နင့်ရင်ခွင်ထဲ အတောင်ကျိုးကျလိုက်ချင်တယ် ။
ရေနဲ့သတ်မရ ၊ မီးနဲ့သတ်မရ ၊ ပါးပေါ်စီးကျတဲ့
နှင်းတွေ ၊ မျက်ဝန်းအိမ်မှာ အကြိမ်ကြိမ် ဆောင်းဦးပေါက်တယ် ။
လေထုထဲ ပါးလှပ်လွင့်တက်သွားပြီးပျောက်ဆုံးခဲ့ ...
သူ .... ငါ ပေါက်ကွဲသေဆုံးသံကိုကြားပါရဲ့လား
ပွင့်လေ့ ပွင့်ထရှိတဲ့ပန်းလို့များ ထင်ခဲ့လေသလား
ငါ့အဘိဓမ္မာတရားထဲ ၊ သူ .... ဖြတ်ပြေးနေတယ် ။
လေပွေလမ်းကြောင်းအတိုင်း ၊ ခရမ်းနုတိမ်ရိုင်းတွေ
ထင်းရှူးရိပ်လမ်းကလေးဆီက အုတ်ခုံကို ငုံ့မကြည့်ဘူး
ကြယ်စက်ညတွေထဲက ဂစ်တာသံကိုလည်း
နားထောင်နေမယ် မထင်ဘူး
ဒီလောက်ငယ်တဲ့ လိပ်ပြာရယ်လို့လည်း
ကိုယ့်နှုတ်ခမ်းကိုယ် မကိုက်ရဲဘူး ။
လွမ်းရဲ့ ...
သွားတော့ ...
အရုဏ်ဦးရဲ့ နောက်ဆုံးကြယ်စင်တော်ကလေးရေ ။
စောင်းကြိုးပြတ်တောက် ၊ သစ်ရွက်ခြောက်များလို
သင်္ခါရကို ... ဂန္ထဝင်ဆန်စွာ နာခံကြပါစို့
ဒီ့ထက်ပိုဝေးတဲ့နေရာတွေ ငါ့မှာမရှိသလိုမျိုး
ဒီ့ထက်ဆိုးတဲ့ အိမ်မက်တွေလည်း ငါ့မှာမရှိဘူး
ငရဲနိမိတ်ကိုတောင် ငါဝမ်းနည်းနေမှာမဟုတ်ဘူး ။
ချမ်းခိုက်လေ့ရှိတဲ့ ဆောင်းသေညများထဲကလို
ဂျာကင်ကိုတင်းတင်းစေ့ ၊ နှုတ်ခမ်းကိုတင်းတင်းစေ့ပြီး
ဂျစ်ပစီတေးသွားကိုပဲ ဆိုညီးဖြေသိမ့်နေတတ်တယ်
သောကဟာ ၊
တစ်ထောင့်တစ်ည ရှည် ............................ တယ် ။
နတ်ဒေဝတာတွေကတော့
ကောက်ကွေ့တဲ့မြစ်တွေကို
ဆက်လက် ကျိန်စာတိုက်သတ်နေဦးမှာပဲလို့
အကြောင်းမရှိ အကြောင်းရှာ ၊ ငါအားတင်းခဲ့ပေါ့
ငါက
ဓားချင်းယှဉ်ခုတ်ရင်တောင်
သမုဒယနဲု့ အားယုတ်နေတဲ့
သူရဲကောင်းအစုတ်ရယ်ပါ ၊
..........................................
အားနာဖွယ် မရှိပါဘူးကွယ် ၊
မြေသားမို့ ... နိမ့်ပါးပေးလိုက်ပါမယ် ။
မင်းအတွက်
ရေကြည်ရာ မြက်နုရာဒေသလို
ကြည်လင် စိမ်းလဲ့ ၊ ကြည်လင် စိမ်းလဲ့စွာ
မင်းသွားလေရာရာ ၊ ငါ့ကိုယ်ငါ ဖန်ဆင်းခဲ့ပြီ
မင်းလိုရာ ... တီးမှုတ်ကခုန်နိုင်ပါရဲ့
ကချေသည်ရေ ...
ငါဟာ ၊ မင်းလက်တော်အောက်က စန္ဒရားခလုတ်များလို
ဖန်တရာတေအောင်
မီးသေတယ် ။
မင်းခသူ