( ၁ ။ )
" အသည်းလွှာမြေဝယ် ၊ အမြစ်ဖြာယှက်သွယ် ၊
အချစ်ညှာခက်ကာနွယ် "
ကောင်းကင်နှင့် တိုက်တိုက်
ပင်လယ်နှင့် တိုက်တိုက်ဟူ၍
အနုပညာဝေဟင်၌ မိုက်လုံးကြီးစွာ
ရွေ့လျားနေသောတိမ်မှာ ကျွန်တော်ဖြစ်သည် ။
ကာလများစွာ
ရေလယ်ကောင်မှာ သောင်ထွန်းခဲ့သော်လည်း
နတ်သမီးမနေတဲ့ကျွန်းဟူ၍ သင်တို့ကဲ့ရဲ့ကြကုန်
ဤရာဇဝင်မြစ်ကျဉ်းမှာ ကျွန်တော်စုန်ဆင်းအံ့ ...
ကျွန်တော့်သီချင်း ၊ ကျွန်တော့် ရနံ့ကား
ဖြူစင်စွာ လွင့်ပျံ့နေမည်သာ ... ။
ထိုသို့ဖြင့် ၊ တနေ့သ၌ ...
ကိုယ့်နှုတ်ခမ်းကိုယ်ကိုက်၍ ပျံသန်းစဉ်တွင်
နတ်သမီးသည် ခင်...ဟူသောအမည်ဖြင့်...
ကျွန်တော့်ကောင်းကင်မှာ လင်းပွင့်လာသည် ။
နတ်သမီးမနေဖူးသော ကျွန်း၏သောင်ကမ်းမှာ
အာသာဝတီ နွယ်နီနတ်ပန်းတို့ အမြစ်တွယ်ယှက်၍
အချစ်နွယ်ခက်တို့ သန္ဓေတည်ခဲ့ချေပြီ ။
ခင့်ကို ... ကျွန်တော်ချစ်သည်
" မာလာပင်နန်း ၊ ချစ်ပန်း ပွင့်ဦးစ ... အရွယ်
ချူတော်မူလာနိုး ... မျှော်ကိုးကာ ပူဗျာပါကြွယ် "
ကျွန်တော့်ရင်ကန္တာရမှာ ...
စံပယ်တွေ ရုတ်တရက်ထပွင့်လာကြသည့်နှယ်
ကျွန်တော့်အမှောင်ညမှာ ...
လစန္ဒာ ကြိုးပြတ်ကျသည့်နှယ်
မေတ္တာဖြင့် ပြည့်သော " နယ် " ကို
ကျွန်တော် တွေ့ရှိခဲ့ပါပြီ ။
ခင် ...
ခင်သည်
ကျွန်တော် တ, ဖူးသော
ပထမ နာမတော်ဖြစ်သည် ။
ခင် ...
ရင်ထဲက ဝှက်ကွယ်၍ပွင့်သော စံပယ်တွေကို
ပန်တော်မူ
အသည်း၌ အမြစ်တွယ်ယှက်သော အချစ်နွယ်ခက်တို့လည်း
မြင်တော်မူ
မေတ္တာနယ်ထက်၌ သောကတို့ဖြင့် ပွက်ပွက်ဆူသော
အိမ်မက်ဖြူဖြူတို့ကိုလည်း
ယူတော်မူ
ထိုအတွက်ပင် ...
ရေငတ်သည့်နှယ် ပူသောရင်ကား
ခင် ... ဟုသာ တောင့်တနေတော့သည် ။
" ရည်ရွယ်သွယ်ညွှတ်ပြောင်း ၊ ကြာလေ ညှာကြွေညောင်းမျှရယ်
အရိုင်းစံပယ်မို့ ပစ်ပယ် ... ပန်တော်မဝင်တယ် "
အသူတရာမျှနက်သော ညလွင်ပြင်ဝယ်
ကောက်ရိုးတမျှင်သည် ခင် ဖြစ်ပါသည် ။
လမ်းပျောက်သူ၏ အမှောင်ထုတွင်းက
ကြယ်ရောင်အလင်းတစသည်လည်း ခင် ဖြစ်ပါသည် ။
ခင် ... ဟူ၍
မပူပြင်းသော နွေ
မသည်းထန်သော မိုး
နွေးမြသော ဆောင်းများ
ကဗျာဖွဲ့ရင်း ၊ သီချင်းဆိုရင်း ပြောင်းသွားသည်သာ ။
ရင်၌ဝေသော စံပယ်တို့သည်လည်း
ဖြူစင်မြဲ ... ဖြူစင်ခဲ့သည်သာ
ရင်ထဲ၌ ၊ ပန်းတွေကို ကျွန်တော်ပိုက်ရင်း
မျှော်လင့်ခြင်း၏ အခြားတဖက်တွင်
ခင် ... ဟူ၍ ကမ္ဘာတည်ရင်း
ခင် ... ဟူ၌ သီချင်းညည်းရင်း
ခင် ... ဟူ၍ အသက်ရှုရင်း
နေပျော်ခဲ့ပါ၏ ... ။
အန္ဓသီချင်းသည်အဖို့
ဥပေက္ခာရာသီများ ၊ ရှည်လျားလှပြီ
ရည်ရွယ် မျှော်လင့် ၊ အရှင် ခင့်ထံ
ဆင်ပန်ရာအသည်းပွင့် ၊
ကျွန်တော် ဆက်ခွင့်ရှိပါသလား ။
ထိမ်ဝှက်လျက်သာ ...
အိမ်မက်ကာလ ၊ ရှည်ကြာလှချည့် ။
" ငွေသဇင် ကြူမွှေး ၊ သူရွေးပြီထင် အားငယ်
တွက်ရေသော် ရက်တွေခြား ၊ စောင့်စားရင်း မြေမှာ
ကြွေ ... ကြွေကာ နွမ်းလေပြီကွယ် "
ခင့် သမိုင်းအလယ်မှာ
အရိုင်းစံပယ် တင့်တယ်ခွင့်မရှိ ။
လေညင်းခတ်ဖူးရုံနှင့်သာ
မြက်ခင်းမှာ လှုပ်လှုပ်ယိမ်းယိမ်းဖြစ်ကျန်ခဲ့ရသည် ။
နေက လကို ပိုင်သည် ။
ထိုကြယ် ... ဘယ်တော့ကြွေမည်နည်း ။
ဤခရီး ... နီးသလား
ခင့်နာမတော်ကိုရွတ်ရင်း ကျွန်တော်သွားနေဆဲ ။
ပန်းသတင်း ၊ လေညင်းဆောင်သောနေ့ကား
ဖိနပ်ပေါက်၍ ခြေခေါက်လဲကျသွားသောနေ့ဖြစ်သည် ။
ရင်ထဲဝယ် ....
" ငွေချပ်လွှာဆွေး .... ၊ မာလာမွှေးရနံ့ပြယ် ... "
ရာဇဝတ်သားသည်
တောင်စွယ်မှာ ၊ နေကွယ်ချိန်ကို စိုးရွံ့သလိုမျိုး
စစ်မြင်းသည်
စစ်အတွင်း၌ ၊ မပျော်ရမည်ကို အလိုမရှိသလိုမျိုး
တိုးသက်စွာ ကျွန်တော်အံကြိတ် ကျန်ခဲ့မည် ။
ပိုးချည်မျှင်တို့ကား တထောင်းထောင်းပြတ်တောက်ခဲ့ပြီ
စံပယ်တို့ဖြင့် ဆင်သော က,သောညမှာ တယောသံသုဉ်းခဲ့ရပြီ
ဖူးသော အငုံတို့သည်လည်းကောင်း
ပွင့်သော ပန်းတို့သည်လည်းကောင်း
ရနံ့ကြွေညောင်းခဲ့ချေပြီ ။
ခင် ...
ဟောဒီ ကမ္ဘာမြေပြင်တစ်ခုလုံး
ကျွန်တော့်အတွက် မိုးစုန်းစုန်းချုပ်ခဲ့ပေါ့ကွယ် ။
( ၂ ။ )
" စံပယ်ဖြူ တုန်းကာမှ ၊ ခင်ဖုန်း ... သက်ဝေရယ်
ဘယ်စိတ်လည်လို့ ပေါ်လာပြန်တယ် ... "
မုန်တိုင်းနှင့် တိုက်တိုက်
ကျောက်ဆောင်နှင့် တိုက်တိုက်ဟူ၍
ကမ်းမဲ့ရေပြင်၌ မိုက်လုံးကြီးစွာ
ခရီးနှင်နေသောလှိုင်းမှာ ကျွန်တော်ဖြစ်သည် ။
ကာလများစွာ
ရေလယ်ကောင်မှာ သောင်ထွန်းခဲ့သော်လည်း
နတ်သမီးမနေတဲ့ကျွန်းဟူ၍ သင်တို့ကဲ့ရဲ့ကြကုန်
ဤရာဇဝင်မြစ်ကျဉ်းမှာ ကျွန်တော်စုန်ဆင်းအံ့ ...
ကျွန်တော့်သီချင်း ၊ ကျွန်တော့် ရနံ့ကား
ဖြူစင်စွာ လွင့်ပျံ့နေမည်သာ ... ။
ထိုသို့ဖြင့် ၊ တနေ့သ၌ ...
ကိုယ့်လမ်းကိုယ်ထမ်း၍ လျှောက်လှမ်းနေစဉ်
အတိတ်သည် ခင် ... ဟူသောအမည်ဖြင့်
ကျွန်တော့်ရာဇဝင်ထဲ ပြန်လွင့်လာခဲ့သည် ။
ခဲမှန်ဖူးသော စာသူငယ်၏ အဇ္ဈတ္တမှာ
အချစ်တစဟူသည် မီးဖြစ်၍ ....
ပြီးခဲ့ပါပြီ ။
အဘယ်ကြောင့် ခင်ပြန်လာခဲ့ပါသနည်း
ကျွန်တော့်ဘဝမှာ ခင်ရှိဖူးသည်
ကျွန်တော့်ဘဝမှာ ခင်မရှိတော့ ။
" လှောင်တာလေလားနော်ကွယ် ... ၊
ဖန်လာပုံ ခုမှဆန်းကြယ် "
နွမ်းနယ်နေသောပန်းကို လေကြမ်းတို့နမ်းသလိုမျိုး
ယုန်သူငယ်ကို သားရဲတို့ဆော့ကစားလိုက်သလိုမျိုး
ခင့်အငြိုးကား ... ကြီးမားလှချည့် ။
အဘယ်အတွက် ခင်လာခဲ့ပါသနည်း
ဘဝရှင်သည် ...
စစ်သုံ့ပန်းတစ်ယောက်ကို မစီရင်ခင်
အခွင့်အရေး ပေးသနားလိုက်သမျိုး ၊
အငြိုးကြီးစွာ လှောင်ရယ်လွန်းလှချည့် ။
အတိတ်နှင့် ခင်သည်
ကျွန်တော်အကြေဆပ်ခဲ့သော ဝဋ်ကြွေးပင်ဖြစ်သည် ။
" အချစ်စိတ် ဆိတ်သုဉ်း ၊ ဆုံးရှုံး ... ခြောက်ခမ်း
လောင်ကျွမ်းခဲ့ရ မောင့်ဘဝအစဉ်ဝယ် ... "
မြစ်ကြီးငါးသွယ် ၊ မြစ်ငယ်ငါးရာမှ စီးဆင်းခဲ့လေသော
ရေတို့သည် ၊ ပင်လယ်သမုဒ်၌ ရပ်တန့်သကဲ့သို့လည်းကောင်း
နေခြည်အလင်းမှာ
မြူနှင်းတို့ ပျယ်လွင့်သကဲ့သို့လည်းကောင်း
မီးစာကုန် ဆီခမ်းနေသော မီးအိမ်သည်
ထပ်မံမလောင်ကျွမ်းနိုင်သကဲ့သို့လည်းကောင်း
ထို့အတူ
ကျွန်တော့်ဘဝ အက်ကြောင်းထဲ၌
တရံတခါက စံပယ်ပန်းတွေထပ်မပွင့်တော့ပြီ ။
ခင့်ကို ကျွန်တော်ချစ်ခဲ့သည်
ခင့်ကို ကျွန်တော်မချစ်တော့
ခင်သည် ...
ခပ်ဝေးဝေးမှာ ကွယ်ခဲ့ဖူးသော လရောင်
ခင်သည် ...
ကွယ်ပျောက်၍ ပြန်ရောက်လာသော လရောင်
တကျော့မှောင်၍ ... တကျော့လင်းသော
အချိန်ကာလသည်
ခင်နှင့် ကျွန်တော့်ကြားမှာ ခြားနားခဲ့သည့်
တိမ်သလ္လာတစသာ ဖြစ်၏ ။
" ဆက်သွယ် သန္တတိ ၊ မမြဲသောရုပ်နာမ် ပြောင်းလဲသည့်နှယ်
ဖြစ်ပြန် ပျက်ပြန် ၊ အချစ်မှန်တရားရယ် ... "
ဖူး ပွင့် ကြွေ သင်္ခါရများကို အံတု၍
ခင့်ကို ထာဝရချစ်ပါမည်ဟု သစ္စာပြုဖူးသည် ။
ရေပြင်၌ ခဏတာထင်ဖူးသောအရုပ်သည်
ခင်ဖြစ်ပြီး
မြေမြင်၌ ချရေးဖြစ်သော အိမ်မက်သည်လည်း
ခင်သာဖြစ်သည် ။
နေရောင်ခြည်နှင့်တူသော မိန်းမပျိုတစ်ဦးကား
ဆည်းဆာတွေနှင့်အတူ ပြီးဆုံးသွားလေပြီ ။
ခင့်ကို လွမ်း၍လည်း နှုတ်ခမ်းကိုက်ဖူးသည်
ခင့်ကို မေ့လို၍လည်း နှုတ်ခမ်းကိုက်ဖူးသည်
ခင် ...
အချစ်ညှာ အခြွေနှောင်း၍
သစ္စာ ကြွေညောင်းဖူးပါပြီ ။
ပွင့်ချိန် မဆင်
နွမ်းမှ ပန်ချင်လေသော ခင်
သို့မဟုတ် ...
" မူလွန်းခဲ့သူရယ် ... ၊ ပွင့်ဦးကြွေမှဖြင့်ကွယ်
မပန်စေချင်ရက်တော့တယ် ... ။ "
ဟူ၍သာ ...
ပွင့်ဦး ပွင့်လွှာ ယွင်းခဲ့ရာ
ကျွန်တော့်ရင်ဘတ်အား ၊ တံခါးပိတ်ထားပါမည်
ကျွန်တော့်ရင်ခွင်သမိုင်းဝယ်
ခင်ပန်ချင်သော အရိုင်းစံပယ်တို့ ကြွေသုဉ်းခဲ့သည်မှာ
မဟာလင်္ကာတစ်ပုဒ်စာ ... ကြာ ... ခဲ့ .... ပြီ ....... ။
မင်းခသူ
Dec. 4
2 0 1 5
ဤကဗျာဖြင့် ဂီတနက်သန်ကိုစောညိန်း အား ဂါရဝပြု
ပါသည် ။