၁။
အို ... ကချေသည်
ကိုယ့် ရင်ဘတ်တွေအောင့်စေသတည်းလို့များ
မင်း ... ခြေဆောင့်ပြီး ကျိန်စာတိုက်ခဲ့မိသလား ။
၂။
ကိုယ်ထိုးသော ...
တယောကြိုးတို့လည်း ပြတ်တောက်စေသတည်းလို့များ
မင်း ... အငြိုးနဲ့ ဆုတောင်းမှားခဲ့မိသလား ။
၃။
မုတ်သုန်ထဲမှာ မြက်နုတို့လွင့်ခါသွားသလိုမျိုးပေါ့
အကြောင်းအကျိုးမဆီလျော်တဲ့ ဆင်ခြင်တုံ ဓားနဲ့
သွားတဲ့လမ်းတွေအကုန်လုံး ခုတ်ပိုင်းချခဲ့မိသလား ။
၎။
ကြယ်တွေကြွေသွားပုံများ ...
မီးရထားဆန်လိုက်တာ ၊ ကိုယ်ရုပ်နာမ်မှာလည်း
ဥသြသံတွေ ရှုပ်ယှက်ခတ်လို့ပါပဲ ။
၅။
ဒါကိုတော့ မင်းယုံပါ
ကိုယ့်ရင်ထဲမှာ ပျားရည်လိမ်းသုတ်ထားတဲ့
မှော်ရုံတောအုပ်ရှိတယ် ။
၆။
လေထဲမှာပဲ
ကြေကွဲဖူးတယ်
တိမ်ဆန်တယ် ။
၇။
ထမင်းလုံးတစ္ဆေ အခြောက်ခံရသလို
ကိုယ့်စိတ်တွေကိုယ် လိုက်ကောက်နေရတယ်
သာမညအလင်းမှာ ဈာပနသီချင်းမလိုပါဘူးကွယ် ။
၈။
အို ... ကချေသည်
ဘယ်သူမှမစီးအပ်တဲ့ မီးဖိနပ်လို့လည်း
ကိုယ့်ကိုယ်သဘောထားပါ ၊ ကိုယ့်ကဗျာကိုတော့ရွတ်ပါ ။
၉။
ကိုယ့်မှာသာ နွေနွေ မိုးမိုး
သောက အကြောင်းအကျိုးနဲ့ ချောင်းဆိုးခဲ့ရ
သတိရတိုင်းသွားဖို့ အတိတ်လှလှလေးတွေလည်း ရှိတယ် ။
၁၀။
အဲဒါ ရူးနေတဲ့လရောင်တွေလေ လို့
မင်းဖြေတော့ ကိုယ့်မှာရင်ထုမနာဖြစ်ရတယ်
မဟုတ်ဘူးကွဲ့ ... အဲဒါ လင်းသောသစ္စာတရားတွေ ။
၁၁။
ခုထိ ဂါထာစုတ်မရ ၊ မန္တန်မှုတ်မရတဲ့ ကဝေအရိပ်တွေ
ကိုယ့်စိတ်ပေါ် တွားတွားတက်စမ်း ၊ ငရဲပန်းဆိုတောင်
ကိုယ်လိုကောင်က ပျိုးချင်တုန်းပေါ့ ။
၁၂။
ကိုယ့်ကိုလွန်ကျူးတဲ့ ကြွေအံ့မူးမူး အနမ်းကလေးဆီ
သွားမယ်လို့ ... ရွယ်ရည်မိန်းမော ၊ မင်း ပြောလေ
အန္ဓတို့လာခွင့်မရှိသော နယ်မြေလို့ ။
၁၃။
ကိုယ်ကတော့ အတ္တအကြွေတွေ ထွေးဆုပ်
မိုးစုန်းစုန်းချုပ်လည်း ယုံကြည်နေမိဦးမှာပါပဲ
နှင်းဆီတွေ မှုန်ရီဝေဝါး သွားချိန်အထိလေ ။
၁၄။
ရင်ထဲခုန်ဆင်းရဲသူ ၊ ညတာရှည်စေသူ
ပင့်ကူတစ်ကောင်လို နှောင်တည်းခဲ့သူ
အ,ကာလများကို သန့်စင်တော်မူပါ ... ။
၁၅။
လွမ်းတယ် ... ဆိုတဲ့
ဒီစကားတစ်ရပ်ရဲ့ သဏ္ဍာန်ကိုလည်း
ထမီအနားခတ်သံ လို့ မှတ်ယူတော်မူပါ ။
၁၆။
အို ... ကချေသည်
ကိုယ့် ဘယ်ဘက်ရင်အုံပေါ်က
သိဟ်ရာသီ ကချေသည် ...... ။
မင်းခသူ
June - 5 . 2016