နုနု နယ်နယ် နှင်းနုနှယ်

နှင်းတွေ … ။ ပိန်းပိတ်မှောင်မိုက်နေတဲ့ ကြယ်ကြွေည ။ သူ့ကိုသတိရပြီး ကဗျာရေးမယ် ။ မြောက်ပြန်လေညင်းတို့ကလည်း ဆင်မယဉ်သာ သုန်လို့ ။ ခပ်ဝေးဝေးက ခရေရနံ့ တွေကလည်း ထုံ လို့ ။ ဓာတ်တိုင်တစ်ခုရဲ့ နီယွန်မီးရောင်အောက်မှာ နှင်းနုကို အရိုးကွဲ အောင် ကျွန်တော် လွမ်းနေတယ် ။ ကျွန်တော့်ဘဝရဲ့ စာမျက်နှာမှာ အချစ် လို့စရေး လိုက်ကတည်းက နှင်းနုကို စချစ်မိတာလား ။ နှင်းနု ကို စတွေ့ကတည်းက ကျွန်တော် ချစ်တာလား ။ ကျွန်တော်မသိပါ ။ မစဉ်းစားချင်ပါ ။ သေချာတာကတော့ နှင်းနုကိုချစ် သည် ။ 

  
လရောင်တွေ ဆာလောင်နေတဲ့ ပဒုမ္မာလို နှင်းနုကို ကျွန်တော် လွမ်းတယ် ။ ရင်ပွင့်အောင် အေးလိုက်စမ်းပါ ဒီဇင်ဘာရယ် ... ။ ကျွန်တော့်ဘဝမှာ ငြိမ်းချမ်းရေး ဆိုတဲ့ အေးမြမှုနဲ့ ဝေးခဲ့ရလို့ပါ ။ မီးဖိနပ်ကိုစီးပြီး ဆာဟာရရဲ့ သဲပင်လယ်ပေါ်မှာ နှင်းတစ်ပွင့်ကို ကျွန်တော်ရှာခဲ့ဖူးတယ် ။ ဆာဟာရမှမဟုတ်ပါဘူး နှင်းတစ်ပွင့်ကိုသာ တွေ့ရမယ်ဆိုရင် နေကမ္ဘာအထိလဲ ကျွန်တော်သွားရလိမ့်မယ် ။ တစ်ခါတစ်လေ ကိုယ့် ကိုယ်ကို မေ့နေလောက်အောင် နှင်းနုကို သတိရနေမိတာ ကျွန်တော်ရူးလား ။ မှားလား ပြောပါ ... ။

ကံကြမ္မာဆိုတဲ့ အံစာတုံးမှာ ကျွန်တော်က နံပတ်စဉ်ဘယ်လောက်လဲ ... ။ ကျွန်တော့် နှလုံးသားမှာ နှင်းတွေ တံဆိပ်ကပ်ထားမိပါရဲ့ ။ သီချင်းဆိုခွင့်မရှိတဲ့ တောင်တန်းတစ်ခု လို မနက်ခင်းတွေကို လဲလျောင်းရင်းနဲ့ပဲ ကုန်လွန်စေခဲ့ရတယ် ။ နှင်းတွေ ... ။ နှင်းတွေ ကို ကျွန်တော် အလွမ်းပြေမော့ကြည့်ခွင့်ရခဲ့ပါတယ် ။ အာခံတွင်းထဲကို နေမင်းတွေ အ စင်းစင်းကြွေဆင်းခဲ့ပြီ ...။ တစ်ခါတစ်လေ ဘဝဆိုတာ ပင်လယ်ထဲမှာ ရေငတ်နေတဲ့ သတ္တဝါတစ်ကောင်လို ရယ်ရခက် ၊ ငိုရခက်ကြီး ။ ဒီလိုနဲ့ အိမ်မက်တစ်ရာသီစာ နှင်းတွေ စီးနေခဲ့တယ် ။ နှင်းတွေ ကြွေခဲ့တယ် … ။

အစုန် ၊ အဆန် ၊ အသွား ၊ အပြန် မရှိတဲ့ ရေတွင်းတစ်ခုလို ကျွန်တော်ရိုးသားပစ်ချင်ပါ တယ် ။ နှင်းနုသာ မရှိရင် ဘဝဟာ ဆေးလိပ်ပြာတွေလို ခါထွက်သွားမယ်ထင်တယ် ။ သေချာပါတယ် ... သူဟာကျွန်တော့်ဘဝကို ရာနှုန်းပြည့်ပိုင်စိုးထားတယ် ။ ကျွန်တော် က ကျွန်တော့်အတွက် သုညတစ်လုံးပါပဲ ။ ဒီလိုနဲ့ နှင်းတွေကိုက်ဝါးတတ်တဲ့ နွေရာသီ တွေကို ကျွန်တော် မုန်းသွားတယ် ။

သူမကြောင့် ခြေလှမ်းပျက်ယွင်းသွားတဲ့ညနေချမ်းတွေ လွမ်းနေမိတယ် ။ အဲဒီနေ့ဟာ ကမ္ဘာရဲ့ ပထမဆုံးနိယာမကို ကျွန်တော်တွေ့တဲ့နေ့လို ဆိုလိုက်ကြရအောင် ။ သီအိုရီ အရ နှင်းနုကိုကျွန်တော်ချစ်တယ် ။ သီအိုရီအရ နှင်းနုကို ကျွန်တော်လွမ်းတယ် ။ သီအိုရီအရ ဒီဇင်ဘာတွေကုန်သွားပါပြီ ... ။ကျွန်တော်က ဘာကိုမှလွန်ဆန်မရတဲ့ ခြောက်သွေ့တောင်တန်းငယ်တစ်ခုပါ ။ မုတ်သုန်ကြမ်းတွေရေ ... ကျေးဇူးပြုပြီး နှင်း တွေကို သယ်ဆောင်လာပါ ။ တစ်ခါတစ်လေ ကြွေသွားတဲ့ကြယ်တွေကို သနားလိုက် တာ ။ ကောင်းကင်ကြီးက ကျွန်တော့်အစား ကြယ်တွေငိုကြွေးပေးလိုက်တာများလား။ ကြေကွဲစရာ ... ။

ကျွန်တော့်အနားမှာ သူမရှိတဲ့အကြောင်း နှင်းတွေကို ဘယ်လိုရှင်းပြရပါ့မလဲ ။ ဘုရား ကျောင်းမှာ သူ မဆိုတဲ့ ဓမ္မတေးသံတွေ ပျောက်ရှနေခဲ့တာကြာပေါ့ ။
ကြေကွဲခေါင်းလောင်းသံတွေ နားထောင်ရတာ သိပ်အထီးကျန်လာတယ်။ နံနက်ခင်းလေးကလဲ သူမကိုလွမ်းတယ် တဲ့ ။ကျွန်တော်လဲ လွမ်းပါတယ်နံနက်ခင်းရယ်။ ကျွန်တော့်ကိုယ် ကျွန်တော် မချစ်ရင်တောင် နှင်းနုကိုချစ်တယ် ။ နှင်းနု ကျွန်တော့်ကိုမ ချစ်ရင်တောင် နှင်းနုကို ကျွန်တော်ချစ်တယ် ။ သူ့ငွေ့အသက်တွေဟာ လဖက်ရည်ခွက် ထဲမှာ စီးကရက်ငွေ့တွေထဲမှာ ၊ နံနက်ခင်းရဲ့ ဂီတသံတွေထဲမှာ ။ ကျွန်တော် မြင်တယ်၊ ကျွန်တော် ကြားတယ်။ ဒါ့ကြောင့် ... ကျွန်တော့်ကိုယ် ကျွန်တော် မသိတော့ဘူး ။ သိပ် ရူးတာပဲနော် ...

နှင်နု ... ။ ကျေးဇူးပြုပြီး ဒီဇင်ဘာတွေ နှိုးပေးနိုင်မလား ။ အရာရာဝေဝါးသွားခဲ့ချိန်မှာ သာယာတဲ့ ခြေသံကိုတော့ ကြားခွင့်ရှိပါရစေ ... ။ မင်းခြေသံတွေမကြားရမချင်း ကိုယ် ကဗျာမရေးဘူး ။ ကိုယ့်ရဲ့ လမိုက်ညတွေဟာ ကိုယ့်ကို ကမ္ဘာမှာ တစ်ယောက်ထဲ စွန့်ပစ် ထားသလိုမျိုး ၊ တိုးတိတ်စွာအထီးကျန်ခဲ့ပါပြီ ။ ဟော ... ကိုယ့်အာရုံထဲမှာ နှင်းတွေ …။ နှင်းတွေ ဝေလာခဲ့ပြန်ပြီ ။ ကိုယ့်စိတ်ကို ကြိုးညှိပြီး ဒီဇင်ဘာကို ကြိုဆိုနေပါတယ် ။ ကြားရဲ့လား ... ။ ရင်လှိုင်းခတ် ဂီတသံစဉ်တွေ ။ ပရက်စလေ ရဲ့ တီးကွက်တွေအတိုင်း ခပ်ရိုင်းရိုင်း ယဉ်ကျေးလိုက်တယ် ။ ဆိုက်ကိုးစစ် ဆန်တယ်ပြောပြော …၊ ရူးသွပ်တယ်ဆိုဆို ၊ ကိုယ်ကတော့ ရိုးရာမပျက် အိမ်မက်မက်နေဦးမယ် ချစ်သူ ။

ရွက်ကြွေတွေ ဆင်မယဉ်သာလွင့်ကြွေတဲ့ တေလေလမ်း ... ။ သူ့ပုံရိပ်တွေ တငွေ့ငွေ့ပျံသန်းသွားတယ် ။ ကျွန်တော်ကြည့်ငေး … ခပ်ဆွေးဆွေး ၊ နှင်းတွေတေးကို ငြိမ်သက်နားဆင် ။ တစ်စက္ကန့် ၊ တစ်မိနစ် ၊ တစ်နာရီ ၊ တစ်ရက် ... ။ အို … CR- 21 ထဲ မှာ သူ့ကိုယ်သင်းရနံ့တွေ ရုတ်တရက်ခံစား ။ ကျွန်တော့်ဝိဥာဉ်ဟာ ခန္ဓာထဲက ထွက်ခွာ သွားပါပြီ ။ ချစ်တယ် ဆိုတဲ့ အက္ခရာလေးနှစ်လုံးကို ဂါထာလိုရွတ်ဖတ် နေဦးမယ် ။

နှင်းတွေ ... ။ သက်ပြင်းတွေတိုးတိုးလေး ခိုးချနေတဲ့ ဆောင်းရာသီ...။ မဟာဂီတဆန် စွာ ငိုညည်းနေတဲ့ ဆောင်းရာသီ ။ ကျွန်တော့်ရင်ထဲက နန်းစဉ်ရတနာတစ်ပါးကို လွမ်းလိုက်တာ ... ။ အစားဝင်လာမယ့် ဥသြတွေကို မုန်းရတာလဲ ရက်စွဲဘယ်နှစ်ခုရောက်ခဲ့ပြီ မသိ ။ သူရှိနေမယ့်တစ်နေရာရာကို လွမ်းရတာလဲ ဆောင်း ဘယ်နှစ်ရာသီ သေဆုံးခဲ့ပြီ မသိ ။ နှင်းနု မသိသည့် တစ်နေရာရာတွင်တော့ မှတ်တိုင်တစ်ခု အလေ့ကျပေါက်ခဲ့ပါသည် ။

“ ဖြိုးဝေ
ဇန်နဝါရီ ၂ ရက် ၊ ၉၆ ။
(မွေးဖွား/သေဆုံးသည်) ”

အနောက်ဥရောပမှ ဆောင်းခိုငှက်တို့ ရောက်လာချေပြီ ။ ထို ဆောင်းခိုငှက် တစ်ကောင်နားသွားဖူးသော သီးပင်တစ်ပင်သည်လည်း မှတ်တိုင်သစ်ငုတ်အဖြစ် အသွင်ပြောင်းလဲခဲ့လေပြီ ။ ကံကြမ္မာသည် အနုပညာမဆန်ပါ ၊ မှော်ဆရာမဟုတ်ပါ …။ ဘုရားသခင်သည် ကျွန်တော့်ရင်ခွင်ကို နှင်းတို့ဖြင့်အလှဆင်ခဲ့သည် ။ နှင်း တို့ဖြင့်အေးချမ်းစေခဲ့သည် ။ ထို့နောက် ... နှင်းတို့ဖြင့် လွမ်းစေခဲ့သည် ။ ဘုရားသခင် ကျွန်တော့်ကို မာယာများခဲ့သလော ။ နှင်းနု ကျွန်တော့်ကို လိမ်ညာခဲ့သလော …။ မည် သို့ပင်ဖြစ်စေ ကမ္ဘာသစ်တစ်ခုဆီ ဦးတည်နေသော နောဧ သင်္ဘောကြီးပေါ်တွင် အထီး ကျန်နေသော ဝိဥာဉ်တစ်ကောင်ပါသွားလေပြီ ။ သူ့နှုတ်ခမ်းဆီမှ ဘယ်ဘုံကမှန်းမသိသော သီချင်းတစ်ပိုဒ်ကို ကြေကွဲဆွေးမြေ့စွာ ညည်းတွားသွားသည်ကား ...