ဆုတောင်းစကားတွေအပေါ်
ဘုရားသခင်ရဲ့ တူညီသောတုန့်ပြန်မှုတွေကင်းတဲ့အခါ
ဘုရားကျောင်းက ခေါင်းလောင်းကို ၊
ကလေးတစ်ယောက်လို ငါပြေးထိုးခဲ့တယ် ။
နွေ အသေ ၊ မိုး အသေတို့ လွန်ပြီးနောက်
ငါ့ရင်ထဲ ဆောင်းဦးလာပေါက်လှည့်ပါ ခရမ်းပြာရေ
ခရောင်းလမ်းတွေမှာ နွဲ့ယိမ်းနေမယ့်
လဲ့စိမ်းမြက်ခင်းများလို မင်းဟာ ......
ငါ့ရင်ခွင်ကန္တာရမှာ လိုအပ်ပါတယ် ။
ဘာပဲပြောပြော ၊
တယောသံတစ်ပုဒ်စာကြာအောင်
လရောင်အောက်မှာ ငါဝန်ခံဖြစ်ခဲ့တယ်
ငါဘယ်သူဘယ်ဝါမှန်း မသိတော့သလို
ငါဘယ်သူဘယ်ဝါမှန်း သိဖို့မလိုအပ်ဘူး
ဒါပေမယ့် ....
စစ်တလင်းမှာ ၊ ချစ်ခြင်းအလင်္ကာဖွဲ့ဆိုဖို့တော့
ငါ မမေ့လျော့ခဲ့ဘူး ။
ဘဝမှာ ၊ သုညတွေကျစ်ကျစ်ပါအောင်ဆုပ်ရင်း
နင့်နာမည်ကို ဂျစ်ပဆီလိုမန်းမှုတ်နေလိုက်ဖူးတယ်
တကယ်တော့ ၊ နင့်ကိုမြတ်နိုးတယ်ဆိုတာ
ငါ့ရာဇဝင်ခပ်ကျဉ်ကျဉ်းမှာ လမင်းသာနေသလိုပါပဲ
ခရမ်းပြာရယ် ... ။
အဲဒီလိုနဲ့ ...
သောကတံဆိပ်ကပ်ထားတဲ့ နှစ်ချို့ဝိုင်ခွက်တွေ
ငါ့ရင်ဘတ်ထဲကနေ ပစ်ပေါက်စီရင်ခဲ့ပါပြီ
လွတ်မြောက်ခြင်း ၊ အလှပဆုံးလွတ်မြောက်ခြင်း
မဟာကပ်ကမ္ဘာနဲ့ ညနက်နက်တွေ
နတ်ဆိုးတို့ရဲ့ တီးတိုးဂီတသံတွေထဲကနေ
ရောမမြို့ပြရဲ့ မီးတောက်မီးလျှံတွေထဲကနေ
ဖီးနစ်ဆန်စွာ လွတ်မြောက်ခြင်း ၊ အလင်းတဆုံး
စုန်းတစ်ကောင်လို ပြုံးရင်း ပြေးလာမယ် ။
မင်းကတော့
ပကာသနကင်းပစွာ ၊ Lavender တွေပန်သဆဲ
နန်းတော်ပြတင်းဝမှာ နှင်းညလိုလှပပြာဝေဆဲ
အချစ်နတ်ဖုရားတစ်ပါးဆန်စွာ တေးဘုမ္မာတွေကျူးသီဆဲ
.....
ထိုသို့ ၊ ဆိတ်ကွယ်ရာအရပ်မှာပင်
မင်းကိုယ်ရှိန်ကိုယ်ဝါကို ငါမြင်ရတယ် ။
ဘယ်လို မှော်ဆန်တဲ့ဖန်ဆင်းမှုများလဲ
ပန်းအရိုင်းတွေနဲ့တော့ မင်းကိုမနှိုင်းရက်ပါဘူး
ခရမ်းပြာပွင့်ဦးရယ်
မင်းကိုမြတ်နိုးရင်း ၊ ပျံသန်းရင်း ၊ ပျံသန်းရင်း မင်းကို
မြတ်နိုးရင်း ၊ မြတ်နိုးရင်း လောကဓံမုန်တိုင်းကြား
ကဆုန်စိုင်းနေရပာများတော့
တခါတလေမှာ ....
မင်းရင်ခွင်ထဲ အတောင်ကျိုးကျလိုက်ချင်တယ် ။
မင်းခသူ