သက်ဦးဆံပိုင် - ၅




လရောင် ပျက်ယွင်း ၊ ကြယ်ကြွေဆင်းရုံ
သီချင်း မှုန်ဝါး ၊ ညရထားပေါ်
အမှား လှော်ခတ် ၊ မလွမ်းတတ်ကြောင်း
ပန်းခတ်စောင်းညှင်း ၊ ငါသည် ငြင်းခဲ့ ။

အလင်းပျို့အက် ၊ နှင်းမြို့ထက်မှာ
စက်ရာ ငရဲ ၊ သက်လျာ ခွဲခြွေ ...
ကဗျာကြွေညှိုး ၊ အိမ်မက်ဝိုးဝါး
ခိုးသား သက်ပြင်း ၊ ငါရှိုက်သွင်းခဲ့ ။

ကြိုးမဲ့ တယော ၊ မှော်ရုံတောည
သောက သူယောင် ၊ ပန်းချီဘောင်သွင်း
ဆောင်နှင်း သင်္ဂြိုလ် ၊ ငါ .... မငိုပါ
ထို ဈာပန ၊ ရင်မှာချခဲ့ ။

သခင့် ဗျာဒိတ် ၊ ပွင့်လွှာ ဖိတ်စင်
စိတ်ဘဝင် ကျွမ်း ၊ ပိတ်ပင်လမ်းမှာ
နှုတ်ခမ်း ကိုက်ရင်း ၊ အမိုက်တွင်းထံ 
အလင်း ပြန်ရုပ် ၊ ငါ နောက်ဆုတ်ခဲ့  ။

အဝိဇ္ဇာကောင် ၊ လိပ်ပြာလောင်မြိုက်
အမှောင်တိုက်ဖုံး ၊ မိုးစုန်းစုန်းချုပ်
နှလုံး , ရုပ် နာမ် ၊ မြှုပ်နှံ သမိုင်း 
ပန်းအရိုင်းကို ၊ လွမ်းတိုင်း ငိုခဲ့ ။

သွားတော့လေနော် .... ၊
သွားတော့နော်ကွယ် ၊ ကောင်းကင်ကြယ်သူ
ဧည့်သည်ဖြူအား ၊ ငါ .... မတားဆီး
သွားခရီးလမ်း ၊ ချမ်းမြေ့ပါစေ 
နေ့မြတ်တွေပိုင် ၊ အောင်နိုင်ပါစေ
ရွှေနန်းဘုံပေါ် ၊ ပျော်နိုင်ပါစေ 
ကဝေ လမ်းခွဲ ၊ ပန်းမကြဲလို
ဝမ်းနည်း ဖိုလှိုက် ၊ ငိုထိုက်သလား
တံခါး မရှိ ၊ သွားသည့် ခြေတော်
နေ .... မခေါ်ဘူး ၊ သက်ဦး ဆံပိုင်
ဆူး တစ် ခိုင် ။ ။

မင်းခသူ