ကျောင်းဖွင့်စတုန်းက ပွင့်တဲ့ပန်းမို့
ရင့်ရင့်သီးသီး လွမ်းနေခဲ့ရတာလည်း
ရက်ပေါင်းအသင်္ချေ ... ကြာရော့မယ် ။
ကံ့ကော်တန်းနဲ့ ... စံပယ်ရုံတစ်အုပ် ၊
အခုလိုဖွေးဖွေးလှုပ်နေတဲ့ အတိတ်မှာ
ချစ်သူဟာ အစိမ်းရောင်လွယ်အိတ်လွယ်ရင်း
နံနက်ခင်းကလေးလို သာယာနေဖူးတယ် ။
ဆံပင်တွေလက်နဲ့ သပ်တင်
သနပ်ခါးရနံ့တွေ တလွင်လွင်နဲ့
ဂန္ထ၀င်မြောက်တဲ့ ချစ်သူကကြိုး
သက်ပြင်းတွေလည်း ခိုးချမိပေါ့ကွယ် ။
ခရမ်းပြာရယ် ....
အဲဒီတုန်းက ကျောင်းစာအုပ်ထဲမှာ
ငါရေးမိတဲ့ သီအိုရီတွေဟာလည်း ၊
အုံ့ပုန်းတစ်ယောက်ရဲ့ ရင်ဘတ်ထဲက
မီးလောင်နေတဲ့ အဖြူရောင်ဆန္ဒတွေပါပဲ ။
စီးထားတဲ့ ဖိနပ်ကလေးကအစ
ပန်ထားတဲ့ ပန်းရဲ့ ပွင့်ဖတ်ကလေးအဆုံး
မိန်းမတစ်ယောက်အတွက် ကဗျာသီကုံးရတာလည်း
ငါ့အတွက် ... ပထမဆုံးပါပဲ
ကျောင်းဆင်း ၊ ကျောင်းတက်
နေထွက် ၊ နေဝင် ....
ငါဖတ်ချင်တဲ့ ကဗျာတစ်ကြောင်းဟာလည်း
ထီးဆောင်းထားတဲ့ ကျောင်းသူကလေးပေါ့ကွယ် ။
အနုပညာမြောက်သောကြိုးမျှင်တို့နဲ့
တိုးငင်ကာ ရစ်ယူခဲ့သူမို့လည်း ၊
" ချစ်သူ " လို့ပဲ ခေါ်ချင်တယ် ။
ခွင့်ပြုပါနော် ...
( ခရမ်းပြာ - ဆိုတဲ့ )
ပန်းသခင်ရှိရာ ကျောင်းတော်ကြီးက
နေလို မီးလိုကျွမ်းသူ လူငယ်တစ်ယောက်ရဲ့ ၊
မဝံ့မရဲတံခါးခေါက်သံကလေးကိုလည်း
ခွင့်ပြုပါ ... ။
သစ်ပင်ကလေးကိုမှီရင်း ...
နံနက်ခင်းရဲ့ ကျောင်းတက်သူဆီ
ငေးရီ စောင့်စား ၊ ငါ ဖတ်ကြားတဲ့စာ
ချစ်သူ မြန်မြန်လာပါ ၊ ချစ်သူ မြန်မြန်လာပါ ။
အလင်္ကာတစ်ပုဒ်စာ ၊ ကဗျာတစ်အုပ်စာ
ရှည်ကြာ ခြောက်ခြား ၊ ရင်ခုန်သံများစွာနဲ့
မျှော်သူတစ်ဦးရဲ့ စစ်အေးကာလထဲက ...
နတ်ဖုရားမ လာမယ့်လမ်း ၊
တလောကလုံးကပန်းတွေ ပွင့်လိုက်ကြစမ်းကွယ် ။
မဆီမဆိုင်
မြက်ပင်ကလေးတွေ ဆုပ်ကိုင်ရင်း
သက်ပြင်းတွေတနင့်တပိုးနဲ့ ၊ ငါ ရိုးကျိုးနေမိတယ်
မဆီမဆိုင်
လေညင်းတွေကို တိုင်တည်ရင်း
ပူပြင်းနေတဲ့ရင်ဘတ် ၊ ငါ့လက်နဲ့ဖွဖွကပ်ထားမိတယ်
မိုးနဲ့မြေဟာ ဘယ်လောက်အလှမ်းကွာကြောင်း ....
ခရမ်းပြာ သိကောင်း သိလိမ့်မယ် ။
ဒါပေမယ့် ... သိပ်ချစ်မိကြောင်း ၊ ချစ်သူမသိလည်း
ရပါတယ် ။
ငါနဲ့စိမ်းတဲ့ပုစ္ဆာတွေကိုင်မြှောက်ရင်း ...
အနန္တရဲ့အတိုင်းအထွာကို ရှာဖွေကြည့်ဆဲမှာ
ငါတွေ့ရှိလိုက်တဲ့ နိယာမဟာ ၊ သုညပဲဖြစ်တယ်
ငါ့ဘဝမှာ ၊ အချစ်ဆိုတာ ....
မှော်ဆရာဖန်ဆင်းထားတဲ့ မီးပွင့်ကလေးလိုမျိုး
ရင်ဘတ်တခုလုံးအတွက် အလင်းဓာတ်ကို ....
စိုက်ပျိုးမရရှိခဲ့ဘူးကွယ် ။
ကျောင်းဆင်းခေါင်းလောင်းသံ
နေဝင်ရာအိမ်အပြန်လမ်းတွေဆီ
ငါမုန်းတီးသော ခွဲခွာခြင်းဂီတ ...
ကြေကွဲရတယ် ခရမ်းပြာရယ်
ရေခဲမြစ်ထက် အေးစက်တဲ့ ည
ကျောက်သားထက်မာသော လရောင်
လွင်တီးခေါင် ကန္တရများဆီက ၊
ဓားသွားလိုလှပ စူးရှတဲ့စံပယ်နံ့တွေ
တိုးတိုးဖွဖွရတယ် ။
အလွမ်းဆိုတာ ...
ပန်းပန်ထားတဲ့ ဝေဒနာတစ်ခုမှန်း ၊
ရောဂါကျွမ်းမှ သိလိုက်ရတော့တယ် ။
ကျောင်းသူလေးစာကျက်နေမယ့်အရပ်ဆီ
အုံ့ပုန်းပီသစွာ ရွယ်ရည် ၊ ငေးမော ၊
မှော်ရုံတောဟာ ...
လောကမာယာတွေ ရှုပ်ထွေးလို့ကွယ် ။
လမ်းကြုံလို့ရှိရင် ...
ငါ့ရင်ဘတ်ကို တစ်ရွက်ချင်းလှန်ဖတ်ကြည့်
နင့်အတွက် မြင့်မြတ်သောကဗျာတစ်ပုဒ်ရှိတယ်
စာမေးပွဲတိုင်း အဆင့် ၁ ရခဲ့ပေမယ့်
စာမေးပွဲတစ်ခုကို ရင်မဆိုင်ရဲတာလည်း
နင့်ကြောင့်ပါပဲ ... ။
အဲဒီလိုနဲ့ ... ၊
ခေါင်းငုံ့သူတို့ရဲ့ ရာဇဝင်မှာ
ပြာလွင် အုံ့သည်း ၊ ငါ့ကိုယ်ငါ မုန်းတီးနေမိတယ် ။
ခရမ်းပြာရယ် ....
ကြယ်ကြွေသံနဲ့တင် ဝမ်းနည်းတတ်တဲ့အရွယ်မှာ
ငါထင်တာက ....
ကမ္ဘာကြီးတစ်ခုလုံး မိုးစုန်းစုန်းချုပ်ဖို့
နင့်ရဲ့ဥပေက္ခာကဗျာတစ်ပုဒ်ပဲလိုလိမ့်မယ် ။
ပြီးတော့ ...
ချစ်သောနင့်ရှေ့မှာ အညံ့ခံဖို့အတွက် ...
သက်တံ့တွေဖြောင့်တန်း ၊ ငါ ... လှမ်းလာမယ်
နင့်ရဲ့စိမ်းနက်မျက်တောင်တွေဟာ ...
ငါ့ကို တဟုန်းဟုန်းလောင်ကျွမ်းစေတော့တယ်
မဟာဂီတမမြောက်ပေမယ့် ...
ကဗျာသီလျလောက်တဲ့ နင့်အကြောင်းတွေဟာလည်း
ငါနဲ့ကြယ်ကြွေညတွေထဲ ... အက်ကြောင်းရှည်လျားနေဆဲပါပဲ ။
ကြေကွဲကျောင်းပိတ်ရက်တွေထဲ
ငါတစ်ယောက်တည်း ... လွမ်းဆွတ်
ချစ်ရတဲ့တစ်စုံတစ်ယောက်ဆီ ၊
ဦးညွှတ်နေပါမယ် ။
နင့်အကြောင်းတွေ အလွတ်ကျက်ခဲ့သူမို့
နင့်နာမည်ကိုပဲရွတ်ဖတ်နေမိတာ ၊ မဆန်းပါဘူးကွယ်
ချစ်သောရုပ်လွှာ လွမ်းဆွတ် ၊ တောင့်တ
ဒီအကြောင်းကို ပြောပြရင် ....
တစ်ထောင့်တစ်ည ကြာ ..... လိမ့်ယ် ။
ဘယ်လောက်ချစ်မိကြောင်းတွေကိုလည်း
ငါနဲ့ မိုးသည်းညများ ငြင်းကြ ၊ ခုံကြ
အိမ်မက်တွေရွှဲရွှဲစိုအောင် ... ယုံခဲ့ကြတယ် ။
ခရမ်းပြာ ရယ်
အဖူးတွေနဲ့သာ အုံ့ဆိုင်းရင့်သီးခဲ့သူမို့
တခါတလေတော့လည်း ပွင့်ဟီးပြချင်တယ်
မြင်းရိုင်းတစ်ကောင်ရဲ့ ခွာသံတဖြောင်းဖြောင်းနဲ့
ပန်းကျောင်းတော်ဆီ အပြေးသွားချင်တယ်
စာသင်ခန်းလေးထဲက ၊ ကမ္ဘာရဲ့ဒုတိယဧဝကိုလည်း
ငါ့အကြောင်းတွေ ဆွေးလျစွာ ပြောပြချင်ပါသေးတယ် ။
ထာဝရဘုရားသခင်ရှေ့မှာ
ငါရှာတွေ့တဲ့အချစ်ဓမ္မတစ်ပိုဒ်
သွေးကြောထဲအထိ ဆိုရှိုက်နေတုန်းမှာပဲ
အရိုက်ခွဲခံလိုက်ရပြီ ။
ညှိုးလျနွမ်းကြေ ၊ တမ်းမပြေသူ အတိတ်ကျောင်း
ချစ်သူကြားဖို့ ခေါင်းလောင်းသံလှလှ
တီးခတ်ပေးကြပါ ... ။
ခင်တန်းကွေ့ကောက် ၊ အလေ့ကျပေါက်နေတဲ့
ဟောဒီကောင်ရဲ့ ခရမ်းရောင်အိမ်မက်ကိုလည်း
စိုလက်စေခဲ့ပါ ... ။
လူငယ်ဘဝက
လက်ရေးမလှခဲ့တဲ့ သမိုင်းစာအုပ်ထဲမှာ
ပန်းကျောင်းတော်ရာရဲ့ သင်ခန်းစာဟာ
ခရမ်းပြာတေးချင်းတွေ ဝေလို့ ၊ ဝဲလို့ပါပဲ
ခေတ်အဆက်ဆက် ...
ငါနှစ်သက်ခဲ့သော ရနံ့ရှင်ရေ ... မင်းဟာ
အဆိပ်လှလှနဲ့ ၊
ကျောင်းဖွင့်စတုန်းက ပွင့်တဲ့ပန်းမို့
ရင့်ရင့်သီးသီး လွမ်းနေခဲ့ရတာလည်း
ခုဆို ...
ရက်ပေါင်းအသင်္ချာ ... ကြာရော့မယ် ။
မင်းခသူ
2015 . August . 18