အလွမ်းတွေ ဝှက်ထားလိုက်တာပါ
တစ်ဖက်သတ်ငြင်းချက်တွေကြောင့်
အထပ်ထပ်အခါခါ ဝပ်စင်းကြွေကျ
ကျွန်တော်က ....
လရောင်ဝေးတဲ့ ကြာ ။
သံယောဇဉ်ကြိုးအဟောင်းလေးနဲ့
ကိုယ့်ကိုယ်ကို...
အရောင်မပြောင်းသေးခင် ပြန်ချုပ်
ခပ်နုပ်နုပ်အိမ်မက်လေးကိုလဲ
ထပ်တလဲလဲ ဆေးကြောရင်းပေါ့ ။
သစ်ရွက်ဝိဉာဉ်ပျော်ဝင်ခိုနား
သူ့မျက်ဝန်းတွေအကြားမှာ
ခဏခဏ အလွမ်းတွေရွာတယ် ။
တစ်ခါတလေ ....
အပြာရောင်နှင်းတွေကြား
သင်းကွဲသွားလာ
ကျွန်တော့်အတောင်မှာ
ဒဏ်ရာတွေ စိုစွတ်နေရဲ့
ဒါ .... အမှတ်တရအနေနဲ့
သူ ခတ်နှိပ်သွားခဲ့တာပေါ့ ။
မကြာ မကြာ
လွမ်းပါတယ် နှောင်းငယ်
ပြောင်းလဲလာတယ်ဆိုတာ
ကျရှုံးမှုနဲ့ အောင်မြင်ခြင်းကြား
ဆက်သွယ်ထားတဲ့ မျဉ်းတစ်ကြောင်းပါပဲ ....
ကျွန်တော်က .....
အိမ်မက်တွေ ဆွဲခြုံ
အလွမ်းတွေ လှုံရင်း
ပုံပြင်ထဲမှာပဲ အိပ်စက်သွားခဲ့
နောက်ပြီး ...
အမှားတွေ မိတ်ဖွဲ့ထားတယ် ။
ချစ်တယ်လို့ မပြောရသေးခင်မှာ
ပစ်ပယ်ခံရတဲ့ အရှုံးသမား
အမုန်းတရားတွေကြား နေရစ်ခဲ့
မပွင့်သေးခင်မှာပဲ
လွှင့်ပစ်ခံရတဲ့ ပန်း
ဘယ်မှာသွား လန်းရမလဲ
တစ်ခါ တစ်ခါ ....
နွမ်းကြွေခြင်းက
သူ့ဆံနွယ်လေးနဲ့
ထိတွေ့မွှေးရှိုက်ခွင့်ရမယ်ဆိုရင
လိုချင်ပါသေးတယ်
သို့မဟုတ် .....
တစ်ဘဝလုံးစာ
ကြွေချင်ပါသေးတယ် .....
မနက်ဖြန်အထိ
ဆက်ရန်ရှိသေးတဲ့
ကဗျာတစ်ပုဒ်အကြောင်းကိုတော့
ပြောပြချင်ပါသေးတယ် ....
မင်းခသူ (ကဗျာ Diary)