ဆွေးသူ ငေးသူ






ဘဝချင်းဝေးသမျှတော့
လမင်းငေးရဦးမယ်ထင်ပါတယ် ။

ကြယ်ပန်းကြွေ ညတန်ဆောင်နန်းမှာ
ဘယ်လမ်းတွေ နှမမောင်လှမ်းရမလဲ
ဪ ... လွမ်းရတယ်ကွယ် ။

ကြည့်လေရာ သခင်ရှိနိုးတွေနဲ့
မချိပွေဗျာ ဘဝင်ငြိကြိုးတွေမို့
အစဉ်သတိမိုးကာ ဖြေလျှော့ပေမယ့်
နေတော့လေ မောင်မရုန်းသာဘူး
နှောင်ထုံးကမ္ဘာထဲ နေပါမယ် ...
နွေရွာနှယ် ပူတဲ့အသည်း ။

မနမ်းသာ ...
အလှမ်းကွာ ဝေးတစ်ဖက်ကို
ခရမ်းပြာ ပြေးထွက်လေသလား
ဆွေးမျက်ရည် ပါးထက်တင်လို့
သွားရက်နှင် ငရဲပန်းသူ့ကိုရယ်မှ
စွဲလမ်းသမုဒယ အယူမပြတ်တဲ့
အသည်းပန်းနုသမျှ အပူဇာတ်ဖွဲ့ရင်း
သူသတ်ခဲ့တဲ့ ခရမ်းပြာအိပ်မက်ဟာ
အဆိပ်တက်ကာ တေးတစ်ပုဒ်အဖြစ်
ထွေးထုတ်မပစ်နိုင်ပေမယ့်
အဆွေးသရုပ်သစ် လမင်းကလေးဆိုတဲ့
နှမ,သတင်းလေးကိုတော့ ...
အင်း ... တွေးဦးမှာပဲ ။

မင်းခသူ