ငါဟာ သိုးတစ်ကောင်ဖြစ်တယ်ဆိုပါစို့
လှလှပပ အရောင်အသွေး စုံလင်ခဲ့ချိန်
ငါ့မေတ္တာတရားတွေ အရိတ်သိမ်းခံခဲ့ရ ။
ငါဟာ သိုးတစ်ကောင်ဖြစ်တယ်ဆိုပါစို့
အချစ်ရဲ့ အမွေးအတောင်တွေ ကြီးရင့်
ဖွင့်ထွားသန်မာ ၊ မင်းသုံးဆောင်ပါလေ ။
ငါဟာ သိုးတစ်ကောင်ပါ ...
အဖြူရောင် သိုးမွေး ၊ သစ္စာတရား
" အင်္ကျီချုပ်ဝတ်ဖို့ ကောင်းပါတယ် "
ဆောင်းမှာ နွေးဖို့
ဖိနပ်ချုပ်စီးလို့လည်း ရပါတယ် ... ။
ငါဟာ သိုးတစ်ကောင်ပါ ...
သိုးပီသစွာ ၊ ငါ့ရဲ့ဝဋ်ဒုက္ခတွေ
မင်းအတွက် လှပစေရမပေါ့
သိုးပီသစွာ ၊ ငါ့ရဲ့ပေးဆပ်ခြင်းတွေ
မင်းအတွက် နွေးထွေးစေရမပေါ့
သိုးပီသစွာ ၊ ငါ့ရဲ့အသွေးသားတွေ
မင်းအတွက် ချိုမြိန်စေရမပေါ့ ။
ငါ့ရဲ့ ရေကြည်ရာ မြက်နုရာလေးရယ်
ငါဟာ သိုးကလေးတစ်ကောင်ပါ ....
ငါလို သိုးကလေးတစ်ကောင်အဖို့ ၊
မင်းရဲ့ အယုအယတွေ စိမ်းညို့လိုက်ပါ
မင်းရဲ့ အိမ်မက်တွေ
သိုးမွေးအင်္ကျီ ခြုံထား ၊ ထွေးထား
အေးစက်မသွားဖို့ ၊ နွေးထား
ဒါသည်သာ ...
သိုးတစ်ကောင်ရဲ့ သစ္စာတရားပါပဲ ။
ငါဟာ သိုးတစ်ကောင်ပါ
ငါဟာ သိုးအုပ်ထဲက သိုးတစ်ကောင်ပါ
ငါဟာ သိုးရေခြုံထားမိတဲ့ သိုးတစ်ကောင်ပါ
မင်းရဲ့ နှင်သံ ၊ နှင်တံတွေအောက်မှာ
ပုပ်သိုးသွားတဲ့ သိုးတစ်ကောင်ပါ ...
မင်း နောက်ထပ်မွေးမြူဦးမယ့် သိုးတွေထဲမှာ
ငါဟာ သိုးတစ်ကောင်ဖြစ်တယ်ဆိုပါစို့ ။
K သူ
Oct, 3.
2 0 1 6