ကံ့ ေ ကာ် ရ က် စွဲ



( ကံ့ကော်တွေရေးတဲ့စာမဟုတ်လို့ ဒီရက်စွဲတွေဟာ ငြီးငွေ့စရာကောင်း
ပါတယ် မမလွင် ။ လျှောက်သမျှလမ်းမှာ လေတွေထန်တယ်၊ မိုးတွေရွာတယ် ၊ဆူး
တွေပွင့်တယ် ။ နှုတ်ခမ်းကိုတင်းတင်းစေ့ရင်းနဲ့ပဲ မရဲတရဲ ရင့်ခဲ့ရတယ် ။ မမလွင်ခေါက်ထားခဲ့တဲ့ ညဝတ်အင်္ကျီဟာ ကျွန်တော်ပေါ့။ မမလွင်ခြေဆောင့်ဖူးတဲ့လမ်းက
လည်း ကျွန်တော်ပဲ ။ ခေါင်းငုံ့နေကျလူမို့ ကောင်းကင်ကိုရှာရတာ ပျင်းတယ် ။
အခု
ထိလည်းမလွမ်းကောင်း လွမ်းကောင်းနဲ့ လွမ်း ကောင်းနေတဲ့ကောင်ရဲ့ရင်ဘတ်ဟာ
မမလွင်ကြောင့် အနုပညာဆန်နေဆဲပါပဲ ။ ဖန်ပြာခွက်ကပဲအေးတာလား ၊ ကျောက် စက်ရေကပဲအေးတာလား ၊မကွဲပြားပေမယ့် မမလွင်အကြောင်းစဉ်းစားရင် ဘဝတစ်
ခုလုံး ခိုက်ခိုက်တုန်အောင် အေးတယ် ။ မ မ လွင် ရယ် .... )
" မမလွင် ... "
တစ်ထောင့်တစ်ညပုံပြင်ကို မမလွင်နားထောင်ဖူးပါလိမ့်မည် ။ သို့သော် တစ်ထောင့်
တစ်ညထက် တစ်ထောင့်တစ်ညမကသော လူငယ်တစ်ယောက်ရဲ့မျက်ရည်ရာဇဝင်
ကိုတော့ မမလွင်နားထောင်ဖူးမည်မဟုတ်ပါ ။ ကျွန်တော်ပြောပြချင်ပါသည် ........ ။
ပန်းတို့၏ ဖူး , ပွင့် , ကြွေ ကဗျာရှည်အကြောင်းနှင့် လူငယ်တစ်ယောက်၏ ရူး , ရင့်
, ကြွေ ကဗျာရှည်အကြောင်းကို ကျွန်တော်ပြောပြချင်ပါသေးသည် ........ ။ ငုံသည် ၊ ဖူးသည် ၊ ပွင့်သည် ၊ ကြွေသည် ၊ ထို့နောက် ပြန်ငုံဖူးပြန်သည် ။ မမလွင် ရှိသည် ၊ ဖြစ်သည် ၊ ရှိခဲ့သည် ၊ ဖြစ်ခဲ့သည် ၊ ထို့နောက် မမလွင်ပြန်ရှိနေပြန်သည် ။ အဘယ့်
ကြောင့်ပါနည်း ။ မမလွင်ကိုမေ့ဖို့ကြိုးစားမှု ဖန်တရာတေခဲ့ပြီ ၊ သို့သော် ခေါင်းခါမှု
တိုင်းသည်လည်း အချည်းအနှီးဖြစ်ခဲ့ပြန်သည် ။ အခုထိကျွန်တော့်ရင်ထဲမှာမမလွင်
ပြန်ရှိနေသည်မှာ အဘယ့်ကြောင့်ပါနည်း ။ ထိုသို့ဖြင့် ခေါင်းခါမှု ၊ ငြင်းဆန်မှုတိုင်း
သည်လည်း အချည်းအနှီးထပ်ဖြစ်နေတော့သည် ။ ကျွန်တော့်ဘဝ၏ သံသရာသည် မမလွင်ပဲဖြစ်ပါသည် ။ နောက်ထပ် ၁၂ နာရီရောက်အောင် ကျွန်တော်စောင့်မည် ။
( အပြင်မှာ မိုးဖွဲလေးတွေရွာနေမှာပေါ့ ။ အခုလိုအချိန်ရောက်လာရင်
မိုးဖွဲလေးတွေရွာနေမယ့် ကျောင်းတော်ကြီးဆီကို စိတ်ကူးနဲ့မရောက် ရောက်အောင်
သွားမယ် ။ ပြီးရင်ကံ့ကော်ရုံနားသွားပြီး အခုပွင့်ပေးကြဖို့ ကံ့ကော်ပင်တွေကို နားပူ
နားဆာလုပ်မယ် ။ ထိုင်နေကျခုံတန်းပေါ်မှာတော့ အတိတ်ကမိန်းမပျိုကို ဖန်ဆင်း
ထားလိုက်မှာပေါ့ ။ လေညင်းတွေကိုလည်း တသုန်သုန်တိုးဝှေ့ခိုင်းထားမှာပေါ့ ။ ပြီး
တိမ်ညိုတွေကိုလည်း ခပ်ဝေးဝေးမှာမနေဖို့ ပြောထားမှာပေါ့ ။ သူပြန်နေကျမိုးတိတ်
လမ်းတွေကိုလည်း ကိုယ်ယောင်ဖျောက်ခိုင်းထားမှာပေါ့ ။ ကျွန်တော်ဆွတ်ခူးလာတဲ့
ကံ့ကော်ပွင့်တွေပန်လို့ ချစ်သူသိပ်လှနေတာပေါ့ ။ အားနာစရာတောင် ကောင်းနေပါ
ပြီနော် ... ။ ချစ်သူဟာ ကံ့ကော်ထက်သိပ်လှကြောင်း ကျွန်တော်ရယ် ၊ မနာလိုဖူးတဲ့
မိုးခိုငှက်တွေရယ် ၊ သိတယ် ။ ကျွန်တော့်ရူးသွပ်မှုတွေကြည့်ရင်း ချစ်သူကလည်း ရယ်မြဲ ရယ်လို့ ။ မိုးတွေကလည်း ရွာမြဲ ရွာလို့ ။ သွားကြစို့ လို့မပြောမချင်း မိုးမအုံ့ တတ်တဲ့ ကျွန်တော်ပျော်ရွှင်မှုဟာ တိမ်ကင်းစင်ပါတယ် ။ အခုတော့ အဲ့ဒီအရပ်ဆီက
မှိုင်းပျပျမိုးရနံ့တွေရတယ် ။ ကဗျာဆရာတွေပြောတဲ့" တိမ်ညိုနိမိတ် " ဆိုလား ၊ဘာ
ဆိုလား ။ ကျွန်တော်ကို မမလွင်ထားသွားခဲ့တာလည်း ကြာ ........................ ပြီ ။)
" မမလွင် "
ချစ်သူ့နာမည်သုံးလုံးမှာ ကျွန်တော်အတုံးအရုံး လဲကျဖူးပါသည် ။ ထိုအချိန်ကနေ
ယနေ့အထိ ထာဝရသုံ့ပန်းလို ကျွန်တော်ပြန်မထပါ ။ ဪ .... ပြန်မထနိုင်ခဲ့တာပါ
မမလွင် ။ ကျွန်တော့်မမလွင်သည် ရှင်နှောင်းမဟုတ်ပါ ။ ကျွန်တော့်မမလွင်သည်...
ဓာတုကလျာ မဟုတ်ပါ ။ ကျွန်တော့်တွင် မမလွင်ကိုရွတ်ပြဖို့ ရတုပိုဒ်စုံလည်းမရှိပါ ။
ကျွန်တော် မမလွင်ကိုရွတ်ပြဖို့ စာနှစ်လုံးသာရှိပါသည် ။ မမလွင်ကို ကျွန်တော် ......
" ချစ်သည် " ။ ကံ့ကော်ကို မမလွင် " ချစ်သည် " ။ ကံ့ကော်ချစ်သော ကျွန်တော်
က ကံ့ကော်တွေကိုယ်စား မမလွင်ကို " ချစ်သည် " ။ မမလွင် ကျွန်တော့်ကို ပြန်ပြီး
ချစ်ဖို့လိုမည် ။ ထို့ကြောင့်ပင် မမလွင် ကျွန်တော့်ကိုပြန်ချစ်ခဲ့သည် ။ နေ့ရက်တိုင်း
သည် ကံ့ကော်တို့နှင့် ဆွတ်ဆွတ်ဖြူခဲ့သည် ။ ကံ့ကော်ကဗျာတွေစပ်သည် ၊ကံ့ကော်
သီချင်းတွေဆိုသည် ၊ မမလွင်ကို ကျွန်တော်ချစ်သော မေတ္တာတရားသည် ကံ့ကော်
ရောင်ဖြစ်သည် ၊ မမလွင်ကို ကျွန်တော်နမ်းသောအနမ်းသည်လည်း ကံ့ကော်ရောင်
ဖြစ်သည် ။ မမလွင်ကတော့ ကျွန်တော့်ကိုတကယ်ချစ်ခဲ့တာလား ၊ ကံ့ကော်တွေကို
ပဲတကယ်ချစ်ခဲ့တာလား မခွဲခြားတတ်ခဲ့ပါ ။ ကျေးစေ၍ မေးဖို့ရာ ကျွန်တော်မှာရတု
ပိုဒ်စုံမရှိပါ ... ။ သို့သော် ဘဝတစ်ခုစာ အမျှော်စိုက်ခဲ့ရချေပြီ ။ ကံ့ကော်ရက်စွဲတွေ
လည်း လွန်ခဲ့ပါလေပြီ ... ။
( ပန်းလှေပေါ်မှာ ပန်းအကြွေတွေတင်ပြီးမျှောခဲ့မိပေါ့ ။ ဒါကျွန်တော့်
ဘဝကို ဘာသာပြန်ပေးနိုင်မယ့်သက်သေလေးတွေပါပဲ ။ မမလွင် မြင်ပါ ၊ မမလွင်
ကြားပါ ၊ ပွင့်လွှာပေါ်ကဆူးရာလေးတွေကို မမလွင်ကိုယ်ချင်းစာပါ ။ နေ့စဉ် နေ့စဉ်
မမလွင်နာမည်ရေးထားတဲ့ စက္ကူစွန်ဖြူဖြူလေးတွေကို ကျွန်တော်လွှတ်တင်လေ့ရှိ
မယ် ။ ဟိုး ... အမြင့်ဆုံးထိရောက်သွားရင် အပ်ချည်ကြိုးလေးတွေကို ကျွန်တော်
ရင်နာစွာဖြတ်ပစ်နေလေ့ရှိမယ် ဆိုရင် မမလွင်ကို သံယောဇဉ်ဖြတ်ဖို့ကြိုးစားနေပြီ
ဆိုတာ အသံတိတ်ပြောပြနေခြင်းပဲ ဖြစ်တယ် ။ လက်တွေကို ဆန့်မြှောက်ရင်း
ပြတ်လွင့်သွားတဲ့လေတံခွန်နောက်ကို အငမ်းမရလိုက်နေသူဟာလည်း ကျွန်တော်
ပါပဲ မမလွင်ရယ် ... ။ လေထန်ကုန်းမှာ ပြတင်းလေးတွေပိတ်လိုက်ရင်း ၊ ပြတင်း
လေးတွေပြန်ဖွင့်လိုက်ရင်း စိတ်ကိုပိတ်လိုက် ဖွင့်လိုက်လုပ်နေမိတဲ့ ကျွန်တော့်အ
တွက် ဘယ်အိမ်မက်မှမစိုလက်နိုင်တာလဲ အခုထိပါပဲ ။ ကျွန်တော်လက်ခံလိုက်တဲ့
အချစ်ဆိုတာ လပြည့် လကွယ် ၊ ချစ်မိသူဟာ ကြယ်ကလေးနဲ့တူပါတယ် ။ မမလွင်
မရှိတဲ့နံနက်ခင်းတွေဟာ ကော်ဖီနံ့သင်းပေမယ့် ပျင်းစရာကောင်းပါတယ် ။ အခုဆို
ကျောင်းတော်ကြီးဆီမှာ ကံ့ကော်တို့အသံတွေလည်း ပြာနေပါပြီ ။မမလွင် ပြန်လာဖို့
ကောင်းပါတယ် ။ ချစ်သူ့ခြေသံဘယ်ဆီ ဘယ်ဝယ် ... မျက်ရည်စက်တို့နဲ့ တေးမှတ်
ထားလိုက်ပါမယ် ။ )
" မမလွင် "
ရင်ဘတ်နှင့်တကွ
ခြောက်ကြိုးစလုံးမှ သံစဉ်တို့သည်ပင် ၊
မမလွင်ဟု မွတ်သိပ်စွာထွက်နေပါသည်
လည်ပင်းရှည်ရှည် ညများနှင့်
မှောင်မိုက်နေသော ကျွန်တော်သည်လည်း
မမလွင်ဟု အသည်းခိုက်အောင်ဟစ်ခေါ်ခဲ့ပါသည် ။
ပန်းတွေ ပွင့်နေသည်
ပန်းတွေ ကြွေနေသည်
မမလွင်တစ်ယောက်သာ ရှိခဲ့ပါလျှင် ၊
ဆိုသောမေးခွန်းနှင့် သို့လော သို့လောများစွာ
ကျွန်တော့်မှာ ခေါင်းခါဖို့ပဲတတ်နိုင်ခဲ့သည် ။
ကျွန်တော်သည် ...
အတိတ်ဘဝက မမလွင်ခေါက်ထားခဲ့သော
ညဝတ်အင်္ကျီကလေးတစ်ထည်ပင် ဖြစ်ပါ၏
ကျွန်တော်သည် ...
နေသားတကျ ခေါက်ရိုးကျိုးနေသော
ကံ့ကော်ရက်စွဲကလေးပင် ဖြစ်ပါ၏
မမလွင်မရှိသောကြောင့်
အတောင်ပံနှစ်ဖက်နှင့် မပျံတတ်သောငှက်ပမာ
ကြေကွဲစွာ ရင့်ကျက်နေရသည် ။
တရံရောအခါက လူငယ်အကြောင်းကို
မမလွင် သတိရချင်မှ ရပါလိမ့်မည်
တရံရောအခါက ကံ့ကော်ပွင့်တို့ကိုလည်း
မမလွင် မြတ်နိုးချင်မှ မြတ်နိုးပါလိမ့်မည်
ကျွန်တော့်အရိပ်ကိုပင် အလန့်တကြား
မမလွင်လားဟု မေးမြန်းမိသည်အထိ ၊
ကျွန်တော်ကိုယ် ကျွန်တော် ခွဲခြားမသိတော့ပြီ
ရှိပါစေ ....
အရှုံးအထပ်ထပ်ဖြင့် ပြုံးတတ်အောင်လည်း
ကျွန်တော် ကြိုးစားနေပါသည် ။
" ချစ်သူရှိရာ ... " ဟူသောသီချင်းတစ်ပုဒ်နှင့်
မရောက် ရောက်အောင်သွားနေသောခြေလှမ်းကို
မိုက်မဲမှုဟု အမည်တပ်ကြပါစေ
တောက်စားတတ်သော သတိရခြင်းများစွာကိုလည်း
လက်ညှိုးငေါက်ငေါက်ထိုးကြပါစေ
မမလွင်ကို ကျွန်တော်ချစ်သည်
မမလွင်၏ကျောပြင်ကို ကျွန်တော်ခွင့်လွှတ်သည်
ကျွန်တော်ရရှိခဲ့သော လွမ်းခွင့်သည်ပင်
ကျွန်တော့်အတွက် ပန်းပွင့်ဖြစ်လာခဲ့သည်
မည်သို့ပင်ဖြစ်စေ ....
ကျွန်တော်နှင့် စိမ်းလာခဲ့သော ကံ့ကော်ရက်စွဲတို့ကား
သင်္ခါရတရားနှင့် အရေခွံလဲကောင်းနေဆဲပင် ... ။

မင်းခသူ
၂ ၀ ၁ ၅ ၊ ရသစာစဉ်မဂ္ဂဇင်း