၁ ။
အိမ်ဝေးတစ်ယောက်ရဲ့ ခရီးရှည်ထဲမှာ
ရှည်လျားတဲ့သီချင်းတွေဆိုရတာဟာ...
ကိုယ့်ကိုယ်ကို ဆွဲဆန့်နေရခြင်းပါအမေ
ညတာတွေရှည်တယ်
လက်တံတွေရှည်တယ်
သက်ပြင်းတွေရှည်တယ်
ဒီလိုနဲ့ လှခဲ့ရတာပါဆိုတော့
လှောင်သံတွေကလည်း ရှည်တယ် ။
ခယောင်းလမ်းရှည် ၊ ခင်တန်းရှည်ရှည်
မြင်သမျှလမ်းတွေကလည်း ရှည်တော့
နွေတာလည်း ရှည်တာပေါ့အမေရယ် ။
အဲဒီလိုနဲ့ နွေတရာရဲ့လမ်းအဆုံးမှာ
မိုးချုန်းသံရှည်လျားကောက်ကွေ့တာကို
ငိုချင်းရှည်ရှည်နဲ့ ကျွန်တော်တွေ့ခဲ့ပါပြီ
( ဒုက္ခတဲ့ ) ကျွန်တော့်ကိုပုပ်ချနေတဲ့
အသံတွေ
( သောကတဲ့ ) ကျွန်တော့်ကိုလောင်နေတဲ့
မီးလျှံတွေ
ညီးသံတွေနဲ့ ဆူညံနေတာဘယ်ကောင်လဲ
ကျွန်တော်ဆိုတဲ့ သား
အပျော်လိုတဲ့ သား
သားရဲ့ ဆယ်နှစ်ရာသီပတ်ပျိုးတွေထဲမှာမှ
ဘဝဆိုတာ ကီးမှားလိုက်တာအမေရယ် ။
၂ ။
အိမ်ဝေးတစ်ယောက်ရဲ့ ခရီးရှည်ထဲမှာ
ဝေဝါးတဲ့လမ်းတွေကို လျှောက်ရတာ
ခြေခေါက်လဲကျရတာလည်း အခါခါပေါ့
တချို့လမ်းတွေက ဖြောင့်ပြီး
တချို့လမ်းတွေက ကောက်တာ
ဘဝဆိုတာလား အမေ
စိတ်သွားတိုင်းကိုယ်ပါ ၊ လိုအင်ဆန္ဒ
ပြည့်ဝပါစေ ...
အမေ့ဆုတောင်းတွေမပြည့်တော့
ပြည့်ပြည့်ဝဝသာခွင့်မရလိုက်တဲ့လဟာ
ကျွန်တော်ပါ
နံနက်ရှည်ရှည် ၊ ဆည်းဆာရှည်ရှည်
မီးစာရှည်တဲ့လူတစ်ယောက်အတွက်
ပူလောက်တဲ့အမှားတွေကိုကိုင်ရင်း ၊
ဘုရားရှေ့မှာဒူးထောက်မိတာ မှန်လား
အမေ
တရားရှာ ကိုယ်မှာမတွေ့တော့
ငိုမိတယ် အမေ
ကျွန်တော်က စောဒကရှည်တယ်
ကျွန်တော်က မောဟရှည်တယ်
ကျွန်တော်က လောဘရှည်တယ်
ကျွန်တော်နဲ့ ရေစက်ရှည်လျားသူများ
ကျွန်တော်နဲ့ ဝဋ်ကြွေးရှည်လျားသူများ
ခရီးသွား ခရီးဖော်အဖြစ်
ပျော်ဖြစ်ခဲ့ကြတယ်
တစ်ယောက်ကိုတစ်ယောက်
ကြက်ခြေခတ်ရင်း
တစ်ယောက်ကိုတစ်ယောက်
ကန်ကျောက်ကြရင်း
မိုးထဲ လေထဲ ဆန်ထွက်လို့
မာန်တက်ခဲ့ကြဖူးတယ် အမေ ။
၃ ။
ကျွန်တော်ရဲ့ အိမ်မက်ရှည်ရှည်
ရာဇဝင်ရှည်ရှည်ကျဉ်းကျဉ်းထဲ
လင်းရဲတဲ့သတ္တိလေးတစ်စတော့
လိုလှပြီ ။
ကျွန်တော် ဘာလဲ ၊ ဘယ်လဲ
ကျွန်တော့်ကို ကျွန်တော်လည်း
မမေးရဲဘူး
ငယ်ငယ်က မှတ်စုစာအုပ်ထဲမှာ
ဆရာမပေးလိုက်တာ အမှားလက္ခဏာ
သူများတကာထက် ရှည်ရဲ့မဟုတ်လား
ကျွန်တော်က ကျောင်းပြေးတယ်
ကျွန်တော်က class ပြေးတယ်
ကျွန်တော်က အိမ်ပြေးတယ်
ကျွန်တော်က မိတ်ကပ်နဲ့အာပုပ်နံ့ရရင်
ပြေးတယ်
လောကကြီးက ငွေစော်နံတယ်အမေ
ကျွန်တော်လည်း ငွေစော်နံချင်တယ်
ပတ်ဝန်းကျင်က နွေးထွေးမှုအစိမ်းတွေ
သူငယ်ချင်းတွေရဲ့ သံယောဇဉ် clone တွေ
လောကကြီးထဲက လိုအပ်ချက်အပိုဆလာတွေ
ခေတ်ရဲ့အပါးရေတွက်မရတဲ့ အနာရောဂါတွေ
လူတွေရဲ့ဆက်ဆံရေးဒဏ်တွေကြောင့် ...
ကျွန်တော် ဗားရှင်းနိမ့်တဲ့ကဗျာဆရာ ဖြစ်လာတယ် ။
ကျဉ်းမြောင်းရှည်လျား
မျဉ်းနှစ်ကြောင်းကြားမှာမှ
ဝိုင်းစက်ချင်တဲ့ ` ဝ ´ ဟာ
ကျွန်တော်ပါ
ကျွန်တော် လူပါးမ ` ဝ ´ တတ်တဲ့အခါ
ကျွန်တော်ဟာ လောကကြီးနဲ့ ကလန်ကဆန်ဖြစ်ပြီး
ကျွန်တော်ကို အန်ထုတ်လိုက်ကြတော့တယ် အမေ
ကျွန်တော်က မိုးခါးရေ
ကျွန်တော်က ကျွဲဖြစ်သွားတဲ့ ` ဤ ´
အများညီတော့ ကျွန်တော့်နာမည်တောင်
စာလုံးပေါင်းမပီတော့ဘူး အမေ
ကျွန်တော်က လျှာရှည်တယ်
ကျွန်တော့်မေးခွန်းတွေက ရှည်တယ်
ကျွန်တော့်ဆန္ဒတွေက ရှည်တယ်
သူတို့ရဲ့ ကော့ဒ်တစ်ခုမှ ကော့ဒ်တစ်ခုအပြောင်း
ကျွန်တော့်လမ်းဟာ ကျဉ်းမြောင်းသွားတယ်
ကျွန်တော့် ခွင့်လွှတ်တတ်မှုတွေ ရှည်လာတယ် ။
၎ ။
မြွေသေမှ တုတ်ကျိုးမယ်ဆိုရင်
ကျွန်တော့်ရိုးသားမှုတွေ ရိုက်ချိုးရမလားအမေ
အရှိုက်ကိုထိုးပြီးမှ ဥုံဖွပေးတာလောက်တော့ ၊
ကျွန်တော် ရယ်ချင်တယ် ။
ဟုတ်ကဲ့ပါ
` ဤ ´ ကို ` ကျွဲ ´ ဖတ်ချင်ပါတယ်
မိုးခါးရေလည်းသောက်ချင်ပါတယ်
ကံ ၊ ကံ၏အကျိုးကိုလည်း ယုံချင်ပါတယ်
ကျွန်တော့်ကံကို ဘယ်သူပန်ပေးလိုက်တာလဲ
ဘုရားသခင်လား
ပတ်ဝန်းကျင်လား
ကျွန်တော်ဟာ ချဉ်တော့
မြေခွေးရန်က ကင်းစင်တယ်
ကျွန်တော်က ရေ
ကျွန်တော်က မီး
ကျွန်တော် လေ
ကျွန်တော်က မြေထုနဲ့ ဓာတ်ပြုမရတဲ့ အရာ
ဓာတ်ကြီးလေးပါးထဲက ချွင်းချက်ဖြစ်တဲ့ဒြပ်
ကဗျာဆရာလို့ ပညတ်ပေးကြပါ
ကဗျာဆရာလို့လည်း အခေါ်ကြပါနဲ့
ဒါပေမယ့် ကျွန်တော်က
မောင်ချောနွယ်မဖြစ်ချင်ဘူး / ဖြစ်ချင်တယ်
တာရာမင်းဝေ မဖြစ်ချင်ဘူး / ဖြစ်ချင်တယ်
ဗင်းဆင့်ဗန်ဂိုး မဖြစ်ချင်ဘူး / ဖြစ်ချင်တယ်
ချေဂွေဗားရား မဖြစ်ချင်ဘူး / ဖြစ်ချင်တယ်
ကျွန်တော်ဟာ ကျွန်တော်လည်းဖြစ်ချင်တယ်
ကျွန်တော်ဟာ ကျွန်တော်ပဲဖြစ်ချင်တယ် ။
၁၉၉၆ - ၂၀၁၅
မီးလောင်ပေါက်များနဲ့ လူ
ကျွန်တော် ဘယ်သူလဲ
တခါတလေမှာ
ကျွန်တော်ဟာ ကျွန်တော်နဲ့
သူစိမ်းဆန်လွန်းပါရဲ့ ။
အဓိပ္ပါယ်နောက်လိုက်ရင်းက
အဓိပ္ပါယ်ပျောက်ရှသူ
ကီးလှလှလေးတွေရှာရင်းက
ကီးပျောက်ခဲ့ရသူ
အိမ်ပြန်ဖို့ကြိုးစားရင်းက
အိမ်နဲ့ဝေးခဲ့သူ
ကမ္ဘာကြီးကိုလျှော်ဖွတ်ဖို့ကြိုးစားရင်းက
ကမ္ဘာ့အညစ်ထေးဆုံးဖြစ်ခဲ့သူ
ဆေးစွမ်းကောင်းတွေရှာဖွေရင်းက
အနာရောဂါထူပြောလာသူ
ကျွန်တော်လိုလူအတွက် နာမ်စား
ရှိရဲ့လား အမေ
အမေ့မေတ္တာကိုဆာသူ
အိမ်အရိပ်ကိုဆာသူ
မွေးရပ်မြေကိုဆာသူ
ခုထိ ပြာပူထဲမှာလူးကောင်းတုန်း
ဪ ... ရူးကောင်းတုန်းပေါ့အမေရယ် ။
၅ ။
အမေ ...
စီးကရက်ငွေ့လေးတွေဟာ တိမ်ဖြစ်နိုင်သလား
မိုးရေမိုးပေါက်လေးတွေဟာ ပင်လယ်ဖြစ်နိုင်သလား
နှင်းကြွင်းနှင်းကျန်လေးတွေဟာ ရေခဲမြစ်ဖြစ်နိုင်သလား
ကျွန်တော်လိုနာမ်စားမဲ့ကောင်ကရော အဓိပ္ပါယ်ရှိသောလူ
ဖြစ်နိုင်သလား ....
ကျွန်တော်လျှောက်တဲ့လမ်းတွေဟာ မာယာများလွန်းလို့
ကျွန်တော်ဖောက်တဲ့လမ်းတွေဟာ ဆူးငြောင့်များလွန်းလို့
ကျွန်တော်သောက်တဲ့ရေတွေကလည်း အခါး
ကျွန်တော်အရသာရှိချင်လို့ ဆားပေးပါ
ကဗျာတစ်ပုဒ်ပေးပါ
လပြည့်ညလေးပေးပါ
နံနက်ခင်းလေးပေးပါ
ကံဆိုးသူသွားလေရာ မိုးတွေကအတိုးနဲ့ရွာလို့
ကျွန်တော့်ဝဋ်ကြွေးတွေ အတိုးတက်နေကြလို့
ကျွန်တော့်ကို ဓမ္မတေးတစ်ပုဒ်ပေးပါ
ခေါင်းလောင်းသံချိုချိုပေးပါ
ရိုးလက်စ်နာရီတစ်လုံးပေးပါ
ဧဒင်တစ်ခြမ်းလောက်ပေးပါ
အဝေးဆီကကျွန်တော့်သတင်းလည်း မကြားရသေးဘူး ။
ကျွန်တော့်ကို ထားရစ်ခဲ့ပါပြီ
ကျွန်တော် ပြန်လာမည်
ကျွန်တော့်အဖို့ လမ်းတွေဟာ
မျက်နှာသာသာယာယာရှိမလား
ကျွန်တော့်အဖို့ ငှက်တွေမှာ
ဒို ရေ မီ ဖာ တွေရှိဦးမလား
ပထမဦးစွာ ကျွန်တော်ကြောက်စိတ်ဝင်
ပထမဦးစွာ ကျွန်တော်ရဲရင့်လိုက်မိ
ပထမဦးစွာ ကျွန်တော်လှမ်းကြည့်မယ်
အရိုင်းဆန်ခဲ့ ၊ အရိုင်းဆန်ဆဲ ၊ အရိုင်းဆန်နိုင်သေးသော
စကားပြောတဲ့ လမ်းတွေဆီ .... ။
မင်းခသူ [ K သူ ]