(၁ )
ကျောက်ဂူထဲက တလှမ်းခြင်းထွက်လာတဲ့ 
ကြေး ၀ါ ရောင် ခြင်္သေ့တကောင်လိုပဲ
၁၉၉၁ ရဲ့ ဒီဇင်ဘာ ( ၁၀ ) ရက်ဟာ နေခြည်မျှင်စတွေကို
လည်ဆံမွှေးတွေလိုခါချရင်း
လူ့လောကထဲ တိုးဝင်လာခဲ့ ပြီ။
ဖက်စစ်ကလည်း
သူ့ဖိနပ်ကိုကျစ်တဲ့ ကြိုးနဲ့
ငါတို့ကိုစိုးမိုးတုပ်ခတ် ဘီလူးအိပ်မက်မှာ
ညတွေနက်ပြီးရင်း နက်ခဲ့ပြီ။
ငါတို့ရဲ့တော်လှန်နိုင်ငံဟာ
အာရှရဲ့ မုတ်သုန်စီးကြောင်းအောက်မှာ
စစ်ခမောက်တစ်လုံး မှောက်ထားသလို
မီးခိုးညိုတွေအူထွက်
အဲဒီအထဲကမှ ငါက
အားယူနိုးထလျှက်ပေါ့။
ဒီနေ့ဟာ
သံလွင်ခက်တွေ သက်ဝင်မဲ့ နေ့
ရာဇ၀င်မှာ ရွှေလိုစင်ကြယ်တဲ့ နေ့ပါပဲ။
ငါ့ရင်ထဲမှာ မွှေးမြသင်းရီ
ငါ့နိုင်ငံမှာ လင်းပစွေးနီ
ငါတို့ချစ် သော
အို … အောင်ဆန်းနှင်းဆီ။
(၂ )
ဘုန်းကြီး သင်္ဃန်းတွေကိုချွတ်ပြီး
လူသေပတ်တဲ့  အ၀တ်လုပ်သူတွေက
နိုင်ငံတော်အာဏာကို
သေနတ်အိတ်ထဲက
ထုတ်ကြည့်နေလေရဲ့။
အရိုးနဲ့ဆောက်တဲ့အုတ်ဂူမှာ
ယမ်းငွေ့သွေးမြူတွေ အုံးဆိုင်း
သည်မြေကို ရိုင်းအောင်လုပ်ရက်ကြတယ်။
ဟေး ::::::
ပွင့်စမ်း ဝေစမ်း ရဲရင့်စမ်း
ငါတို့ချစ်သော အောင်ဆန်းနှင်းဆီ။
ငြိမ်းချမ်းရေးကိုမြတ်နိုးသူဟာ
သံခ်ပ္ကာအက်ႌ၀တ္ထားသင့္သလား
သားသတ်သမားနဲ့ ဘုရားသခင်ကို
ငါ မေးချင်တယ်။
ဒါ တော်လှန်ေ ရး
တော်လှန်ရေးမှာ အေးစက်မှုန်ဝါး
အောင်ဆန်းနှင်းဆီ နေ့များ
အောင်ဆန်းနှင်းဆီ ညများ
ပြည်သူ့ကြားမှာ လွင့်ပါးလှုပ်ခတ်
အနာဂတ်မိုးကြီး ရွာလိမ့်မယ်
အနာဂတ်မိုးကြီး ရွာတော့မယ်ကွယ်။
(၃ )
ဒီကဗျာကိုငါရေးတာ
သူမအတွက် ဘုန်းတော်ဘွဲ့ တင်ဆက်တာမဟုတ်ဘူး
တော်လှန်ရေးကို-----
အာဇာနည်ကုန်းပေါ်က တက်အလေးပြုတာ ဖြစ်တယ်။
တောင်စွယ်နေကွယ်ချိန်
လူသတ်ကုန်းမှာ ငါလိုရာသာတောင်းခွင့်ရရင်
မင်းတို့ဘုရင်နဲ့ စီးချင်းထိုးချင်တယ်လို့
ငါ ပြောမိလိမ့် မယ်။
ပြန်စဉ်းစားရင် မိခင်ရဲ့မျက်နှာမှာ
ဓါးခုတ်ရာအမာရွတ်ကို တွေ့ရသလိုပဲ
အသည်းနာလွန်းလှတယ်။
ငြိမ်းချမ်းရေးစောင်းကြိုးနဲ့
ဟိုးအဝေးက-----
စစ်ခရာလောကမှာ
ဘယ်သူလင်းပြာစေမလဲ
ဆက်လျှောက် ဆက်ကြိုးစား
အမှန်တရားဆိုတာဘယ်သူမှ
အလကားမရဘူး။
လျှောက်ရဲသူအတွက် လမ်းဆိုတာ
မနက်ဖြန်နေထွက်ချိန်တိုင်းမှာ ရှိတယ်။
ကြောက်တတ်သူ လက်နက်ချစတမ်းဆိုရင် ငါရေးတဲ့ ဒီနှင်းဆီကဗျာဟာ
" ဓါး" ဖြစ်လာလိမ့် မယ်
ထက်မြစိမ်းဝင်း သတ္တိအဆင်းတို့လွှမ်းခြုံ အရှေ့စူးစူးရောင်ခြည်ခူးဖို့
ငါတို့အားလုံး ဦးလည်မသုန် . .
ငါတို့အားလုံး ဦးလည်မသုန် . .
ငါတို့အားလုံး ဦးလည်မသုန် . . ။
ရွှေဘုန်းလူ ( တာရာမင်းဝေ )
ဆရာတာရာမင်းဝေဟာ ဒီကဗျာကို
၁၉၉၁ ထောင်ကျနေစဉ်ကာလမှာ ရေးသားခဲ့ပါတယ် ။