ပန်းရောင် စိတ်ကြွရူးသွပ် မိန်းမ



ည ည ဆိုအိပ်မပျော်တာများလို့
နာရီနိုးစက်သံတွေကို အားနာလိုက်​တာ
တဆိတ် ၊ အိပ်ရေးပျက်ညနဲ့တူတဲ့
မင်း ဆံပင်တွေကို
တယောကြိုးနဲ့ စည်းနှောင်ထားလိုက်စမ်းပါ
ည ည ဆို ရေဒီယိုဟာ ခေတ်ဟောင်းတေးတွေ
ဆိုတယ် ၊
မခင်နှင်းဆီရယ် ..... မ ခင် နှင်း ဆီ ရယ် 
အဲဒီအိမ်မက်ဟာ ၊ တစ်ထောင့်တစ်ည ရှည်တယ်
ဘာပဲပြောပြော
လွမ်းမောစရာ မှောင်သောည
ဒိုင်ယာရီစာအုပ် ကောက်လှန်
မင်းကို အန်တယ်
အပြင်မှာ နှင်းတွေလား နှင်းဆီတွေလား
တဖွဲဖွဲကျ
ဖန်တရာတေအောင် အစိမ်းသေ သေရတယ်
ကြေကွဲစရာ သင်္ချိုင်းတော်ညပါပဲ
မိုးစုန်းစုန်းချုပ်နေတာကလွဲလို့ 
စိတ်မှာလောင်တဲ့မီးနဲ့ ငါလင်းနေဆဲ
ရင်ဘတ်ဟာ တစ်ဝက်ပဲနာတယ်
တစ်ဝက်ဟာ တယောသံသာတယ်
တစ်ကိုယ်လုံးမြင်နေရတဲ့ နံရံပေါ်က
ပန်းရောင် စိတ်ကြွ ရူးသွပ် မိန်းမ
အရိပ်အဖြစ်နဲ့တောင် စိမ်းလှရဲ့ ။

K သူ
Oct 5
2 0 1 6