ်ဓါတ်တွေ တက်ကြွနေခဲ့ဖူးသည်။ တစ်ခါတစ်ရံမှာတော့ အဆုံးစွန်ထိ ပျင်းရိငြီးငွေ့နေခဲ့ဖူးသည်။ သည်မြို့ကလေးမှ အခြားလူများလို ကျွန်တော်သည် စစ်တုရင်ထိုးဖို့လည်း ဝါသနာ မပါခဲ့။ သောလုံးပွဲ အကြောင်း၊ တရားဓမ္မ အကြောင်း၊ ရုပ်ရှင် မင်းသား မင်းသမီး အကြောင်း၊ အဆိုတော်များ အကြောင်းကိုလည်း မပြောတတ်ခဲ့။ တစ်ယောက်တည်းပင် ရုပ်ရှင် သွားကြည့်နေတတ်ခဲ့သည်။ စာအုပ်တစ်အုပ် ထိုင်ဖတ်နေဖြစ်ခဲ့သည်။ သည် မြို့ကလေးတွင် သည် လက်ဖက်ရည်ဆိုင်သည် လူအများဆုံး သောက်သော ဆိုင်ကလေး ဖြစ်သည်။ နံနက်လင်းချိန်မှ ကိုးနာရီ၊ ကိုးနာရီခွဲထိ လူတအား စည်ကားသည်။ လက်ဖက်ရည် သောက်ပြီးမှ ကိုယ့်လုပ်ငန်းခွင် အသီးသီးသို့ သွားကြသည်။ အများစုမှာ ရုံးသူ ရုံးသားများ၊ ပန်းထိမ် ဆရာများ၊ မော်တော်ကား စက်ပြင်နှင့် တွင်ခုံ အလုပ်သမားများ၊ မွေးမြူသူများ၊ နွားနို့ညှစ်သူများ စသည်ဖြင့် လုပ်ငန်းစုံလှသည်။ 

သည်မြို့ကလေးမှ လူငယ်အများစုမှာ စိတ်အားတက်ကြွ ပျော်ရွှင်တတ်ကြသူများ ဖြစ်သည်။ ကျွန်တော်နှင့် ခင်မင်ရင်းနှီးမှု သိပ်မရှိလှသော်လည်း သူတို့မျက်နှာမှာ ဖော်ရွေမှု အပြည့် ရှိနေတတ်ကြသည်။ ခင်မင်နှစ်သက်စရာ ကောင်းလှသည်။ မိန်းကလေး အများစုမှာ ဆေးလိပ်ခုံ လုပ်ငန်း၊ အချိတ်ထဘီ ရက်လုပ်သည့် လုပ်ငန်း၊ စက်ချုပ်လုပ်ငန်း စသည့်တို့ကို လုပ်ကိုင်ကြသည်။ ပညာတတ်များ၊ တက္ကသိုလ် ကျောင်းသူများ၊ ရုံးဝန်ထမ်းများလည်း ရှိပါသည်။ အများစုမှာ ရုပ်အဆင်းသွင်ပြင် တင့်တယ်ပြီး အသားအရည် စိုပြည်ကြသည်။ လူကြီးပိုင်းတွင် နိုင်ငံရေးသမားဟောင်း ကြီးများ၊ အစဉ်အလာ ချမ်းသာကြွယ်ဝသူများ ပေါများသည်။ တရားဓမ္မ လိုက်စား ဆွေးနွေးမှုကို ခုံမင်ကြသည်။ အများစုမှာ ကိုယ်ပိုင်လုပ်ငန်းကို လုပ်ကိုင်ကြပြီး လှုကြီးလူကောင်းဆန်ဆန် ပြောဆို နေထိုင်မှုကို ဂုဏ်ယူ တတ်ကြသည်။ 

ကျွန်တော့် ဗီဇကိုက ထုံထုံထိုင်းထိုင်း နေတတ်သူတစ်ယောက် ဖြစ်သည့်အတွက် သည်မြို့ကလေးမှ လူကြီး လူကောင်းများ၊ ခင်မင်စရာ ကောင်းလှသည့် လူငယ်များ၊ လှပချောမောသည့် မိန်းကလေးများနှင့် မိတ်ဆွေ ဖြစ်မှု မရှိခဲ့ရသော်လည်း သည် လက်ဖက်ရည်ဆိုင်ကလေးတွင် ဆယ်နှစ်ဆယ်မိုး နေ့စဉ်လို လာရောက်နေထိုင်ခဲ့သည့်အတွက် ကျွန်တော့် နှလုံးသား၌ အမှတ်တရ ရှိနေ ရသော လူတချို့တော့ ရှိပါသည်။ ထိုလူများမှာ သည်မြို့ကလေးက အခြားလူများနှင့်တော့ ကွဲပြားခြားနားလှသည်။ ကျွန်တော် ဖော်ပြခဲ့သည့် အိမ်ထောင်ရေးတွင် ကံဆိုးလွန်းလှသူ ကဲ့သို့ပင် သူတို့၏ ဝိညာဉ်မှာ ထာဝစဉ် နာကြည်းကြေကွဲနေကြသူများ ဖြစ်လိမ့်မည်။ 

သူတို့အထဲမှာ ပထမဆုံး ပြောလိုသူမှာ အဆွေးသမား တစ်ယောက် ဖြစ်သည်။ သူ့နာမည်ကိုတော့ “ကိုဆွေးမောင်” ဟုသာ ခေါ်ကြပါစို့။ သူ့ မျက်နှာမှာ အမြဲတမ်းပင် ပူဆွေးသောက ရောက်နေသည့် အသွင်ကို ဆောင်လျက်ရှိသည်။ သူသည် တစ်ယောက်တည်းသာ အဆွေးများဖြင့် ငေးမောရင်း ထိုင်နေတတ်သည်။ ဤသို့ တစ်ယောက်တည်း ထိုင်နေခြင်းဖြင့် သူ့ ဦးနှောက်ထဲသို့ စိတ်ကူးစိတ်သန်း အသစ်အဆန်းများ ဝင်ရောက်လိမ့်မည်ဟု သူ ယုံကြည်ထားကြောင်း ပြောပြလေ့ရှိသည်။ သို့ရာတွင် သူသည် ဘဝတစ်လျှောက်လုံး၌ ဘာအရာကိုမျှ မည်မည်ရရ လုပ်ကိုင်ဆောင်ရွက် ခဲ့ဖူးသူ မဟုတ်။ ဤမြို့ကလေးတွင် မွေးဖွားကြီးပြင်းခဲ့ပြီး ဤမြို့ကလေး၌ပင် အရိုးထုတ်ရန် ကြံရွယ်ထားဟန် တူသည်။ သူ့မိဘများ ရှိစဉ်က အတော်အတန် ချမ်းသာကြွယ်ဝခဲ့သော်လည်း၊ ယခု ထို စည်းစိမ်ဥစ္စာများ မရှိတော့ပေ။ 

သူ့ ဦးနှောက်ထဲသို့ အလိုအလျောက် ဝင်ရောက်လာလိမ့်မည်ဟု သူ ယုံကြည်ထားသော စိတ်ကူးစိတ်သန်းများမှာလည်း သူ့ဘဝ ဖြတ်သန်းမှု၏ သေးမွှားသော အစိတ်အပိုင်းများထဲမှ တိုးထွက်လာခဲ့ခြင်းမျှသာ ဖြစ်ပြီး မရေရာသော နောင်တတရားနှင့် သံဝေဂဆန်ဆန် အတွေးများသာဖြစ်သည်။ သံဝေဂဆိုသည်မှာ အဘယ်နည်း၊ သစ်ပင် တစ်ပင်ထက်တွင် အခက်အလက် ဝေဆာနေခြင်းမှ ပူပြင်းသော နွေရာသီ၌ အလိုလျောက် ကြွေကျခဲ့ရသည့် သဘောထာရားထက် မည်သို့မျှ ပိုမိုမလေးနက်သော အလိုအလျောက် ကုန်ဆုံးခဲ့ရသော သူ့ဘဝ၏ အစိတ်အပိုင်းများကို ပြန်လည် တမ်းတခြင်းမျှသာ ဖြစ်သည်။ 

နောင်တ ဆိုသည်မှာလည်း ထို့အတူပင်။ သူ့ဘဝ၌ မဖြစ်ခဲ့ရသမျှတို့ကို ပြန်လည်တမ်းတခြင်းမျှသာ ဖြစ်သည်။ သို့ရာတွင် သူ့ဘဝ၌ တကယ်တမ်း ဖြစ်ချင်ခဲ့သောအရာမှာ ဘာဖြစ်သည်ဟူ၍ သူကိုယ်တိုင် မသိပြန်။ ဤသို့ဖြင့် ခါးသီးသော ဘဝအတွေ့အကြုံ တစ်ခုမျှ မပါဘဲလျက် အလိုအလျောက် ကြေကွဲနေသော နောင်တနှင့် သံဝေဂတရားတို့ကို မျက်မှောက်ပြုနေရသော သနားစရာ ဘဝတစ်ခုကို သူပိုင်ဆိုင်နေတော့သည်။ သူ့မျက်နှာမှာ ထာဝစဉ်ပင် အနက်အဓိပ္ပါယ် ဖွင့်ဖို့ခက်သည့် အသွင်ကို ဆောင်လျှက် အမြဲတမ်းလိုပင် တိတ်ဆိတ်စွာ ထိုင်နေတတ်ရာ ညပေါင်း များစွာ၌ သူ့ဝိညာဉ်မှာ ည၏မှောင်မိုက်ခြင်းထဲသို့ တရွေ့ရွေ့ တိုးဝင်နေပြီး နေ့ပေါင်းများစွာ၌ သူ့ဝိညာဉ်မှာ ကျယ်ပြန့်သော အလင်းရောင်ထဲသို့ ထွက်ပြေးနေသလား အောက်မေ့ရတော့သည်။ သူသည် ပန်းနာရင်ကျပ် ရောဂါကိုလည်း နှစ်ပေါင်းများစွာ ခံစားနေရသူဖြစ်ရာ သူ့လည်ချောင်းထဲမှ သလိပ်များကို ခက်ခဲစွာမျိုချနေပုံမှာ ကမ္ဘာကြီးတစ်ခုလုံးအား မျိုချနေရ သကဲ့သို့ရှိပြီး ကြည့်ရသည်မှာ ရင်မောစရာ ကောင်းလွန်းလှတော့သည်။

ကျွန်တော်သည်လည်း ကိုဆွေးမောင်ကဲ့သို့ပင် လမ်းမပေါ်မှ အပူရောင်များကို အဓိပ္ပါယ်လုံးဝ မရှိဘဲနှင့် အဓိပ္ပါယ်တစ်ခုခု ရှိလေဟန် ငေးကြည့်နေတတ်ခဲ့သည်။ သည်ဆိုင်ကလေးတွင် ကက်ဆက်ခွေဖွင့်ခြင်း လုံးဝမရှိ။ သို့ရာတွင် တစ်ဦးနှင့်တစ်ဦး နောက်ပြောင်ရယ်မောကြသံ၊ စားပွဲထိုးလေးများ အချင်းချင်း မှာကြားသံ၊ ဆိုင်ပိုင်ရှင်ဖြစ်သူ ကိုအောင်စိုး၏ စေခိုင်းသံတို့ဖြင့် အမြဲတမ်းလို ဆူညံ နေတတ်သည်။ ဆိုင်ကလေးမှာ သူတို့ ဖခင်ကြီး အဆင်းရဲ၊ အပင်ပန်းခံကာ စတင်ပျိုးထောင်ခဲ့ခြင်း ဖြစ်ပြီး ယခု ကိုအောင်စိုးနှင့် ညီအစ်ကိုတစ်တွေက ဦးစီးလုပ်ကိုင်နေကြသည်။ သည်လက်ဖက်ရည် လုပ်ငန်းဖြင့်ပင် သည်မြို့လေး၌ ထိပ်သီး ချမ်းသာကြွယ်ဝသူများ စာရင်းဝင်လျက် ရှိပြီ။ ကျွန်တော်ပင် ဟိုတစ်ခါတုန်းက ငွေတစ်ဆယ်လိုသဖြင့် “မဃဒေဝ လင်္ကာသစ်” စာအုပ် ကိုအောင်စိုးဆီ ရောင်းဖူးသည်။ ကိုအောင်စိုးက စာအုပ်ကို ယူမထားဘဲ ငွေတစ်ဆယ် ချေးလိုက်သည်။ 
တစ်ခါတစ်ရံတွင် အခြားစားပွဲတစ်ခုခု၌ တက္ကသိုလ်မှ ခေတ္တပြန်ရောက်လာတတ်သော ကျောင်းသားကလေး တစ်ဦးဦးနှင့် လူအချို့ စကား ပြောနေတတ်သည်။ ထိုကျောင်းသားကလေးမှာ သူ့အတွေ့အကြုံကို ပြောမကုန်အောင် ရှိနေတတ်သည်။ သူတို့ကို ကြည့်ပြီး လွန်ခဲ့သော ခေတ်များမှ မျိုးဆက်များကို မတွေ့ကြုံဘူးပဲလျက်နှင့်ပင် ကျွန်တော် မြင်ယောင် နေမိတတ်သည်။ လက်ဖက်ရည်ဆိုင်၌ သူ ပေါ်ပြူလာဖြစ်နေပုံမှာ ကျွန်တော် ဖတ်ဖူးသော ဝတ္ထုတစ်ပုဒ်ထဲတွင် ဘုရင့်တပ်မတော်မှ မိမိဇာတိရပ်ရွာသို့ ခေတ္တပြန်ရောက်လာသော စစ်သားကလေးနှင့်လည်း တူလှသည်။ 

အခုတော့ နေ့လယ်ခင်းမို့လား မသိ၊ လက်ဖက်ရည်ဆိုင်တွင် လူရှင်းလှသည်။ ကျွန်တော့်အတွက် အထူးတလည် နှုတ်ဆက်စကားပြောရန် မိတ်ဆွေဟူ၍ မရှိသော်လည်း ကျွန်တော် မြင်တွေ့နေကျ လူများကိုတော့ မြင်လိုလှပါသည်။ သူတို့ကိုပင် ကျွန်တော့် နှလုံးသားအတွင်းမှာ တိုးတိတ်စွာ နှုတ်ဆက် ထွက်ခွာသွားရတော့မည်။

ကိုကျောက်ခဲလည်း ဘယ်ရောက်နေမည် မသိ။ ယခုထိ ရောက်မလာသေးပေ။ ကိုကျောက်ခဲမှာ သည်မြို့ကလေး၌ ကျွန်တော်၏ အရင်းနှီးဆုံး မိတ်ဆွေဟူ၍ ပြောမည်ဆိုက ပြောလို့ရသည်။ ကျွန်တော် တစ်ယောက်တည်း ထိုင်နေသည့် နေရာသို့လာပြီး “အစ်ကို စားပြီးပြီလား” ဟု သူက မေးလိုက်မည်၊ ကျွန်တော်က သူ့ကို အပြားငါးဆယ်၊ သို့မဟုတ် အကြွေ မပါခဲ့လျှင် ကျပ်တန်တစ်ရွက် ပေးလိုက်မည်။ ပိုက်ဆံယူပြီး ထွက်သွားမည်။ ဘာမျှ ထူးထူးထွေထွေ ပြောနေမည် မဟုတ်။ လက်ဖက်ရည်ဆိုင်သို့ လာမည်ဆိုလျှင် ကျွန်တော့်အတွက် လက်ဖက်ရည်နှင့် ဆေးလိပ်ဖိုးအပြင် ကိုကျောက်ခဲအတွက် အပြားငါးဆယ် အရံသင့် ယူဆောင်လာခဲ့ရသည်။ တစ်ခါတစ်ရံ ကျွန်တော်တွင် သူ့အတွက် ပိုက်ဆံမပါသောအခါ အားနာစွာနှင့် “မနက်ဖြန်မှ ယူနော်” ဟု သူ့ကို ပြောရသည်။ ထိုအခါမျိုးတွင် သူသည် မြူဝေ့ဆိုင်းသော မျက်လုံးအစုံဖြင့် ကျွန်တော့်အနီးမှာ ရပ်ပြီး ပတ်ဝန်းကျင်ကို ငေးမျှော် ကြည့်နေတတ်သည်။ သိပ်ကြာအောင် ရပ်နေသောအခါများမှာတော့ ကျွန်တော်လည်း ရှက်လာတတ်သည်။ ပတ်ဝန်ကျေင် စားပွဲများမှ လူတွေက ကျွန်တော်တို့ နှစ်ဦစေလုံးကို ကြည့်နေကြမည်။ ကိုကျောက်ခဲ အလွယ်တကူ ထွက်မသွားခြင်းမှာ ကျွန်တော့်ထံမှ ပိုက်ဆံ မရသောကြောင့် ဖြစ်ကြောင်းသိကြမည်။ ကျွန်တော့်တွင် အပြားငါးဆယ်ပင် အပိုမပါကြောင်း လူတွေသိကြမည်။ မည်သို့ပင်ဖြစ်စေ ကိုကျောက်ခဲမှာ ကျွန်တော့်အားများစွာ စိတ်အနှောင့်အယှက် ဖြစ်စေသည်တော့မဟုတ်ပါ။ 

ကိုကျောက်ခဲ ဝတ်ထားသည့်အင်္ကျီမှာ ကားပြင် ဝပ်ရှော့သမားများက ဝတ်ထားသည့် အင်္ကျီထက်ပင် ချေးတွေ ပေကျံနေသည်။ နောက် ကျောပြင်တစ်ပြင်လုံး ဟာလာဟင်းလင်း ဖြစ်သည် ။ လုံချည်မှာ သည့်ထက်ပိုပြီး ညစ်ပတ်ပေကျံ နေသေးသည်။ နဖူးပြောင်ပြီး နောက်ပိုင်းမှ ဆံပင်များက တွန့်လိမ်ကွေးကောက် ရှုပ်ထွေးနေသည်။ မုတ်ဆိတ်မွေး၊ ပါးမြိုင်းမွေး ထူလပျစ်နှင့်ဖြစ်သည်။ တစ်ခါက ကျွန်တော်နှင့် သိကျွမ်းဖူးသော စာပေသမားတစ်ယောက် သူ့ လွယ်အိတ်ထဲ အမြဲဆောင်ထားတတ်သည့် စာအုပ်ထဲက “ဒေါ့တော်ယက်စကီး” ဆိုသူနှင့် အလွန်တူလှသည်။ ထိုစာပေသမားမှာလည်း သူ့လွယ်အိတ်ထဲကာ ဒေါ့တော်ယက်စကီး အတိုင်းပင် ဖြစ်ပြီး “ခင်ဗျားနဲ့ ဒေါ့တော်ယက်စကီးနဲ့ တော်တော့ကို တူတယ်ဗျာ” ဟု သူက ကျွန်တော့်ကို ပြောခိုက်တွင် ကျွန်တော်ကတော့ သူနှင့် ကိုကျောက်ခဲတို့ တူညီပုံကို စဉ်းစားနေမိတတ်သည်။ “မြေအောက် မှတ်တမ်းများ” ဆိုသည့် စာအုပ်ထဲက စာပိုဒ်များကို သူက ကျွန်တော့်အား ရွတ်ပြခဲ့ဖူးသည်။

ကိုကျောက်ခဲကဲ့သို့ပင် ကျွန်တော့်အတွက် အခြားမိတ်ဆွေတစ်ဦး ရှိသေးသည်။ သူ့အမည်မှန်ကို ကျွန်တော် မသိသော်လည်း သူ့ကို ကျွန်တော်က “ဌေးရဲ့ ချစ်သူ” ဟု ခေါ်ပါသည်။ အခြားစားပွဲများက သူလာရောက်ထိုင်ခြင်းကို အသိအမှတ် မပြုကြသဖြင့် ကျွန်တော့်နားတွင် အမြဲလာရောက် ထိုင်တတ်သည်။ သူ့နဖူးတွင် “ဌေးဌေး” ဟု ဆေးမင်ဖြင့် စာတန်း ထိုးထားသည်။ လက်ဖမိုး နှစ်ခုလုံးပေါ်တွင်လည်း “ဌေးဌေးရေ” ဟု ရေးထားသည်။ သူ၏ ထူးခြားသော အရည်အချင်းမှာ စကား အဆက်အစပ် လုံးဝမရှိဘဲနှင့်ပင် “မငိုပါနဲ့ဗျာ ... မငိုပါနဲ့၊ စိတ်ကို ထိန်းထားမှပေါ့” ဟု တစ်စုံတစ်ယောက်က ပြောလိုက်လျှင် သူ့မျက်လုံးနှစ်ဖက်မှ မျက်ရည်များ ဒလဟော စီးကျလာနိုင်ခြင်းပင် ဖြစ်သည်။ 
လက်ဖက်ရည်ဆိုင်မှ စီးကရက်ဘူးခွံများကို တောင်းပြီး “ချစ်သော ဌေးရေ၊ ဒီနေ့အမီ ငွေငါးဆယ် ပို့လိုက်မည်။ ကလေးတွေကော နေကောင်းတယ် မဟုတ်လား။ အချစ်များစွာဖြင့် ... ကိုကို” ဟူသော စာကြောင်းများကို ကျွန်တော်က သူ့အတွက် ရေးပေးရတတ်သည် ။ ထိုစာကို မည့်သည့်အရပ်သို့ ပို့သည်ဟု ကျွန်တော်မသိပေ။ 

ကျွန်တော်နှင့် သိပ်မရင်းနှီးလှသော်လည်း မြို့လူထုက ပြောစမှတ် ပြုကြသည့် ကျောင်းဆရာလေး တစ်ဦးအကြောင်း ရှိသေးသည်။ ကျောင်းဆရာလေးသည် ဤမြို့ကလေးမှ အတန်ဝေးသည့် တောရွာတစ်ရွာသို့ သွားပြီး စာသင်ရသည်။ သူ့အား ပြောစမှတ် တွင်စေသည့် အကြောင်းမှာ ငွေစုခြင်း၌သာ ဝါသနာပါခြင်း ဖြစ်သည်။ သူငွေစုခြင်းမှာ စုဆောင်းထားသောငွေဖြင့် အမြတ်အစွန်းရအောင် ပြုလုပ်လိုသောကြောင့် မဟုတ်။ သူသည် ကျောင်းဆရာ အလုပ်မှလွဲပြီး ဘာကိုမျှ မလုပ်တတ်၊ ငွေစုခြင်းမှာ သူ့ဝါသနာနှင့် သူ့နောင်ရေးအတွက် စိုးရိမ်ပူပန်မှုကြောင့်သာ ဖြစ်သည်။ 
အခြားလူများ စာဖတ်ရန်၊ ဘောလုံးပွဲကြည့်ရန်၊ ရုပ်ရှင်ကြည့်ရန် ဝါသနာပါနည်းမျိုးလို သူသည် ငွေစုရန် ဝါသနာပါခြင်း ဖြစ်သည်။ မိမိ စိုက်ထားသော သစ်ပင်အား အမြစ်ထွက်မထွက် တစ်နေ့တစ်ခါ ဖော်ကြည့်သော မျောက်ကဲ့သို့ ကျောင်းဆရာလေးသည်လည်း လူခြေတိတ်သော ညအခါများ၌ သူစုထားသော ငွေများကို ညစဉ် ရေတွက်နေတတ်သည်ဟု မြို့လူထုက ပြောစမှတ် ပြုကြသည်။ စနေ၊ တနင်္ဂနွေလို ကျောင်းအားရက် အိမ်ပြန်လာသောအခါ ယခင်ညနေက ချက်ပြီး မကုန်ဘဲ ကျန်နေသော ထမင်းကြမ်းများကို ထုတ်ယူလာတတ်သည်။ ဤနည်းဖြင့် သူ့အတွက် ထမင်းတစ်နပ် အလဟဿ မဖြစ်စေဘဲ သူ၏ စုဘူးထဲသို့ ငွေအရေအတွက် တိုးစေသည်။ 

လူတို့အကြောင်းများကို စဉ်းစားရင်း နေတောင် အတော်ချိုသွားပြီ။ ညနေ လေးနာရီလောက်ပင် ရှိရော့မည်။ ဟော အခြားစားပွဲ တစ်ခုတွင် တရားဓမ္မလိုက်စား ဆွေးနွေးသူများ ရောက်နေကြပြီး သူတို့ထဲတွင် အတော်အသက်ကြီးသူများ ပါသလို လူရွယ်များလည်း ပါသည်။ သူတို့သည် တရားဓမ္မအား ခေတ်သစ်နည်းဖြင့် လိုက်စားပြောဆိုခြင်းဖြင့် သူတို့ ကိုယ်တိုင်လည်း ခေတ်မီသော အတွေးအခေါ်ရှိသူများ အဖြစ်ခံယူထားကြသူများ ဖြစ်သည်။ သိပ္ပံနည်းကျပြီး စစ်မှန်သော တရားဓမ္မ လိုက်စားသူများအဖြစ် ဂုဏ်ယူ ပြောဆိုတတ်ကြသည်။ အခြားရိုးရာ ဘာသာရေး အမြင်ရှိသူများ၏ အယူအဆများကို ပြက်ရယ် ပြုတတ်ကြသည်။

မျက်နှာထူထူ၊ ခပ်ပုပု၊ မျက်မှန်တပ်ထားသည့် ပုဂ္ဂိုလ်ကြီးက ပါဠိတော်မှ စာပိုဒ်များကို အာဂုံရွတ်ဖတ်နေသည်။ အသက်ခြောက်ဆယ်ကျော် ရှိ အဘိုးအိုက သူ့အတွေ့အကြုံများကို ထုတ်ပြပုံဆောင်ပြီး တရားသဘောကို လောက၏ ဖြစ်ပျက်တတ်သော အခြင်းအရာတို့နှင့် ယှဉ်ပြီး ဝေဖန်ပြနေကြသည်။ လေးဆယ်ရွယ် လူတစ်ဦးက ပါဠိစကားလုံးများကို အင်္ဂလိပ်လို ပြန်ဆိုရွတ်ပြနေသည်။ အခြား လုံးဝပြောဆိုခွင့်မရသူ နှစ်ဦးမှာ ထိုလူများ ရွတ်ဖတ်နေသည်ကို မိမိတို့ နားလည်ကြောင်း ပြသနိုင်ရန် ခေါင်းတဆတ်ဆတ် ညိတ်နေရသည်။ 

လက်ဖက်ရည်ဆိုင်ထဲမှ ကျွန်တော် ထခဲ့သည်။ ဘူတာရုံကို သွားဖို့လည်း အချိန်စောလွန်းသေးသည်။ မြို့အရှေ့ဖျားဆီသို့ လမ်းမကြီးအတိုင်း လျှောက်ခဲ့သည်။ အရက်ဖြူဆိုင်ထဲဝင်ပြီး အရက် အနည်းငယ် သောက်ခဲ့သည်။ မြို့အရှေ့ဖျား ရေမြောင်းဆီ လမ်းဆက်လျှောက်ခဲ့သည်။ ဟိုအရှေ့ဘက်မှာ တောင်တန်းကြီးတွေက မှိုင်းပျမှုန်ရီလို့။ မြို့မြောက်ဘက်မှာရှိသည့် တောင်တော်မြတ်ဆီက ဘုရားပုထိုးတွေ ဖြူဖြူဖွေးဖွေးနှင့်။ လမ်းမ တစ်လျှောက်မှာတော့ အဝေးတောင်ပေါ် မြို့တွေက ဆင်းလာသည့် ကုန်ကားကြီးတွေ မောင်းနှင်သွားကြသည်။ ညနေ နေချိုသမ်းချိန်မို့ တဖြည်းဖြည်း လူစည်ကားလာပြီ။ ညနေ ကိုးနာရီကျော်သည်ထိ စည်ကားနေဦးမည်။ နေဝင်ဖျိုးဖျ ညနေဆည်းဆာ အောက်တွင် ဆယ်နှစ်ကျော်မျှ ကျွန်တော် နေထိုင်ခဲ့သည့် မြို့ကလေးမှာ ကျွန်တော့်အတွက် သူစိမ်းဆန် လွန်းလှပါဘိ။ 

အို ... ဘာကို ကျွန်တော် လွမ်းနေမိပါလိမ့်။ ဤမျှ အချိန်ကြာမြင့်စွာ ထွက်ခွာသွားတော့မည့် သည်လိုအချိန်တွင် လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်စရာ မိတ်ဆွေ တစ်ဦးတလေတော့ ရှိသင့်သည်ဟု တွေးမိသဖြင့် ရင်ထဲတွင် ဝမ်းနည်းမှုကို ခံစားလိုက်ရသည်။ 
သည်မြို့ကလေး၌ ကျွန်တော် မရှိတော့ခြင်းကို လှိုက်လှိုက်လှဲလှဲ ဝမ်းနည်းကျန်ရစ်မည့် တစ်စုံတစ်ယောက်အတွက် လှိုက်လှဲ ပူနွေးသော ဝမ်းနည်းမှုမျိုးကို ခံစားလိုက်ချင်သည်။ ခင်မင်ရင်းနှီးသော မိတ်ဆွေ တစ်ဦးဦး၊ ချစ်သူရည်းစား တစ်ယောက်ယောက်၊ ကြည်ညိုလေးမြတ်ရမည့် ပုဂ္ဂိုလ် တစ်ဦးဦး၊ မိဖလို တွယ်တာရမည့် အဘိုးအို တစ်ယောက်၊ ချစ်ရဖွယ် ကလေးငယ် တစ်ဦးဦး စသည်ဖြင့်ပေါ့လေ။ အထီးကျန်ဘဝ၌ ဝမ်းနည်း စရာမရှိသည့်အတွက် ဝမ်းနည်းရသည့် ဝေဒနာမှာ ဝမ်းနည်းစရာရှိပြီး ဝမ်းနည်းရသည့် အဖြစ်ထက်ပင် ပို၍ဝမ်းနည်းဖို့ ကောင်းလှတော့သည်။ 

ကိုကျောက်ခဲ၊ ကိုဆွေးမောင်၊ ဌေးရဲ့ ချစ်သူ၊ သေဆုံးသွားပြီ ဖြစ်တဲ့ ကံဆိုးလွန်းလှသူ ကျွန်တော့်မိတ်ဆွေ စတဲ့ စတဲ့။ ကျွန်တော်သည် ထိန်းချုပ်မှုမဲ့ ကွဲအက်နေသော ဝိညာဉ်များနှင့်သာ ထိတွေ့ဆက်ဆံခဲ့ရပြီး ဤသူများသည်လည်း ကျွန်တော်ကဲ့သို့ပင် လွင့်စဉ် ဖွာကြဲနေသော သူတို့ ဘဝနှင့် လျော်ညီစွာ ဥပေက္ခာ ဆန်လွန်းကြသည်။ သူတို့ကိုပင် ကျွန်တော့် နှလုံးအိမ်မှ တိုးတိတ်သော စကားသံများဖြင့် နှုတ်ဆက်ခဲ့ရတော့မည်။ သူတို့ကိုပင် သည်ကနေ့ မတွေ့ရသေး။ ကိုဆွေးမောင်ကတော့ သူ့အိမ်မှာ ပန်းနာရင်ကျပ် ရောဂါထနေလိမ့်မယ် ထင်တယ်။ ဌေးရဲ့ ချစ်သူကတော့ တောအရက်ဆိုင် တစ်ဆိုင်ဆိုင်မှာ ရှိလိမ့်မည်။ သူသည် နေ့ရော ညပါ အရက်သောက်သူ ဖြစ်သည်။ ကိုကျောက်ခဲကတော့ အရက်မသောက်တတ်၊ လမ်းမပေါ်တွင် လျှောက်သွားနေမည်လား၊ လက်တစ်ဖက်က ဓါးကိုထောက်ပြီး မြူဝေ့ဆိုင်းသော မျက်လုံးအစုံဖြင့် တစ်နေရာရာမှ ရပ်ပြီး တစ်နေရာရာဆီ ငေးကြည့်နေမည်လား။ ရေပုပ်မြောင်း တံတားခုံပေါ်မှာ လက်နှစ်ဖက်ဖြင့် ဒူးကို သိုင်းယှက်ပြီး မြူဝေ့ဆိုင်းသော မျက်လုံးအစုံဖြင့် ရီဝေငေးမောစွာ ထိုင်နေမည်လား။ 

သည်လို အဝေးမြို့တစ်မြို့ဆီ အပြီးအပိုင် ထွက်ခွာသွားတော့မည့် အချိန်တွင် လိင်မတူသည့် မိန်းမသား တစ်ဦးဦးအား အားရပါးရ ပွေ့ဖက် နှုတ်ဆက်လိုက်ရလျှင် ဘယ်လောက် ကောင်းမည်နည်း။ အဲသည့် မြင်ကွင်းကလေးဟာ သိပ်ကို အနုပညာ ဆန်သွဦးလိမ့်မည်။ အို ... လိင်မတူတဲ့ မိန်းမ တစ်ယောက်ယောက်။ ကျွန်တော် သတိရပြီ။ လိင်မတူတဲ့မိန်းမ တစ်ယောက်ယောက်။ ကျွန်တော် တစ်ခါတုန်းက ရောက်ဖြစ်ခဲ့ဖူးသော အိမ်ကလေးကိုသွားပြီး သတိရသည်။ 

အဲသည်မှာ တစ်စုံတစ်ယောက်က ကျွန်တော့်ကို အဆင်သင့် စောင့်မျှော်နေနိုင်သည်။ ဟိုတစ်ခါတုန်းက သူမ မဟုတ်ခဲ့လျှင် အခြား တစ်ယောက်ယောက်ပေါ့။ တစ်ယောက်ယောက်တော့ တစ်ယောက်ယောက်ပေါ့။ ကိုဆွေးမောင်၊ ကိုကျောက်ခဲ၊ ဌေးရဲ့ ချစ်သူ စတဲ့ သူတို့ အပြင် ကျွန်တော့်မှာ လိင်မတူသည့် မိန်းမသား တစ်ယောက်လည်း မိတ်ဆွေ ရှိခဲ့ဖူးကြောင်း၊ ပြန်အမှတ်ရမိတော့ ပျော်ရွှင်သလို ခံစားလိုက်ရသည်။ 
အဲသည် အိမ်ကလေးဆီ ကျွန်တော် သွားမည်။ အဲသည်မှာ တွေ့ရမည့် တစ်ယောက်ယောက်။ တစ်ခါမျှ မတွေ့ကြုံ မသိကျွမ်းဖူးသော်လည်း သူမက ကျွန်တော့်ဆီမှ မိတ်ဆွေဖြစ်မှုကို ဝမ်းသာကြည်နူးစွာ လက်ခံမည်။ ကျွန်တော့်ရင်ထဲက ဝမ်းနည်းကြေကွဲမှုတွေကို သူမက မျှယူသွားလိမ့်မည်။ သူမကိုပဲ ကျွန်တော် နှုတ်ဆက်စကား ပြောရမည်။ ကျွန်တော့် တစ်ကိုယ်လုံး တင်းမာကိုက်ခဲနေသည့် စိတ်ဆန္ဒတွေ အာရုံကြောတွေ ပြေလျော့သွားလိမ့်မည်။ သူမသည် သည်မြို့ကလေးမှ ကျွန်တော်၏ တစ်ဦးတည်းသော မိတ်ဆွေအဖြစ် တိုင်တည် သစ္စာပြုခဲ့မည်။ ကျွန်တော့် ဘဝ၏ အထီးကျန်ဆန်မှုတွေကို သူမအား ရင်ဖွင့်ပြခဲ့မည်။ 
လမ်းကျဉ်းကလေး တစ်ခုထဲ ကျွန်တော် ချိုးဝင်လိုက်သည်။

ကျွန်တော့် ခြေလှမ်းတွေ တုံ့ဆိုင်းသွားသည်။ သည်နေ့ည ထွက်မည့် ရထားနှင့် ကျွန်တော် ခရီးသွားရမှာပဲ။ ဟိုမှာ အမေနှင့် အဖေတို့ စောင့်မျှော်နေကြမည်။ ဆယ်နှစ်ကျော် ကြာသည်အထိ ပြန်မလာသည့် သားတစ်ယောက်ကို သူတို့ စောင့်မျှော်နေကြလိမ့်မည်။ ကျွန်တော် ပြန်လာနိုင်ဖို့ သူတို့ အသေအချာ စီစဉ်ပြီးကြပြီ။ သည်နေ့ ညရထားဖြင့် လိုက်လာခဲ့မည့်အကြောင်း ကျွန်တော် ကိုယ်တိုင် သံကြိုးရိုက်ပြီးပြီး၊ ပြီးတော့ ဟိုမှာ တစ်စုံတစ်ယောက်။ ကျွန်တော့် ဇနီးလောင်းပေါ့လေ။ ကျွန်တော် ပြန်ရောက်လာမည့် နောက်တစ်ရက် ညမှာပဲ စေ့စပ်ပွဲကလေး ကျင်းပဖို့ နှစ်ဖက်မိဘတွေ အစုံအလင်နှင့် ကျွန်တော့်ကို စောင့်မျှော်နေကြလိမ့်မည်။ 

အချိန်ရပါသေးသည်။ ကျွန်တော် ရှေ့ဆက်လှမ်းခဲ့သည်။ ဟိုတစ်ညတုန်းက ရောက်ခဲ့ရသည့် အိမ်ကလေးဆီကိုပဲ အလင်းရောင် မှုန်ဝါးဝါးအောက်တွင် လူတစ်ယောက်နှင့် ရပ်ပြီး ငါးမိနစ်မျှ စကားပြောခဲ့ရသေးသည်။ ပြီးတော့ သွပ်မိုးအိမ် တစ်လုံး၏ အပေါ်ထပ် လှေကားအတိုင်း တက်ခဲ့သည်။ “အပေါ်ထပ် ညာဘက် အစွန်ဆုံး အခန်း ... အပေါ်ထပ် ညာဘက်အစွန်ဆုံး အခန်း”။ ဟိုလူပြောလိုက်သော စကားလုံးများကို ပြန်ရွတ်ရင်း အခန်းရှေ့ ရောက်လာသည်။ တံခါးပေါက်ကို တွန်းဖွင့်လိုက်သည်။ 

သူ၏ ရင်ခွင်ထဲမှာ ငိုရှိုက်နေဆဲ ကျွန်တော်စီးနင်းလိုက်ပါမည့် ရထားဟာ အဝေးကို ထွက်သွားခဲ့ပြီ။



--------
ပိုင်စိုးဝေ 
မိုးဝေ၊ ဒီဇင်ဘာ၊ ၁၉၈၇။

ဆောင်းကိုငုံ၍ ပွင့်မည့်နွေ


သဘာဝ၏ ရွေ့လျားကောက်ကြောင်းတွေက ပန်းချီဆရာတွေကို ဘယ်လိုဆွဲဆောင်နိုင်သည် သူမသိ ။ အနောက်ဆီက မှိုင်းညို့ညို့ မင်းဝံတောင်တန်းကြီးရယ်၊ ကျောက်မြောင်းမြို့ တစ်ဖက်ကမ်းရှုခင်း ရယ် ၊ ဧရာဝတီထဲက တံငါသည်တွေရယ်ကတော့သူ့ကိုဖမ်းစားနိုင် တာအမှန်ပင်။ ဒီလိုမှော်ဝင်ရှုခင်းတွေနဲ့စဥ့်ကူးနယ်ဟာ မှော်ဝင်သော အလှပများပိုင်ဆိုင်ထားတဲ့ ကောင်မလေးနဲ့တွေ့ဆုံခွင့်ပေးခဲ့ပါ၏ ။

လက်ပံလှမြို့ဆိုတာ ကြက်ပျံမကျနိုင်လောက်အောင် စည်ကားတဲ့ မြို့ငယ်လေးတစ်ခုရယ်ပါ ။ (ဘုရားပွဲဆိုရင်ပြောပါတယ်)။သူ့ရဲ့ ဇာတိချက်ကြွေမွေးရပ်မြေဆိုပါတော့…။ ပိုင်စိုး ဆိုသော လူငယ်လေး တစ်ယောက်၏ နှလုံးသားကို တုန်ခါစေသော အလှပိုင်ရှင်သည် သူ တို့မြို့တွင်တာဝန်ကျသော