အက်ႌအျဖဴ ၊ ထမီအစိမ်းရောင်
ဆန့်ကျင်ဘက်များ ကောင်းကင်
နံနက်ခင်းမှာ ...
ကြယ်စင်တွေ ကျောင်းတက်ခဲ့ပြီ
သနပ်ခါးပါးကွက်ကို ဖျက်နိုင်ဖို့ ၊
မစွမ်းသော ၊ မိုးရေစက်များဟာ
ခေါက်ထီးနီနီမှာ သီးပွင့်လို့ ..... ။
ကြွေသော စိန်ပန်းနီနီ
ကတ္တီပါဖိနပ်လေးနဲ့ နင်းဖြတ်သူ ၊
ညီမလေးကို စွဲချက်ယူဖို့ကလည်း
အပြစ်မှ မဟုတ်ဘဲလေ ။
ညီမလေးရေ ...
လှမ်းခဲ့လိုက် ၊ လှမ်းခဲ့လိုက်စမ်း
ပန်းတိုင်တွေ ညွှတ်ကွေးတဲ့အထိ
လှမ်းခဲ့လိုက် ၊ လှမ်းခဲ့လိုက်စမ်း
ပန်းပွင့်တွေ အလေးမြတ်ပြုတဲ့အထိ
လှမ်းခဲ့လိုက် ၊ လှမ်းခဲ့လိုက်စမ်း
ကမ္ဘာမြေက မင်းကိုနမ်းတဲ့အထိ
လှမ်းခဲ့လိုက်လေ ... ။
သိပ်ထက်တဲ့ ဓားအတွက်
ဓားအိမ်တွေက သိပ်ကျပ်မနေပါဘူး
သိပ်မွှေးတဲ့ ပန်းအတွက်
ဦးခေါင်းတွေက သိပ်ရှက်မနေပါဘူး
နှင်းဆီရုံ ၊ စံပယ်ရုံတွေအကြား
ကျောင်းတံခါးတွေ ပွင့်ပြီကွယ် ။
ကျောင်းတော်ဆီ ဦးတည်လျှောက်တဲ့
ခြေထောက်တွေဟူသမျှဟာ
ပင်လယ်ကိုစိုက်ပျိုးမယ့် မိုးရေ မိုးပေါက်တွေပါ
ကောင်းကင်တံခါးကိုဆောင့်ကန်မယ့် ဖိနပ်တရံပါ
ရွှေနန်းတော်ကိုတက်သိမ်းမယ့် ဓား ၊ လှံတွေပါ
ညီမလေးရေ ... လှမ်းခဲ့လိုက် ။
နေကြာပွင့်ကလေး
နေရောင်ခြည် လဲ့ဖြာဝေရာအရပ်ဆီ
နံ့သာရောင်လွယ်အိတ်ကလေး လွယ်လို့
နန်းသိမ်းမယ့် အိမ်မက်များနဲ့
နှင်းရာသီမှသည် နွေဦးပေါက်သည်အထိ
နင်းလျှောက်နေပါ
ပြီးတော့ ကဗျာစပ်ဖို့ မှော်အတတ်တွေသင်ပါ
ကဗျာမြောက်တဲ့ မှော်ပညာတွေကျက်မှတ်ပါ
ညီမလေးရေ ... လှမ်းခဲ့လိုက် ။
ရွှေရင်သိမ်းသစ် ၊ ပျိုမျစ် မြတ်နွယ်
ကျောင်းတက်နေတဲ့ ကြယ်ကလေး
ဒါမှမဟုတ် ...
တလောကလုံးကို ပြုစားမယ့်
ခေါင်းလောင်းသံဟာ ညီမလေးပေါ့ ။
ကျောင်းမှန်မှန်တက်ပါ
သနပ်ခါးမှန်မှန်လိမ်းပါ
သက်တံ့တွေအစား
ခါတော်မီပန်းတွေ ပန်ပါ
စာအုပ်ကလေး အမြဲဖွင့်ထားပါ
အဝေးကြီးကိုလည်း မျက်လွှာချပြီးကြည့်ပါ
လောကဓံတိုက်ပွဲခေါ်သံတွေကြားမှာ
ခဲတံအမြဲချွန်ထားပါ
လက်သည်းဆိုးဆေးတွေရှောင်ကျဉ်ပါ
မင်းလက်သည်း ဖြူဖြူသွယ်သွယ်မှာ
အိမ်မက်တွေအမြဲရေး ၊ အမြဲတေးထားပါ
ကောက်ကွေ့ရှည်လျားတဲ့လမ်းတွေပေါ်ကို
စိတ်နဲ့ အရင်ပြေးကြည့်ပါ ညီမလေး ။
ကမ္ဘာမြေက ပိုင်တဲ့
ကမ္ဘာမြေကို ပိုင်မယ့်
ကျောင်းသွားသူ ညီမလေးဟာ
ကြယ်စင်လို တောက်စားလင်းပွင့်တဲ့
ကောင်းကင်ရွာသူလေ ... ။
K သူ