ကျွန်တော်က တခြား ကဗျာဆရာတွေလို လိပ်ပြာလေး တွေ ၊ စမ်းချောင်းလေးတွေ ၊
နွေဦးသစ်ရွက်လေးတွေ ၊ ကြယ်စင်လေးတွေ ၊ လဝန်းလေးတွေအကြောင်း ကဗျာ စပ်
ချင်သူမဟုတ်ခဲ့ ။ မမသီရိရဲ့ မျက်ဝန်းလေး
တွေအ ကြောင်း အလင်္ကာ လေးနဲ့ဖွဲ့ပြ ၊ ကာရန် လေးနဲ့ နွဲ့ပြ ချင်တာ ။
မမသီရိရဲ့ မျက်ဝန်းမြစ်မှာ တစ်ထောင့် တစ်ည ပဲ မျောရ မျောရ ၊ ဘယ်တော့မှ
ကမ်းမတင်ချင်လဲရတယ် လို့ ကျူးရင့်ခဲ့သူက အရူးရင့်နေတဲ့ ကျွန်တော် လေ ။
နံနက်ခင်း ပြတင်း တံခါးပေါက်တွေက တိုးဝင်လာတဲ့ လေညင်းတွေထဲမှာ မမသီရိရဲ့ ကိုယ်သင်းနံ့တစ်ချို့ ရ တယ် ။ ကျွန်တော့်နံနက်ခင်းမှာ ငှက်ကလေးတွေ တေး မဆို ချင်နေပါ ။ မမသီရိကတော့ ဆုတောင်းမေတ္တာ ပို့ သံနဲ့ ကြိုလိုက်ပါ ။
မမက ဈေးခြင်းတောင်းလေးကိုင်ပြီး လမ်းလျှောက်လာ … ။ ကျွန်တော်က လဖက်ရည်ဆိုင်မှာ ထိုင်ငေး ...။ ဒီလို နေ့တဒူဝကိစ္စတွေက ပင့်ကူ အိမ်တွေ လား ၊ သံယောဇဉ်ကြိုးတွေလား လို့ မစဉ်းစားချင်တာ စွဲ လမ်းမှု ။ ဒါပေမယ့် ဒုတိယမျက်ဝန်းတွေကို ချစ်မိနေ တယ် ။ မမ ရဲ့ ကလေးဆန်မှုတွေကို ချစ်တယ် ။ မမရဲ့ အပြစ်ကင်းစင်မှုတွေကို ချစ်တယ် ။ မမရဲ့ လက်သည်း နီကင်းတဲ့ လက်ချောင်းနုနုလေးတွေကို ချစ်တယ် ။ မမ ရဲ့ မိပ်ကပ်ကင်းတဲ့ မျက်နှာလေးကို ချစ်တယ်။ သံလွင် နံ့သင်းနေတဲ့(ဒူးဆစ်အထိရှည်လျားတဲ့)ဆံချည်မျှင် လေး တွေကို ချစ်တယ်။ချစ်ခြင်းတွေအကြောင်းဖွင့်ဆိုရင် တစ် ထောင့်တစ်ညရှည်လျား သွားလိမ့်မယ် မမ ။
ကျွန်တော့်အနားရောက်ရင် တိုးတိုးလေးချသွားတဲ့ သက် ပြင်းရှည်ကြီးတွေကို ဘာသာမ ပြန်တတ်ဘူး မမရယ် ။ မျက်ဝန်းတွေတိုင်းက ခက်ဆစ်တွေ ပြည့်နေသလိုပဲ ။ ဒွိဟမျဉ်း တွေထဲမှာအလျားလိုက် ကူးခတ်နေရတာ တေလေ မည်ပါသလား မမ ။ တစ်ကယ်ဆို မျဉ်းတစ် ကြောင်း လို ဖြောင့်ခွင့်ရချင်တာ ။ မမအကြောင်းတွေ တွေးရင်း ကီးဘုတ်လက် ကွက်တွေပေါ်မှာ မျက်စိလည် နေတဲ့ ကျွန်တော် ၊ လရောင်ကိုကြည့်ရင်း မှောင်နေတဲ့ ကျွန်တော် ၊ သန်းခေါင်ယံအိမ်မက်မှာ ခံတွင်းပျက်နေတဲ့ ကျွန်တော် ၊ နွေဦးရာသီတွေ ပေါ်မှာ မူးလဲနေပါသော ကျွန်တော် ၊ လည်ချောင်းထဲမှာ မမနာမည်ကို အော်ခေါ် နေ တယ် ။ မမ ကြားပါ ။
တစ်ယောက်တည်း ရင်ခုန်နေရတာ ပျင်းစရာကြီးနော် ... ။ အထီးကျန်နေတဲ့ ရင်ခုန်သံ တွေဟာ တစ်စုံတစ်ရာကို မွတ်သိပ်တမ်းတ ...။ အဲဒါ ဘာလဲဟင် မမ ။ကိန်းဂဏန်း ဆိုင်ရာ တွက်ချက်မှုတွေနဲ့ အချစ်ကို တန်ဖိုးဖြတ်သွား မလား ။ စီးပွားရေးတက္ကသိုလ်က မမ ၊ အချစ်ကို ဈေးချ သွားရင် ဒုက္ခ ၊၊ အင်း ... ရင်မောလှချည့် ။
အလှအပဆိုင်ရာ အနက်ဖွင့်ဆိုမှု ၊ ယဉ်ကျေးမှုဆိုင်ရာ အပြစ်ကင်းစင်မှု ၊ ဘယ်နှစ်ဘုံ မြောက်က စုတေလာလာ ၊ ကျွန်တော့်အတွက် အမြုတေရတနာ ။ အဖိုးအနဂ္ဃ ....... ၁၅၀၀ ။

>>>> ဆက်ပါဦးမည် ။ <<<<