ဝါကျင်မြေ့ဆွေးသော ဆည်းဆာလေးတစ်ခုဆီက
ကျွန်တော်ဆွဲထုတ်တော့ ခင် ထွက်လာသည် ... ။
ကံကြမ္မာစုတ်ချက်ကြောင့် ရုပ်ပျက်သွားရှာသော
ပန်းချီဆရာတစ်ဦး၏ဘဝသည် ရင်နာစရာချည်းဟူ၍
ကျွန်တော် မမှတ်ယူလို ... ။
ဖြစ်သမျှအကြောင်း အကောင်း ၊
ထို့အတူ ... အရာအားလုံး " ခရမ်း "
တောင်သမန်သည် ဗေဒါရောင်သန်းနေဆဲရှိသေး၏ ။
ချစ်သော ခင် ...
မျက်ရည်များပေါက်ရောက်ရာဒေသမှ
ဆုတောင်းလှလှနှင့် လွတ်မြောက်ပါရဲ့လား ။
ဒိုင်းခင်ခင် ကို ချစ်မှုန်းဖွဲ့မိသည့်နေ့ကအစ
ကျွန်တော့်ဘဝသည် ကောင်းကင်နှယ်မပြာလွင်ခဲ့
ပင်လယ်လို လှုပ်ခတ်ပြာလွင်ခဲ့ရသည် ။
အလွမ်းဟူသည်
အချစ်၏ ငယ်စဉ်တောင်ကျေးနှင်းဆီဖြစ်ပြီး
နှင်းဆီတစ်ပွင့်၏ ရာဇဝတ်သားသည်
ကျွန်တော်ဖြစ်သည် ။
မည်သို့ပင်ဖြစ်စေ
ကျွန်တော့်ဘဝ၏ ပပငယ်လေဝင်းဝင်း
လမင်းတစ်စင်းသာရှိလျင် မှောင်ရဲပါသည် ။
တောင်သမန်အင်းသည်
တစ်ကြိုးတည်းသာ ရှိသော တယောတစ်လက်ဖြစ်ပြီး
ကျွန်တော်ကား ဘိုးတံတစ်ချောင်းသာဖြစ်၏ ။
ဗေဒါတွေမျောနေ၏
လှိုင်းတို့ ထန်ရိုင်းနေ၏ ။
လိပ်ပြာငယ်သူ၏ ရာဇဝင်ငယ်တွင်
တောင်စွယ်နေကွယ်ပုံကပင် မြန်ဆန်လွန်းနေ၏
ပန်းသတင်း လေညင်းဆောင်သောနေ့မို့လည်း
ကျွန်တော် နေရဲ ၊ ကြွေရဲပါပြီ ...။
မိုးကောင်းအကျဉ်းသား၏ လည်ပင်းပေါ်ဝယ်
သစ္စာတရားကိုကြောက်သော ဓားတစ်စင်းရှိသည်
ဘာကို ကြောက်ရွံ့စရာလိုသနည်း ...
ချင်းချင်းနီသော လည်ချောင်းသွေးတွင်
ချစ်သော ဒိုင်းခင်ခင်အဖို့ ကဗျာတစ်ပုဒ်သာရှိသည် ။
ဤမြေချာမှာ ကြယ်ရောင် ၊ လရောင်သမ်းရင်တော့
" အသုဘ ကမ္မဌာန်းတော်ကို ၊
ကြငှန်းပျော် အိုရှုလှဲ့လေး .... " ဟု
နောက်ဆုံးတောင်းဆု ပြုလိုသည် ။
မင်းခသူ
29 Sep 16