မမျှော်လင့်ခြင်းများဟာ ....
လှချင်ယောင်ဆောင်ထားတဲ့
ပန်းတွေလို အကျည်းတန်မနေဘူး
တိမ်တွေကိုငေးရတာ ချိုပါတယ် ။
အဲဒီနေ့က လမ်းပေါ်မှာ
ကံကြမ္မာနဲ့ ကျွန်တော်တို့
ပခုံးချင်းဝင်တိုက်မိခဲ့ရာကစ
ဒုက္ခကို ကျွန်တော်တူးဖော်တွေ့ရှိခဲ့တယ် ။
ပန်းမှ ... ၊ ဟုတ်ပါလေစ ။
ကြယ်တွေလိုလည်း မျက်တောင်ခတ်တယ်
သက်ဝင်ပန်းချီကားလိုလည်း စကားပြောတယ်
သူလိုကိုယ်လိုနဲ့ မတူတဲ့
သူလိုကိုယ်လိုအကြောင်းတရားတွေလည်း
သူ့မှာ ရှိတယ် ။
အဝေးကနေတောင် ရနံ့ရလို့
ပန်းမှ .... ၊ ဟုတ်ပါလေစ ။
ရင်ခုန်သံမလပ်
တယောပြားတစ်လက်နဲ့
သဘောထားကွဲပြားတဲ့ကောင်ဟာ
ခုတော့ .... ဘာကြောင့်များ
လိမ္မာယဉ်ကျေးလို့ ။
ဘယ်လို ပဲ့တင်တေးများပါလိမ့်ကွယ်
ခရမ်းရောင်ထနေတဲ့ အလွမ်းနယ်မှာ
ရှင်ပြန်ထမြောက်ခွင့်မရှိ
စိတ်ကို ချွတ်ပုံပိုင်ခွင့်မရှိ နဲ့
ဘုန်းတော်ဘွဲ့များသာ ....
ရွတ်ဖတ်သရဇ္ဈာယ်နေရတာ
ဘယ်လို ဝဋ်ကြွေးများပါလိမ့်ကွယ် ။
တစ်ခါ တစ်ရံ
ကိုယ်ကပင် ကိုယ်ကိုသူစိမ်းဆန်နေပြန်ရဲ့
သုံ့ပန်းတို့ ထုံမွှမ်းအပ်တဲ့ အလင်္ကာမို့
ဘယ်လိုကချေသည်တို့ ရွှေနားတော်သွင်းချင်မလဲ
တစ်ဖက်သတ်ချစ်ခြင်းတရားဆိုတာ ....
ကောင်းကင်က မသိနိုင် မမြင်နိုင်ပေမယ့်
မြေပြင်က ကောင်းကင်ကိုငေးနေတဲ့
နေကြာပန်းကလေးလိုပါပဲ ... ။
နွေဦးလို
တစ်တောလုံးကြွေအောင် လှုပ်ချနိုင်စွမ်းသူလေးရယ်
ဘယ်တယောသံနဲ့မှ မသာယာနိုင်တော့တဲ့လူကို ထူပါ ။
_______
မင်းခသူ