ဆု - ၁
______
ပန်းပွင့်တစ်ငုံအတွက်တော့
လွမ်းခွင့်မကြုံပါရစေနဲ့ဘုရား ။
ရွှေပွင့်လွှာ ...
အခြေတင့်ရာ ပင်အဝေးမှာ
နေခွင့်သာ သခင်ပေးရင်ဖြင့်
ဘဝင်ဆွေး ရတက်အပူမီးနဲ့
ပျက်စီးကာ ကျွန်တော်ဆွေးမှာမို့
ခင်ရယ် ...
မဝေးပါရစေသား ။
ဆု - ၂
______
နမ်းခွင့်ကြုံရလျင်တော့
ပန်းပွင့်တစ်ငုံနှင့်ပါ အရှင်ဘုရား ။
မချိအမျှော် ...
တပည့်တော် ဘဝအမွဲမှာ
ခဏမကွဲကွာ အမျှင်တန်းလို့
သံယောဇဉ် သခင့်နန်းဆီက
ခရမ်းပြာ ရင်ခွင်အငွေ့မှာ
ဪ ...
ပျော်မွေ့ချင်သား ။
ဆု - ၃
______
အလွမ်းဂုဏ်အင်
ပန်းငုံစင် သခင်မသိ ။
သစ္စာတစ်ခက်
မေတ္တာအတွက် သူခေါ်နိုးသာ
မျှော်ကိုးပါ၏ ။
ဆု - ၎
______
သူ့အချစ်ရွာ မနီးတဲ့
ဥပေက္ခာခရီးပါ အရှင်ဘုရား ။
နှမ ယိမ်းကာ
မြစိမ်းပမာ အစဉ်တိမ်းပါလို့
သူစိမ်းပြင်ပြင် သူနှင်လေတော့
မကြွေခင် သည်အသည်းဟာ
အသေ,ရှင် ဤနှစ်ကွဲရယ်နဲ့
တပည့်တော် ....
လွဲပါရစေသား ။
ဆု - ၅
_______
ပန်း မဖြစ်လေတဲ့
အလွမ်းသစ်တွေနဲ့ပါ အရှင်ဘုရား ။
ပန်း မရှိလေသော ...
အလွမ်း၏ နွေတောမှာ
ကြွေသောအလွှာ သည်းတစ်ခြမ်းသည်
ခင် နင်းရန် ....
လမ်းဖြစ်စေသား ။
ဆု - ၆
_______
ပန်းတယော ၊ သောက နွေ ။
အသည်းနွမ်းစေတဲ့ ၊ စွဲလမ်းသူရေ ... ။
အလွမ်းရှိ ပန်းသိလေ ၊ နွမ်း,ချိ,ကြွေ သည်းငယ်နု ။
မြတ်ဘုရားမှာ ၊ ရတက်များစွာ ပြေစေကြောင်းသာ
တောင်းခဲ့သည် ဆု ။
မင်းခသူ