ပကတိ ဆည်းဆာ




( အနာဂတ် )
နေဝင်သွားပြီး နောက်ထပ် ... ၊
ဘာတွေဆက်ဖြစ်လာဦးမှာလား
ငှက်တချို့ အိပ်တန်းမပြန်နိုင်ခဲ့ကြ
ပန်းပွင့်တချို့ ပြန်ငုံခွင့်မရလိုက်ကြ
အဝေး ............ မိုးကုပ်စက်ဝိုင်းဆီ
တိမ်တိုက်တချို့ မရောက်လိုက်ကြ ။

( ပစ္စုပ္ပန် )
လမ်းကလေးကို နှစ်သိမ့်လိုက်စမ်းမယ်
ငါတို့ ... နှစ်ယောက်မလာနိုင်တော့တာ
ခုံတန်းပြာကလေးကို သိပ်အားနာ
ငါတို့ ... နှစ်ယောက်အတူမနားခိုနိုင်တော့တာ
ကန်ရေပြင်ကြီးကိုလည်း ရှက်ရွံ့မိပါတယ်
ငါတို့် ... နှစ်ယောက်ရယ်သံတွေ ပစ်မချနိုင်တော့တာ
ကမ္ဘာမြေကြီးကိုလည်း မျက်နှာမပြဝံ့
ငါတို့ ... ကိုယ် ၊ စိတ်နှစ်ဖြာ ဝေး .................. ကွာ

( အတိတ် )
တစ်ယောက်နဲ့ တစ်ယောက်
မလုံလောက်လို့ နှစ်ယောက်ဖြစ်လာတော့
နေဝင်သွားတဲ့အခါ ၊ လမင်းသာလို့
ငှက်သံကျေးသံ စုံစုံလင်လင် ဝေဝေဆာဆာနဲ့
ပန်းကလေးတွေရဲ့မျက်နှာပေါ်စီးမိုးပြီး
တိမ်စိုင်တွေဝင်စားပြီး ငါတို့ပျံသန်းဖူးကြ
မိုးကုပ်စက်ဝိုင်းတစ်ခြမ်း အလွန် ။

( သံသရာ )
ဗြဟ္မစိုရ်တရား လေးပါး
နှုတ်ခမ်းမှာတင်ရှိသော မေတ္တာတရားအတု
မျက်ဝန်းမှာတင်ရှိသော ဂရုဏာတရားအတု
စံပယ်တင်အပြုံးမှာသာရှိသော မုဒိတာတရားအတု
ဘယ်တော့မှ အကောင်းအတိုင်းဖြစ်မလာနိုင်တဲ့
ဥပေက္ခာတရားစစ်စစ်
အဲဒီသစ္စာတရားမှာ ... မင်းကို ငါချစ်တယ် ။


K သူ