ပန်း တံ တိုင်း




အလွမ်းနွေကို 
စမ်းရေထဲမှာ မျှောခဲ့သောနေ့မှာပင် 
ကောင်းကင်သည် ၊ ညို့ဆိုင်းခြင်းဖြင့် 
ကျွန်တော့်ရင်အား ဆွဲဖွင့်သွားခဲ့သည် ။

" ထားခဲ့လိုက်ပါ မိသံလွင် " 
ကျွန်တော်ကား ... ဖိနပ်တရံပင်မဟုတ်ပါလော ။

မုတ်သုန်တို့၏ လွင်ပြင်မှာ 
မျက်နှာငယ်သော ရွက်ကြွေတစနှယ် 
ဝဲလည်ဖို့လည်း အသင့်ရှိပါပြီ 
ရွှေဝါရောင် မီးလျှံသုတ်ထားသော
မိုးချုပ်ညတို့၏ ကျောင်းတော်မှာလည်း 
ပျော်ဖို့ပင် ကျွန်တော်အသင့်ရှိခဲ့ပါပြီ 
ခေါင်းလောင်းသံကိုကား ကြားသည် 
ခြေကျင်းသံကိုကား ကျွန်တော်မကြား 
ထို့အတွက် ... 
နေ့စေ့လစေ့ဖြင့် မမွေးနိုင် မဖွားနိုင်သော
ခြောက်ခြားစရာစကားမဲ့ညများစွာလည်း ၊ 
ကျွန်တော် လဲလျောင်းအိပ်စက်တတ်ပါပြီ ။

" ထားခဲ့လိုက်ပါ မိသံလွင် " 
ကျွန်တော်ကား ... အင်္ကျီတထည်ပင်မဟုတ်ပါလော ။

ကြယ်ကလေးဆီ 
ငေးရီကြေကွဲနေသော သစ်ပုတ်ပင်သည် 
မည်သည့်သောကနှင့် စိမ်းလန်းနေရပါသနည်း ။ 
နေရောင်ခြည်ဖြင့် အတိပြီးရာနေ့သစ်တို့၌ 
သူ့မျက်ရည်ကို သူတိုက်ခိုက်နိုင်ပါလိမ့်မည် 
ရဲရင့်ခြင်းဖြင့်ထိုးခဲ့သော ပန်းအက္ခရာနှင့် ... 
သူ့ကိုယ်သူလည်း ဖွင့်ဖတ်နေဖူးမည် 
ကဗျာရေးသော အာဇာနည်သည် 
သူရဲကောင်းပီသစွာ ကျရှုံးခဲ့လေပြီ 
ကျောက်သားမှတ်တိုင် ၊ အသည်းစိုင်မှာ 
ချစ်သူဟူသော အက္ခရာတစ်လုံးသာ ပိုင်ခဲ့၏ 
မျက်ရည်စမ်းချောင်း ၊ အလွမ်းကျောင်းမှာလည်း 
ခေါင်းလောင်းသံတို့သာ တုန်ခါကျန်ရစ်ခဲ့၏ 
ရင်နင့်တေးချင်း ၊ ပန်းသတင်းသည်လည်း 
နှင်းဆီခင်းထဲ၌သာ ပဲ့တင်တိုးသက်ခဲ့ပါ၏ ။

သူရှိမည်ဟု ထင်သောအရပ်မျက်နှာသို့ 
မျက်နှာမူမိသော ကျွန်တော်သာ ... 
လရောင်ကြောင့် ကျွမ်းလောင်ခဲ့ပါသည် ။

မိုး ဟုလည်းကဗျာစပ်ခဲ့သည် 
ဆောင်း ဟုလည်းတေးသီတတ်ခဲ့သည် 
နွေ ဟုလည်း ကောက်ကြောင်းထပ်ခဲ့သည် 
အလွမ်းနွေကို 
စမ်းရေမှာမျှောခဲ့သော ပြဿဒါးရက်မှာပင် 
ကျွန်တော်ကိုယ်တိုင် မျောသွားသည် ။

ကျွန်တော်ထင်သည်
ချစ်သူသည် နာရီလက်တံဖြစ်မည်ဟု ...

ကျွန်တော်ထင်သည် 
ချစ်သူသည် အိပ်တန်းတက်တတ်သော ငှက်ကလေးဟု ...

ကျွန်တော်ထင်သည် 
ချစ်သူသည် ကမ္ဘာတည်သောကြယ်ကလေးဟု ...

သိမ်မွေ့စွာမှားယွင်းသောအရာတို့၌ 
အချစ်သည် ... 
သင်္ခါရမဲ့သော အမှားဖြူဖြူလေးဖြစ်သည် ။

ကျောင်းတွေပြန်ဖွင့်နေပြီ မိသံလွင် 
စာသင်ခန်းနှင့် ပါးစပ်ရာဇဝင်ထဲမှာ 
သမိုင်းတွင်သော မြို့ကလေးအဖြစ် 
ကျွန်တော် တ,သ ကျန်ရစ်နေရဦးမည် ။

ကျောင်းတွေပြန်ဖွင့်နေပြီ မိသံလွင် 
အလင်္ကာမဲ့သော စာတစ်ကြောင်းအဖြစ် 
သင့်နာမည်ကို ရေးခြစ်နေရဦးမည် ။

ဆောင်းနှင်း နှင့် ကျောင်းသီချင်းကြားဝယ် 
နှုတ်ခမ်းကိုက်တတ်သော လူငယ်သည် ...
သင့်အမည်ကြားရုံမျှဖြင့် ... 
ခါတော်မီအလွမ်းတွေ ပွင့်ပြနေရပေဦးမည် ။

ကျွန်တော်ကို တံတိုင်းခတ်သွားသော 
မိ သံ လွင် ...

ကျွန်တော့်ကို ကျူးကျော်ခဲ့သော 
မိ သံ လွင် ...

မိ သံ လွင် ကို ကျွန်တော်ချစ်သည် ။
မိ သံ လွင် သည် ကျွန်တော်၏ကင်ဆာဆဲလ်လေးဖြစ်သည် ။
မင်းခသူ