ဝတ်ဆံ (သို့မဟုတ်) ဝဋ်ဆန်




စုန်းပန်းများ
ငါ့ကို ပြုစားဖို့ပွင့်ကြပြီ ။ 
မုယောပင်တွေ နွဲ့ယိမ်းနေပုံက
နတ်ဖမ်းစားခြင်းကို နှင်ထုတ်နေသလိုမျိုးပဲ
အဲဒီအကြောင်းတရားတွေထဲမှာ မင်းရှိတယ် 
အဲဒီမုယောပွင့်တွေထဲမှာလည်း မင်းရှိနေတယ်
ငါ့ဆင်ခြင်တုံတရားပေါ် တက်ဆောက်ထားတဲ့
ပင့်ကူအိမ်ကလေးဆီမှာတောင် မင်းရှိနေတယ် ။
ဝိုင်ခွက်ပုံ အိမ်မက်ကလေးပဲ ...
ငရဲဘုံကို ခြေချော်လက်ချော်ပြုတ်ကျလာတဲ့
မီးငှက်ကလေးရဲ့ အကောင်းပကတိခန္ဓာလို ၊
မနက်ဖြန်တိုင်းမှာ ငါ့ကိုယ်ငါတည်ဆောက်ကြည့်တယ်
ကောင်းကင်ဆီ လွတ်ထွက်သွားတဲ့
မိုးပျံပူဖောင်းကလေးရဲ့ ဗလာနတ္ထိရင်ခွင်လို ၊
ငါ့ယုံကြည်ချက်တွေကို သုတ်သင်ထားလိုက်တယ်
နောက်တော့လည်း ... ဘာမှမဖြစ်ခဲ့ဖူးသလိုလို
ငါ့ကိုယ်ငါ ကံကြမ္မာလက်များဆီက မုသားနဲ့
လုထားရတယ် ဒာမှမဟုတ် ကြိုးဆွဲထားရတယ်ပော့ ။
ဒဏ်ရာမဟုတ်ဘူး ဒဏ်တွေ ၊ ဒဏ်ဆိုတာ ...
အရာအားလုံးဆုံးရှုံးလိုက်ရပြီးတဲ့နောက်က 
ဝဋ်နာ ကံနာ အမှတ်တရကိစ္စလေးတွေပါပဲ ။
တခါတလေ Lavender ပန်းခင်းတွေရှိရာသွားတယ်
တခါတလေ Lavender ပန်းခင်းထဲကခြေရာတွေကို
တစ်ထပ်တည်းကျအောင်လိုက်လျှောက်တယ် 
ငါ့မှာ အဲဒီအခွင့်ရှိနေသလို ၊ မင်းပြေးသွားဖူးသလိုမျိုး
Lavender ရနံ့တွေကို မခံစားနိုင်တော့တဲ့အခါ ...
အကြောင်းပြချက်မဲ့စွာ ထွက်ပြေးရချိန်တွေရှိတယ် ။
" i adore you " 
" .................... "
ငါ့ကိုယ်​ငါ ပြန်ခိုးယူနေတယ် ၊ ခွင့်ပြုပါ
ဒါမှမဟုတ်​ ခွင့်လွှတ်ပါ ၊ ဒါဟာ မင်းရဲ့အောင်ပွဲဖြစ်ပြီး
ငါ့ကို ငါ့ရနံ့တစ်ဝက်လောက် ပြန်လည်ဆွတ်ပျံ့စေမယ့်
မင်းရဲ့ ဆုတော် လာဘ်တော်ကောင်းလည်းဖြစ်တယ် ။
ကံဆိုးမိုးမှောင်တွေပဲ ငါ့ဂစ်တာထဲမှာရှိပါစေ ...
ငါ့သီချင်းထဲမှာ မင်းကိုနာကျည်းကြောင်းတွေ
ပါကောင်း ပါမိလိမ့်မယ် ၊ ခွင့်ပြုပါ
ဒါမှမဟုတ်​ ခွင့်လွှတ်ပါ ၊ ဒါဟာမင်းရဲ့ နောင်ရေးဖြစ်ပြီး
မင်းရဲ့ လက်ထပ်ပွဲတော်အတွက် ငါပေးဆပ်လိုက်တဲ့
ကောင်းချီးသြဘာ နောက်ဆုံးမှာတမ်းလည်းဖြစ်တယ်
ဝတ်ဆံတွေထဲက ရှိရှိသမျှ ထမွှေးသက်လိုက်တဲ့
ဝဋ်နာ ကံနာ နောက်ဆုံးရနံ့တော်ပါကွယ့် ... ။


K သူ
18 Jan 17