သက်ဦးဆံပိုင် - ၂



နွေဦးလို

တစ်တောလုံးကြွေအောင် လှုပ်ချနိုင်စွမ်းသူလေးရယ်
ဘယ်တယောသံနဲ့မှ မသာယာနိုင်တော့တဲ့လူကို ထူပါ

လမင်းကျိုးအက် ၊ တစ်ဝက်တစ်ပျက်ညများ
လျှပ်စစ်အိပ်မက်လို တုန်ခါခြောက်ခြားဖွယ်ကောင်းတဲ့
ဆောင်းရဲ့ နှင်းစက်လက်အောက်မှာ
ငါ ... ခံတွင်းပျက်​​နေတယ်​ ။

တစ်စုံတစ်ရာကို ချစ်မွေ့တာ
ဘယ်လို အနုပညာတရားပါလဲ 
စစ်အင်္ဂါမစုံမလင်နဲ့ ငါ ... နန်းမသိမ်းရဲဘူး
အဲဒီလိုနဲ့ ၊
လွမ်းခွင့်ကို 
ပန်းပွင့်လို အခေါဘဏီတပ်ခင်းပြီး
ခေါင်းခါ ခေါင်းငြိမ့်မှုနဲ့ ဒွိဟတို့အကြား ငါစီးချင်းထိုးခဲ့ပေါ့။

ငါရှုံးပါတယ် 
ငါ ... ရှုံးနိမ့်ခဲ့ပါတယ် ငါ့ရဲ့သက်ဦးဆံပိုင်မလေးရယ် ။
နင့်ရဲ့ နာမည်အဖျားဆွတ်မှာ
ဦးတွေအခါခါညွှတ်လို့ ကြည်နူးလိုက်ရတယ် ။
လောကကြီးကို ခါးစောင်းတင်မယ့်ကောင်က
ခုတော့ ... သမုဒယမီးတွေနဲ့ ခေါင်းမထောင်နိုင်တော့ဘူး
ငါ ရူးနှမ်းသွားတယ် ၊ ဒါမှမဟုတ်​ ပြာနှမ်းသွားတယ်ပေါ့။

ဘယ်လို သံသရာမှာပဲဖြစ်ဖြစ်
နင့်ကိုသတိရရုံနဲ့ ငါ့မှာ ....
တယောကြိုးတွေလို တသိမ့်သိမ့်ခါသွားမယ်ထင်ပါတယ်
ကမ္ဘာဦးဝိုင်တစ်ခွက်ကို ၊ သောက်စားမူးယစ်ခဲ့ကြတဲ့
ကမ္ဘာဦးလူတို့လိုလည်း စွဲလမ်းမိတယ်ထင်ပါတယ် ။

ချစ်သူကို ချစ်မြတ်နိုးတယ်ဆိုတာ
ငါလို သုညတ္တလူသားအတွက်တော့
ငရဲမှာ မဉ္ဇူသကနတ်ပန်းတို့ လာပွင့်ကြသလိုပါပဲ
ပူလောင်ပျော်မွေ့ ၊ သူ့ကိုမမေ့တဲ့ည ...
ရှိသမျှကြယ်တို့ အကုန်ကြွေကျလိုက်စမ်းကွယ် 
မွေးရာပါ ဆုတောင်းအမှားနဲ့ကောင်က
ချစ်တဲ့ သက်ဦးဆံပိုင်မလေးကို ...
ချမ်းမြေ့စေကြောင်း ဆုတောင်းပေးချင်လို့ပါ ။

ဪ ....
တံခါးမှူးက
နန်းဦးသူကို လွမ်းမိတာ
အပြစ်ရှိပါသလား ... ။

ချစ်တာက ငါ့ရဲ့သစ္စာအပြင် 
နင့်အပေါ်မှာ များများစားစားအတ္တမကြီးချင်ဘူး 
သူရူးတစ်ယောက်ရဲ့ အိပ်မက်မှာ
နင့်အကြောင်းတွေနဲ့ ပြာဝေပစ်လိုက်ချင်ရုံပါ ။

ချစ်သူ့ဘုန်းတော်ဘွဲ့တွေသီမှုန်းရင်း
စန္ဒရားခလုတ်တွေကို ကိုယ်ပိုင်သီချင်းနဲ့ခလုတ်တိုက်လိုသူပါ

တကယ်ဆို
အလင်းတစ်ခြမ်း ၊ အမှောင်တစ်ခြမ်း
ကြယ်ရောင် လရောင်မသမ်းတဲ့ငါ့မှာ
ငရဲက မိုးရေတွေတောင် တက်ရွာခဲ့ဖူးပါတယ်

ခုလို လူရောင်သူရောင်သမ်းစ
ရေလယ်ကောင် သောင်ထွန်း ၊ နတ်သမီးနေတဲ့ကျွန်းမှာ
ချစ်သူကို ချစ်တဲ့အကြောင်း တစ်ခွန်းနှစ်ခွန်းတော့
ငါ ပြောလိုက်ချင်တယ် 
ငါ ပြောလိုက်ချင်တယ် ။

လောကဓံဘုံမှာ ...
ချပ်ဝတ်တန်ဆာ ၊ လင်္ကာဆင်ပြီး
ငါ့ကဗျာတွေနဲ့ နင့်ကိုကာကွယ်စောင့်ရှောက်မယ်ကွယ် ။

သံသရာမှာ ....
ငါ့မျက်နှာ တစ်ရွာထင်တဲ့ချစ်သူကို ၊ မလိုပါဘူး
ငါ့ကဗျာကို တစ်ကမ္ဘာထင်တဲ့ချစ်သူသာ ၊ ကဗျာဆရာငါ့မယ်
အလိုရှိတယ်

ငါ့ရဲ့ ... သက်ဦးဆံပိုင်မလေးရယ် ။
မင်းခသူ