ဖယောင်းတစ်ခြမ်း သံမဏိတစ်ခြမ်းနဲ့ … ပန်း


နေပြင်းသည့် နွေတစ်နွေဖြစ်သည်။ ပိတောက်ရွက်ကြွေများ ပြည့်နှက်ဖုံးလွှမ်းနေသော လမ်းထက်ဝယ် ကျွန်တော် လမ်းလျှောက်နေပါသည်။ ကျွန်တော့်ခြေထောက်တွေက တစ်နေရာရာဆီသွားနေမှန်းသိရုံ ကလွဲလို့ ဘယ်ကိုသွားနေမှန်း ကျွန်တော်မသိပါချေ။ ကျွန်တော့်အရိပ်သည် အနောက်ကပါလာနေမှန်း သိသော်လည်း ကျွန်တော်လှည့်မကြည့်တော့ပေ။ ထို့အတူ အရိပ်နှင့်တူသောအတိတ်ကိုလည်း ကျွန်တော် လှည့်မကြည့်ချင်။ သမင်လည်ပြန်…။ အကယ်၍သာကျွန်တော့်အနောက်ကို သမင်လည်ပြန် (သို့မဟုတ်) ကျွန်တော့်ကို မခင်သက် လှည့်ကြည့်ခဲ့ဖူးသလို လှည့်ကြည့်မိပါလျင် ဘာတွေများ တွေ့ရ သေးမည်နည်း။
“ ဝေဒနာ ” ။ ဘယ်လို ဝေဒနာများပါလဲ။ တစ်စုံတစ်ယောက်ကို ရေစီးကမ်းပြိုချစ်ခဲ့မိပါ၍ ရေစီးကမ်းပြို နာကျင်နေရသော ဝေဒနာ။ ဤဝေဒနာသည် ဒြပ်ထုမဟုတ်ပေမယ့် သတ္တုနှင့်ကွပ်ထားသည့်နှယ် ကျွန်တော့်အသည်းစိုင်ဝယ် မြဲခိုင်လွန်းလှချည့်။ အတိတ်ကဆုံတွေ့မှုကလေးကို ပြန်သတိရခြင်းသည် လည်းကောင်း၊ မခင်သက်၏ သမင်လည်ပြန်အကြည့်လေးကို ပြန်အမှတ်ရမိခြင်းသည်လည်းကောင်း၊ မခင်သက် ရယ်သံ၊ မခင်သက် အပြုံး၊ မခင်သက်၏ စင်ရော်တောင်မျက်ခုံးကလေးတွေကို ပြန်လည်မြင် ယောင်မိခြင်းသည်လည်းကောင်း၊ မခင်သက်၏ ပိတုန်းရောင်ဆံစလေးများဆီက Shampoo နံ့ကလေး များကို ယောင်ယမ်းရှိုက်မောမိခြင်းသည်လည်းကောင်း၊ မခင်သက်၏ ညိုဝါဝါပါးပြင်ကလေးထက်မှ ရှင်မတောင်သနပ်ခါးနံ့လေးများကို မွတ်သိပ်ဆာလောင်မိခြင်းသည်လည်းကောင်း၊ ကျွန်တော့် ရင်ကန္တာရဆီက ဝေဒနာ…ဝေဒနာဆိုသည့် ဝေဒနာအပိုင်းအစလေးများသာဖြစ်ပါသည်။ အလွမ်းသစ္စာ သည် ကျွမ်းရစ်ရာ သည်နှလုံးသားကိုမှ သစ္စာရှိစွာ နှောင်တည်းတတ်လွန်းပါဘိ။
ကြားရသမျှသော ဥသြသံတို့သည် ကျွန်တော့်အဖို့ လောက၏ဆူညံသံများဖြစ်ပါသည် မခင်သက်။ သမုသစ္စာကြွေပျောက်သည့် ဥပေက္ခာနွေတစ်လျှောက်တွင် သည်ဥသြသံကလည်း သြ, သြ နိုင်လွန်း ပါ၏။ အတိတ်တစ်နေ့ဆီက ပိတောက်ပင်ပျိုပေါ်မှ ဥသြသံအစ ၊ ကြားနေကျ မီးရထားဥသြသံအဆုံးကို ကျွန်တော်မုန်းသည်။ ချစ်သောမခင်သက်ကို ကမ္ဘာ့ရင်ဘတ်ကြီးနှင့်ချီ၍ လွမ်းရသောအချိန်မို့လည်း ထို ဥသြကို ကျွန်တော်ပိုမုန်းသည်။ ဥသြသံကား မတိတ် ။ ကျွန်တော့်မှာသာ အတုံးအရုံး ရှုံးလိုက်ရသည်။ မခင်သက်နှင့်ဝေးသောအချိန်များမှာ ရောက်တတ်ရာရာလေညင်းများနှင့် ကျွန်တော်တွေ့ဆုံခဲ့ရသည် ။ စကားမဲ့စွာ စကားဆိုဖြစ်ကြသည်။ ထို့နောက် ထုံးစံအတိုင်းပင် ကျွန်တော်တစ်ယောက်တည်းများစွာ ဖြင့် ကျန်ခဲ့သည်။ သြော် … ထုံးစံအတိုင်းပါပဲ မခင်သက်ရယ်။
* * *
“ ကြည့်စမ်း … ပိတောက်တွေတောင်ပွင့်ကြတော့မယ်နော်မောင်။ မနက်ကလည်း မိုးရွာသွားတော့ ဟောသည်အငုံလေးတွေ မနက်ဖြန်ဆိုပွင့်တန်ကောင်းပါရဲ့။ အင်း … မိုးကလည်း ခါတော်မီမိုးလို့ပဲ ပြောမလား သင်္ကြန်အကြိုမိုးလို့ပဲပြောမလား ဘာပဲဖြစ်ဖြစ် ပိတောက်တွေပွင့်ရင် ခင်တော့ သိပ်ပျော် တာပဲမောင်။ တစ်နှစ်မှာ တစ်ရက်ပဲပန်ခွင့်ရတာဆိုတော့ ဖြစ်နိုင်ရင် ခင်က နေ့တိုင်းတောင် ပွင့်စေ ချင်တာ ”
မထောက်မညှာ ပိတောက်ဝါတွေ ပွင့်ပါတော့မယ် မခင်သက်ရေ။ မခင်သက်ရေ … မခင်သက်ရေ။ ကျွန်တော်တိုးလျစွာ ခေါ်နေမိပေမယ့် ကျွန်တော့်ဘဝလေးအတွက်တော့ ကျယ်လောင်လွန်းလှပါ တယ် မခင်သက်ရယ်။ ကျွန်တော့်အသံကို ကျွန်တော်ပြန်မကြားချင်လောက်အောင်ပင် ကြေကွဲနေမိ သည်။ မခင်သက်ထားခဲ့ပြီးသည့်နောက် သက်ပြင်းတောင် အသံထွက်အောင်မချခဲ့ပါပေ။ ကျွန် တော့်အဖို့ နေဝင်ချိန်များကျုံ့ဝင်ခဲ့သည်မှာလည်း ကြာခဲ့ပြီဖြစ်ကြောင်း မခင်သက်မသိပါချေ။ သြော် ကျွန်တော်ချစ်သောမခင်သက်ရဲ့ ချစ်သောပိတောက်တွေကတော့ဖြင့် ၃ ကြိမ် ၃ လီ ပွင့်သွားပြီဖြစ် သည်။ မခင်သက် ကျွန်တော့်ကိုချစ်သေးရဲ့လား မသိတော့ပေမယ့် ပိတောက်တွေကိုတော့ဖြင့် မခင်သက်တစ်ယောက် ချစ်မှချစ်သေးပါလေစဟု ကျွန်တော်က မဆီမဆိုင်စိုးရိမ်ပစ်လိုက်ချင်သည်။ သွားကြစို့ကွယ်…။ လိုက်မည်မှန်း သိပါလျက်နှင့် ကျွန်တော့်အရိပ်ကို ခေါ်နေမိပြန်သည်။ အရိပ် သည် မခင်သက်၏ ချစ်လှစွာသောပိတောက်တွေလို အဝါရောင်ဖြစ်သည်။ သို့သော် မခင်သက်၏ ပိတောက်တွေလို တစ်ရက်တည်းနှင့် နွမ်းကြွေသက်လျောမသွားပဲ အလွမ်းမနက်ဖြန်နှင့် အလွမ်း ဆက်ရန်တွေ များလွန်းနေခဲ့သည်။ ဤကား ကျွန်တော့်ဘဝကို ဘောင်ခတ်ထားသော ဓမ္မသတ်လေ လားဟု ကျွန်တော်က ယုံကြည်စွာ ထင်မှတ်မှားနေသေးသည်။
“ မေးနေစရာလိုသေးလို့လား မခင်သက်ရယ်။ အချစ်ကို စကားအဓိပ္ပါယ်တွေဖွင့်ဆိုပြီး လျှာအရိုးမရှိ 
တိုင်းသာ ပြောနေရမယ်ဆိုရင်တောင် မောင်ဘယ်လောက်ချစ်တယ်ဆိုတာ မပြီးပြည့်စုံတဲ့အပြင် သေးငယ်နေမှာတောင်စိုးပါတယ်။ ဒါကြောင့် ဘယ်လောက် ဆိုတဲ့ပမာဏတပ်ပြီးမမေးပါနဲ့လား ။ မောင်မဖြေတတ်ဘူး မခင်သက်။ မောင်ပြောခဲ့တဲ့ ၊ မောင်ပြောနေတဲ့ ၊ မောင်ပြောနေဦးမယ့် ချစ်တယ် ဆိုတဲ့စကားဟာ အဆုံးမရှိ နက်ရှိုင်းကျယ်ပြန့်လွန်းပါတယ်။ ကျေနပ်တော့နော် …”
မခင်သက် လိမ္မာပါသည်။ လိမ္မာလွန်းခဲ့ပါသည်။ သနပ်ခါးဝါဝါလေးတွေ ဝိုင်းစက်နေအောင်လိမ်းထား တတ်သော မခင်သက်၏ပါးနှစ်ဖက်ကို လိမ်ဆွဲပြီး “ လိမ္မာလိုက်တာကွယ် ” လို့ ဟောသည် အချစ်ရေး အချစ်ရာမှာ မလိမ္မာခဲ့သူ ကျွန်တော်က ခုချိန်ပြောခွင့်ရလျင် ပြောလိုက်ချင်ပါသည်။ မခင်သက် လိမ္မာပါ သည်။ နုညံ့လှသော ကျွန်တော့်အသည်းစိုင်ကို မကြွေရုံတမယ်နင်း၍ လိမ္မာပါးနပ်စွာ ထွက်ပြေးသွားသူတစ်ယောက်ကိုတော့ဖြင့် မလိမ္မာ တစ်ဘဝစာမိုက်ခဲ့သူကျွန်တော်ကပင် ကျေးဇူး တင်လိုက်ချင်သည်။
“ နေရစ်တော့ မောင်၊ မျှော်တော်ယောင်ဖြစ်၊ အနှောင်သစ်ကင်း၊ အချစ်ယွင်းသည့်၊ တလင်း,သည်း စိုင်၊ ဆုပ်ကိုင် လွမ်းမော၊ မှော်ရုံတောဝယ်၊ သောကနွယ်သစ် နေတော်ရစ် ”
ဤသို့ပင် အလိမ်အညာ သမုဒ်၊ ကျိန်စာထုတ်လို့ တိမ်လွှာရုပ်မှာ ကဗျာတစ်ပုဒ်ရေးခဲ့လေသလား မခင်သက်ရယ်။ ကျွန်တော်ကပင် မမှီသည့်ပန်း၊ အတည်နှင့်လှမ်းခဲ့မိလေသလော။ မခင်သက်ကပင် အချစ်ကို ရော့ ပတ္တမြား၊ ရော့ နဂါး သဘောနှင့် ဆော့ကစားခဲ့လေသလော။ စောကြောတိုင်း အဖြေ မပေါ် မနေပျော်သည့် တစ်ယောက်တည်းဒွိဟ ညများစွာဝယ်၊ ကျွန်တော်ပိုင်သော ‘နယ်’ သည် ပင့်သက်တစ်ငွေ့စာသာဖြစ်သည်။ ဖြစ်နိုင်မည်ဆိုပါလျင် အဲဒီနေ့တစ်နေ့က ဆည်းဆာလေးလိုပင် ကျွန်တော် ပျောက်ဆုံးသွားလိုက်ချင်သည်။
အဲဒီနေ့က …။
အဲဒီနေ့က ကျေးလက်ဆည်းဆာတစ်ခု၏ ဘူတာရုံကလေးထဲတွင် မခင်သက်နှင့် ကျွန်တော် ရှိနေခဲ့ သည်။ မခင်သက်ကလည်း မခင်သက်ပီသစွာပင် ခရမ်းရောင်ရင်ဖုံးအင်္ကျီ ခရမ်းရောင်ပါတိတ်ထမီ နှင့်၊ တပတ်လျှိုထုံးထားတတ်သော ဆံနွယ်များနှင့်၊ မထူမပါးလိမ်းထားတတ်သော ရှင်မတောင်သ နပ်ခါးနှင့်၊ ကြက်သွေးရောင်ကတ္တီပါဖိနပ်ကလေးနှင့်၊ ဘယ်သောအခါမှ နှုတ်ခမ်းနီဆိုးမထားတတ် သော နှုတ်ခမ်းတစ်ငုံနှင့် မခင်သက်ပီသစွာရှိနေခဲ့ပါသည်။ ထို့အတူ ကျေးလက်ဆည်းဆာကလည်း မခင်သက်အလှနှင့်အပြိုင် တည်ငြိမ်ရင့်ကျက်လွန်းနေသည်။ ထိုခဏမှာ နှစ်ယောက်သားစကားမဲ့စွာ အဝေးသို့ ကိုယ်စီငေးရီလျက်၊ ဆည်းဆာလေညင်းတို့ တိုးသက်လျက်၊ ရင်ဘတ်တစ်ခုကလွဲ၍ လောကကြီးတစ်ခုလုံး တိတ်ဆိတ်လျက်၊ သွေးပျက်ဖွယ် ငြိမ်သက်နေပါသောညနေခင်းကလေးဝယ် အဘယ်ကြမ္မာသည် ဤလူသားနှစ်ဦးကို ဘယ်လိုစေစားလေမည်နည်း။ ကျွန်တော် ကြည့်မြင်သမျှ သော ရှုမျှော်ခင်းတို့သည် အဘယ်ကြောင့် မှုန်ရီဝေဝါးနေပါသနည်း။ မခင်သက်တစ်ယောက်ကရော အဘယ်ကြောင့် စကားမဆိုပါသနည်း။ တရွေ့ရွေ့နေဝင်ချိန်ကပင် ရာဇအိနြေ္ဒကြီးလွန်းလှသည်။
“ မောင် ရထားဆိုက်တာနဲ့ ခင်နဲ့မောင် ဝေးရတော့မယ်။ အဝေးကြီး ဝေးကြရတော့မယ်ပေါ့ မောင် ၊ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ဒီဘူတာရုံကလေးထဲမှာပဲ ခင်နဲ့မောင် စတွေ့ခဲ့ကြတာလေ။ အဲဒီတုန်းက ခင် ဒီရွာကိုရောက်လာကာစ၊ မောင်က ခင့်ကိုအကြာကြီးစိုက်ကြည့်နေခဲ့တာကို မှတ်မိသေးတယ်။ ခင်လေ ကံကြမ္မာက ခင်တို့နှစ်ယောက်ကို ဒီနေရာလေးမှာပဲဆုံစည်းခွင့်ပေးခဲ့ပြီး ဒီနေရာလေးမှာပဲ အဝေးကြီး ဝေးအောင်လုပ်ခဲ့တာ ဘာကြောင့်လဲလို့ အခုပဲစဉ်းစားနေမိတယ် ”
“ မခင်သက်ရယ် ”
ရှိရှိသမျှခွန်အားတို့နှင့် ဒီအမျှပဲစကားဆိုလိုက်ပါရစေတော့ မခင်သက်ရယ်။ ရှိရှိသမျှ အိပ်မက်တွေ လည်း တစ်စစီ တိမ်နှယ် လွင့် ပျောက် ၊ ကျွန်တော်တစ်ယောက်တည်း ကျန်ခဲ့ရမှာ ကြောက်နေတယ်။
“ နားလည်စမ်း မခင်သက်။ မောင် မခင်သက်ကို သိပ်ချစ်သလို၊ မောင့်ကိုလည်း မခင်သက် ချစ် တယ်မို့လား။ ဟင် … ။ ဒါဆိုရင် သတ္တိရှိလိုက်စမ်းပါလား မခင်သက်ရယ်။ မောင်နဲ့အတူ ဘဝတစ်ခုကို တည်ဆောက်ကြရအောင်၊ မောင်နဲ့အတူလက်တွဲပြီး အဲဒီ ဂုဏ်တွေ ဓနတွေရဲ့အဝေးမှာ နှစ်ကိုယ်တူ တိုင်းပြည်ကလေးတစ်ခု တည်ထောင်ကြရအောင်ပါ။ တစ်လောကလုံးကလူတွေက မိုက်ရူးရဲ ဆန်တယ်ပြောပါစေ ကိုယ်မချစ်မနှစ်သက်သူနဲ့ပေါင်းဖက်ရမယ့်အစား မခင်သက်ချစ်တဲ့သူ၊ မခင်သက်ကိုချစ်တဲ့ မောင်နဲ့အတူ မိုက်ရူးရဲဆန်လိုက်စမ်းပါလား ဟင်။ ဒီအတွက် မခင်သက်ဘဝမှာ နောင်တကင်းစေရပါမယ် မခင်သက်ရယ် ”
လို့ နှုတ်ဖျားက ပြောမထွက်ပေမယ့် နှလုံးသားကပြောနေသောစကားများကိုတော့ မခင်သက် ကြားမိ မည်မဟုတ်ပါပေ။ ဒီစကားတွေဆိုပြီး ချစ်သောမခင်သက်၏လက်ကိုဆွဲလို့ အဲဒီဂုဏ်တွေ ဓနတွေနဲ့ ဝေးရာ ကျွန်တော့်ကိုယ်ပိုင်ကမ္ဘာတစ်ခုဆီ ခေါ်ဆောင်သွားလိုက်ချင်သည်။ အဲဒီ ကမ္ဘာမြေမဟီဝယ် သောက်စရာရေမရှိလျင် နှလုံးသွေးကိုဖောက်၍၊ နင်းစရာမြေမရှိလျင် ရင်ဘတ်ကိုခင်း၍၊ ပန်စရာပန်း မရှိလျင် အသည်းကိုဖွင့်၍၊ အိပ်စရာမှီအုံးမရှိလျင် လက်ရုံးကိုဝင့်၍ ပေးလိုသောသတ္တိ ကျွန်တော့်မှာ အပြည့်ရှိသည်။ အခုတော့ ဒါတွေကိုနိဂုံးချုပ်ပေးလိုက်ပါရစေတော့ မခင်သက်ရယ်။ ဟိုးခပ်ဝေးဝေး တစ်နေရာဆီက ကျွန်တော့်ရင်ဘတ်ထဲကအိပ်မက်ရှည်ကြီးကို မှုတ်ထုတ်လိုက်သည့် ရထားဥသြဆွဲ သံရှည်ကြီး ကြားနေရချေပြီ။
“ ခင် သွားရတော့မယ်မောင်။ ဒါပေမဲ့ ခင် မောင့်ကိုနှုတ်မဆက်ပါရစေနဲ့တော့။ နှုတ်ဆက်ခြင်းဆိုတာ တစ်ယောက်က တစ်ယောက်ကို လွမ်းဆွတ်စေချင်တဲ့၊ အမှတ်ရနေစေချင်တဲ့ ဝေဒနာပင်ပျိုးမယ့် မျိုး စေ့ကလေးတစ်စေ့လိုပါပဲ။ မောင့်ဘဝမှာ ခင့်ကိုသတိရနေမျိုး ၊ လွမ်းဆွတ်ကြေကွဲပြီး ကျန်ရစ်တာမျိုး ခင် မဖြစ်စေချင်ဘူး၊ ပေးမထားခဲ့ချင်ဘူး။ မောင့်ကို အရမ်းသနားမိတယ်မောင်ရယ်။ ဒါကြောင့် ခင့်ကို မေ့လိုက်စေချင်တယ်။ မိဘဆန္ဒကို မပယ်ရှားနိုင်တဲ့၊ တပါးသူုရင်ခွင်မှာ နေထိုင်ရတော့မယ့် ဟောဒီ မခင်သက်ဆိုတဲ့ ခပ်ညံ့ညံ့မိန်းမတစ်ယောက်ကို မုန်းလိုက်စေချင်တယ်။ ခင်နဲ့မောင် ဒီမှာတင်ပဲ လမ်း ခွဲလိုက်ကြရအောင်ကွယ်”
ရက်စက်လှချည်လား မခင်သက်ရယ်လို့ ကျွန်တော် အပြစ်မတင်လိုတော့ချေ။ မခင်သက်နှင့်အတူ နှစ်ကိုယ် တစ်ပြည်ထောင်တည်ဆောက်လိုသည့် အတ္တလွှမ်းသောဆန္ဒတွေ ရှေ့တန်းတင်လို့ မခင်သက်အပေါ်မှာလည်း ကျွန်တော် မရက်စက်နိုင်ပါပေ။ ပိုင်ဆိုင်လိုခြင်းသည် အချစ်စစ်၏အကိုင်း အခက်ဟုတ်သည် မဟုတ်သည်ကို ကျွန်တော်ဒွိဟမဖြစ်တော့။ မိဘစကားကို မြေဝယ်မကျလိုက်နာ တတ်သော မခင်သက်တစ်ယောက် သာယာသောဘဝခရီးကို ပိုင်ဆိုင်နိုင်ပါလိမ့်မည်ဟု ကျွန်တော် ယုံကြည်သည်။ ယုံကြည်သည့်အတိုင်းလည်း ကျွန်တော် နောက်ဆုတ်နေပါမည်။ သွားတော့ မခင် သက်။ ကျွန်တော့်ကို ထားခဲ့ပါ။ မခင်သက်၏ ခေါင်းခါမှုကလေးတစ်ခုမှာ မြူတွေလိုလွင့်ပျယ်သွားမယ့် ကျွန်တော့်ကို ထားခဲ့ပါ။ ဝတ်မှုန်ဝတ်ဆံနားမှာ တွယ်ကပ်ဖူးတဲ့ ဟောဒီပွင့်ဖတ်ကလေး ကျွန်တော့်ကို နွမ်းသည်ဖြစ်စေ၊ ခြောက်သည်ဖြစ်စေ၊ ကြွေသည်ဖြစ်စေ ချန်ထားခဲ့ပါ။ လေသင့်နေပြီ မဟုတ်လား ။
လေယူရာ ယိမ်းလိုက်စမ်းပါတော့လားကွယ်။
“ သွားပါ မခင်သက်ရယ်။ မောင့်အတွက် ဘာမှနောက်ဆံတင်းနေစရာမလိုပါဘူး။ မောင်လိုကောင် အတွက်တော့ သန်းခေါင်ထက် ထပ်မှောင်လည်း ဘာမှမဖြစ်ပါဘူးကွယ်။ မောင် နေတတ်အောင် နေ ပျော်အောင် ကြိုးစားသွားမှာပါ။ ကိုယ့်ကိုယ့်ကို ဂရုစိုက်ပါ ။ မခင်သက် တစ်ဘဝလုံးပျော်ပါစေလို့ မောင်ဆုတောင်းပေးပါတယ်။ သွားတော့နော် ”
မခင်သက် ခေါင်းငြိမ့်လိုက်သည်ထင်သည်။ အထုပ်အပိုးများဆွဲ၍ ရထားပေါ်တစ်လှမ်းချင်းတက်သွား သည်ကို မျက်ရည်လည်နေသည့်ကြားမှ ကျွန်တော်မြင်နေရသည်။ ကျွန်တော် မျှော်လင့်ချက်များကို လည်း ထုပ်ပိုးသိမ်းဆည်းလို့ ကျွန်တော် ပြန်ပါမည်။ အိပ်မက်ထဲလမ်းလျှောက်ရသလိုလို ၊ လေဟာ နယ်ထဲ မျောနေသလို ၊ ရှေ့ခရီးတို့သည် ဦးတည်ချက်မရှိ။ ကျွန်တော့် အဇ္ဈတ္တတို့သည် အဘယ်ဆီ ပါသွားခဲ့ပြီဖြစ်ကြောင်း ပြန်လှည့်ကြည့်စရာမလိုတော့ချေ။ တစ်လှမ်း … နှစ်လှမ်း … သုံးလှမ်း … သောကမုန်တိုင်းနယ်မှ အလွတ်ရုန်းနေသော ခြေလှမ်းများ၊ လေးလှမ်း … ငါးလှမ်း … ခြောက်လှမ်း၊ ခုနှစ်လှမ်းမြောက်ဝယ် ရပ်တန့်သွားသော ခြေလှမ်းများ။ ကျွန်တော့်အနောက်ကနေ တစ်စုံတစ် ယောက်က ခါးကို သိုင်းဖက်ထားသည်။ နုညံ့ သွယ်ပြောင်း … သည်လက်ချောင်းတွေရဲ့ အထိအတွေ့ ကျွန်တော့် ဆံချည်မျှင်သွေးကြောတွေထဲအထိ သူ့ကိုချစ်သော အချစ်ရှိစေသူ၊ မခင်သက်။
“ မောင် … သည်ဘက် ခဏလှည့်ပါဦးမောင်ရယ်။ ခင် … ခင်လေ ဒီကနေ ”
အနောက်ကိုလှည့်လိုက်ချိန်မှာ စကားမဆုံးခင် ဟင့်ကနဲရှိုက်သံနှင့်အတူ ပြိုကျလာသော ကိုယ်လုံး ကလေးကို ထွေးပွေ့ထားမိသည်။ မခင်သက် ငိုနေသလား။ နက်ရွှန်းသော မျက်ဝန်းမှ မျက်ရည်ဥက လေးများ တစ်ပွင့်ချင်းစီးကျနေသည်ကို မပီဝိုးဝါး မြင်နေရသည်။ ကျွန်တော်ရော ငိုနေမိပါသလား ။ ရင်ခွင်ထဲတိုးဝင်၍ တသိမ့်သိမ့်တုန်နေအောင်ငိုနေရှာသူလေးကို ရှိသမျှခွန်အားတွေပေးလို့ နှစ်သိမ့် ပေးလိုက်ချင်သည်။ မရှိ ။ ကျွန်တော့်ဝယ် လက်ကျန်ခွန်အားတို့ မရှိပါတော့ချေ။ ချစ်သူသာ မရှိလျင် ကျွန်တော်လည်း ပြိုလဲသွားမည်ဖြစ်ကြောင်း သိနေသည်။ ( ငိုပါ မခင်သက်ရယ်၊ ငိုပါ။ ငိုကြွေးခြင်းရဲ့ သက်သေတစ်ခုဖြစ်တဲ့ မျက်ရည်ဥတွေကုန်ခမ်းသွားတဲ့အခါမှာ မခင်သက်ခံစားနေရတဲ့သောကတွေ လည်း အလိုလိုပြေပျောက်သွားနိုင်ပါလိမ့်မယ်။ ကျွန်တော်လို မျက်ရည်မကျပဲ မငိုမိဖို့သာ အရေးကြီး ပါတယ်ကွယ်)
“ ခင် မောင့်ကို သိပ်သနားတာပဲမောင်ရယ်၊ ခင် မောင်နဲ့ဝေးရာကို ထွက်မသွားချင်ဘူး။ ဒါပေမဲ့ ခင့် စိတ်တွေ လွန်ဆွဲနေဆဲပဲမောင် ။ ခင့်ကို ခွင့်မလွှတ်ပါနဲ့တော့ ”
“ ရပါတယ် မခင်သက်ရယ်။ မောင် အရာအာားလုံးကို နားလည်ပေးနိုင်ပါတယ်။ လွမ်းဆွတ်ခွင့်က လေးကလွဲရင်လည်း အရာအားလုံးကို စွန့်လွတ်ပေးနိုင်ပါတယ်။ ဒါကြောင့် သံမဏိတစ်ဝက် ဖယောင်းတစ်ဝက် ပွင့်နေတဲ့ပန်းကို ပျော့ပျောင်းတဲ့ပွင့်လွှာလက်ကျန်တွေ အကုန်ခြွေပြီး၊ မာကျောတဲ့ သံမဏိဝတ်မှုန်တွေသာ ယူလိုက်ပါ။ မခင်သက် သွား …”
ကျွန်တော့်စကားမဆုံးသေးခင်မှာပင် ကျွန်တော့်ညာဖက်ပါးလေးတစ်ဖက် အေးစက်သွားသည်။ ရင်ခွင်ထဲမှ ခေါင်းကလေးမော့ကာ နမ်းလိုက်သော ချစ်သူ့အနမ်း။ သိသိသာသာအေးစက်နေသော မခင်သက်၏ နှုတ်ခမ်း။ ဤအရာသည် ချစ်သူ၏ပထမဆုံးအနမ်းလည်းဖြစ်ခဲ့သလို နောက်ဆုံးလက် ဆောင်လည်းဖြစ်ခဲ့သည်။ ဤအရာကို သံသရာရှည်သရွေ့သိမ်းဆည်းထားမည်ဟု သစ္စာဆိုပါသည်။ ကျွန်တော့်ရင်ခွင်ထဲမှ ရုန်းကြွကာ ပါးပြင်ဝယ်စိုစွတ်နေသော မျက်ရည်စီးကြောင်းတွေကို အသာ သုတ်ရင်း …
“ ဒါဟာ ခင့်အပေါ် မေတ္တာ သစ္စာကြီးမားလွန်းတဲ့မောင့်အတွက် ခင်ပေးနိုင်ခဲ့တဲ့ နောက်ဆုံးလက် ဆောင်ပါ။ ခင့်ကို နှင်စရာမလိုပါဘူးမောင်ရယ် ၊ ခင်သွားမှာပါ ”
သြော် … မခင်သက်ရယ်။ မျက်နှာကို လက်နှစ်ဖက်နှင့်အုပ်လို့ ငိုကြွေးကာ အပြေးတစ်ပိုင်းထွက်ခွာ သွားသူလေးကိုကြည့်ရင်း ကျွန်တော့်ရင်ထဲဆို့နင့်လာသည်။ အကြင်သူသည် နောက်ဆုံးအချိန်ထိသူ့ စကားအတိုင်း လက်ပြနှုတ်ဆက်မသွားခဲ့ပါပေ။ အကြင်သူသည် ဟောဒီကျေးလက်၊ ဟောဒီကျေး လက်သား၊ ဟောဒီကျေးလက် တို့နှင့်ဝေးရာ ဟောဒီကျေးလက်ဆည်းဆာကလေးထဲမှ ထွက်ခွာသွား ချေပြီ။ ရထားကြီးထွက်ခွာသွားသော်လည်း ဥသြသံကားကျန်ရစ်သည်။ ရထားဥသြသံတော့မဟုတ် ပိတောက်ပင်ပျိုပေါ်ကဥသြတွန်သံ။ အလွမ်း …။ လောကကြီးဆီက ကျွန်တော်ပိုင်ခွင့်ရလိုက်သောအ ရာသည် အေးစက်သောအနမ်းတစ်ခု၊ ကျေးလက်ဆည်းဆာနှင့် ကြီးစွာသော ဝေဒနာသာဖြစ်သည်။
ဖြစ်နိုင်မည် ဆိုပါလျင် အနောက်တောင်စွယ်မှ နေဝန်းကြီးလိုပင် ကျွန်တော်ကွယ်ပျောက်သွားလိုက် ချင်သည်။
* * *
နေပြင်းသလို ရင်ထဲတွင် နွေပြင်းသည့်နေ့တစ်နေ့ဖြစ်သည်။ ပိတောက်ရွက်ကြွေများ ရွေ့လျားပြည့် နှက်နေသော လမ်းထက်ဝယ် ကျွန်တော်လမ်းလျှောက်နေပါသည်။ ကျွန်တော့်ခြေထောက်တွေက ဘယ်အရပ်ဆီသွားနေမှန်းမသိသော်လည်း အဆုံးမရှိခရီးနှင်နေဦးမည်ဖြစ်ကြောင်း သိနေခဲ့ပါသည် ။
ကျွန်တော့်အရိပ်သည် ကျွန်တော့်အနောက်ကနေ ထပ်ကြပ်မကွာခြောက်လှန့်လိုက်ပါနေသရွေ့(သို့ မဟုတ်) အလွမ်းတစ္ဆေကပ်ပါနေသရွေ့ ကျွန်တော်သွားရလိမ့်မည်။ အကယ်၍ တစ်စုံတစ်ယောက်က လောကွတ်ချော်ကာ ‘ မင်း ဘယ်သွားမလို့လဲ ’ ဟုမေးခဲ့လျင် ကျွန်တော် ခေါင်းခါပြလိုက်မည်သာဖြစ် သည်။ မပြော ။ ဘယ်သူ့ကိုမှ ကျွန်တော်မပြော ။ ကျွန်တော်ရှာနေသည်ကား ဖယောင်းတစ်ခြမ်း … သံမဏိတစ်ခြမ်းနဲ့ ပွင့်တဲ့ပန်းကိုပင် မဟုတ်ပါသလော။
ဤမြေချာဝယ်ဖယောင်းတစ်ခြမ်း သံမဏိတစ်ခြမ်းနှင့်ပန်းတစ်ပွင့်
လန်းပွင့်ခဲ့ဖူးသည် မဟုတ်ပါသလော။
* * *
မင်းခသူ