ကျွန်တော့်ခန္ဓာလို့ထင်ရတဲ့ အရာကြီးဟာ အသူရာ
ချောက်ထဲပြုတ်ကျနေသလိုခံစားရတယ် ။ နားထဲမှာ
ကြားနေရတဲ့အသံတွေကလဲ နီးသွားလိုက် ဝေးသွား
လိုက်နဲ့ ဝေဝါးလို့ပါပဲ။ ပတ်ဝန်းကြီးတစ်ခုလုံးမှာဆေး
ရောင်စုံတွေမြင်နေရ
Modern Art လို့ခေါ်တဲ့ စိတ္တဇပန်းချီကားတစ်ချပ်ထဲ
ရောက်နေတာလား ။ ဦးခေါင်းတစ်ခုလုံးကလည်း
မြင်းရိုင်းတစ်အုပ်ဖြတ်ပြေးသွားသလို နာကျင်ကိုက်ခဲ
နေတယ် ။ ရေ ဆာ တယ် .... ရေ ဆာ တယ် ....
" ရေဆာတယ် ။ ရေ ... ရေပေးပါဗျာ ... "
" ဟော ... ကောင်လေး မင်းသတိရလာပြီလား ။
မမြသီရေ ရေတစ်ခွက်လောက်ယူခဲ့ပါကွယ် ... "
ရှမ်းသံဝဲဝဲနှင့် လူကြီးတစ်ယောက်အသံကြားရတယ်။
မျက်လုံးဖွင့်ချင်ပေမယ့် မျက်ခမ်းတွေစပ်နေလို့ဖွင့်မရ
ဘူးဖြစ်နေတယ် ။ တဖြည်းဖြည်း ဖွင့်ချည် ပိတ်ချည်
လုပ်ပြီးမှ မသဲမကွဲမြင်ရတယ် ။ ခေတ်မီပစ္စည်းတွေနဲ့
ပြည့်နှက်နေတဲ့ အခန်းထဲက အလွန်အိစက်နေတဲ့
မွေ့ယာတစ်ခုပေါ်မှာ ကျွန်တော်ရောက်နေတာပါ ။
ဘယ်နေရာမှန်းမသိသလို ကျွန်တော့်ကိုပြုံးပြနေတဲ့
လူကြီးကိုလည်း ဘယ်သူမှန်းမသိပါဘူး ။
" ရော့ ကောင်လေး ရေသောက်လိုက်ဦး ။ ဖြည်းဖြည်း
သောက်ကွယ် ။ မင်းသတိလစ်နေတာ နှစ်ရက်ရှိနေပြီ
ဆာနေရောပေါ့ကွယ် "
အေးမြတဲ့ရေကြောင့် တစ်ကိုယ်လုံး လန်းဆန်းသွား
သလိုခံစားရတယ် ။ ဒါပေမယ့် ကျွန်တော်သတိလစ်
နေတာ နှစ်ရက်ရှိပြီတဲ့ ။ ဘာတွေလဲ ။ ဘာတွေဖြစ်ခဲ့
တာလဲ ။ ခေါင်းတွေကိုက်လိုက်တာ ။
" ကျွန်တော် ဘယ်ကိုရောက်နေတာလဲဗျာ ။ ဘာတွေ
ဖြစ်ခဲ့တာလဲ ။ ပြီးတော့ ဦးကရော ဘယ်သူလဲဟင် "
" ရော် ... ဖြည်းဖြည်းပြောပါ ကောင်လေးရယ် ။ မင့်
မေးခွန်းတွေကလည်းများလိုက်တာ ။ ဒီလိုကွ အခု
မင်းရောက်နေတဲ့နေရာ မဟော်ဂနီစံအိမ် တဲ့ဗျား ။
ဦးကတော့ ဟောဒီစံအိမ်ကြီးပိုင်ရှင် ဦးထွန်းခိုင် ရဲ့
အိမ်ထိန်းကြီး ဦးခွန်နောင် တဲ့ဗျား ။ ကဲ ဘာသိချင်
သေးလဲ ကောင်လေး "
" ဟို ကျွန်တော်ဘာတွေဖြစ်ခဲ့တာလဲ ။ ဘာလို့ဒီကို
ရောက်နေတာလဲ ဦး "
" ဟေ ... မင်းဘာဖြစ်ခဲ့တာလဲတောင်မသိတော့ဘူး
လား "
ကျွန်တော် ခေါင်းငြိမ့်ပြလိုက်တော့ ဦးခွန်နောင် တွေ
ဝေသွားပုံရပါတယ် ။
" အင်း ဒေါက်တာပြောသွားတာဖြစ်နိုင်တယ် ။ ခေါင်း
ကိုထိခိုက်ထားလို့ အတိတ်မေ့နေနိုင်တယ်တဲ့ ။ ဒါနဲ့
မင်းနာမည်ဘယ်လိုခေါ်လဲ ကောင်လေး "
" နာမည် .... ကျွန်တော့်နာမည် "
နာမည် ။ ကျွန်တော့်နာမည် ဘာလဲ ။ ကျွန်တော်
ဘယ်သူလဲဆိုတာတောင်မသိ ။ အတိတ်မေ့နေ
နိုင်တယ် တဲ့ ။ ဘာတွေလဲ ။ ဘာ တွေ လဲ ....
" ဒီလိုကွ လွန်ခဲ့တဲ့နှစ်ရက်က ဒီစံအိမ်ကြီးက
ဦးထွန်းခိုင်ရဲ့ တစ်ဦးတည်းသော သမီးဖြစ်တဲ့
ကံ့ကော်ခိုင်ဟာ သူ့သူငယ်ချင်းမွေးနေ့အတွက်
ပန်းစည်းသွားဝယ်တယ် ။ ပြန်လာတော့ ကား
ထဲမှာ လူတစ်ယောက်သတိလစ်ပြီး ပါလာတာ
ပဲ .... "
" အဲဒါ ကျွန်တော်လားဟင်ဦး ။ ဘယ်လိုလုပ်ပါလာ
တာလဲ "
" မင်းပေါ့ ကောင်လေးရ ။ သူပြောတာက သူ ပန်း
ဆိုင်ထဲကထွက်လာပြီး သူ့ကားရပ်ထားတဲ့ဆီ
အသွားမှာ တစ်ဖက်ကလာတဲ့ကားနဲ့ တိုက်မိမလို
ဖြစ်တယ်တဲ့ ။ အဲဒီအချိန် မင်းက သူ့ကို ဖက်ပြီး
လွတ်ရာကိုတွန်းလိုက်လို့ ဘာမှမဖြစ်ဘူးတဲ့ဗျား ။
ဒါပေမယ့် မင်းကတော့ ပလက်ဖောင်းနဲ့ ခေါင်းနဲ့
ရိုက်မိပြီး သတိလစ်နေလို့ ဘာလုပ်ရမှန်းမသိတာ
နဲ့ သူ့ကားပေါ်တင်လာတာလို့ ပြောတာပဲ ... မော
လိုက်တာကွယ် "
" ဒီမှာ ရေသောက်လိုက်ပါလား ဦး "
" သြော် အေး အေး ။ ကျေးဇူးပါကွယ် "
ဦးခွန်နောင်ကလည်း ခပ်ကြောင်ကြောင်ဖြစ်သွား
ပြီး ကျွန်တော်ကမ်းပေးတဲ့ ရေခွက်ကိုယူမော့လိုက်
တယ် ။ အစောက ကျွန်တော်သောက်ပြီးသားရေ
ခွက်ကြီး ။ တတ်နိုင်ဘူး ။ ကိုယ့်ကိုယ်ကိုတောင်မှ
ဘာမှန်းမသိတဲ့ဟာ ။ အဲဒီလိုနဲ့ ...
❀ ❀ ❀
••• ရာသီအမှားနဲ့ မိုးတွေရွာလာ
••• ကျွန်တော်မရောက်ဖူးတဲ့ မြို့မှာ
••• ကံ့ကော်ရနံ့နဲ့ ရွှဲရွှဲစိုနေပါတယ် ။
❀ ❀ ❀
ကံကြမ္မာတရားက တီးခတ်နေတဲ့ဗျက်စောင်းမို့
သံစဉ်တွေက မညီမညာ ။ ကျွန်တော်မရောက်ဖူးတဲ့
မြို့တော်မို့ အနံ့အသက်တွေအားလုံး အ စိမ်း ရောင် ။
ရာသီဥတု ဘယ်လောက်ကြာကြာ နေထိုင်ရမှန်းမသိ
တဲ့ အခန်းထဲမှာ ဘယ်သူဘယ်ဝါမှန်းမသိတဲ့ လူတစ်
ယောက် ကိုယ့်အမည်ကိုယ်စဉ်းစားရင်း မူးမှောက်နေ
တယ် ။ ဒေါင်လိုက်ကျလာတဲ့ ဒွိဟတွေက ခန္ဓာကိုယ်
ပေါ် တစ်ဖျောက်ဖျောက်ပွတ်သပ်နေတယ် ။ ခေါင်း
ကိုက်တယ် ။ ( ဒါ့ကြောင့် ခေါင်းကို ကျွန်တော်ပြန်ပြီး
ကိုက်လို့မရဘူး ။ )
အဲဒီညနေမှာပဲ ကျွန်တော်သတိရလာတယ် ဆိုလို့
ဒီအိမ်ကြီးရဲ့သခင် ဦးထွန်းခိုင် ရောက်လာတယ် ။
ဦးခွန်နောင်ပြောသွားလို့ မြန်မာနိုင်ငံမှာ အကြီးဆုံး
နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ Techno City. ရဲ့
ပိုင်ရှင်ဖြစ်ကြောင်း သိထားပါတယ် ။ ကျွန်တော့်ရဲ့
ကျန်းမာရေးအခြေအနေနဲ့ နေရထိုင်ရအဆင်ပြေ ၊
မပြေမေးတယ် ။ ဆရာဝန်ကိုလည်း မကြာ မကြာ
လာကြည့်ပေးဖို့မှာထားတယ်တဲ့ ။ သူ့သမီးလေး
" ကံ့ကော်ခိုင် " က. သူ့သူငယ်ချင်းမွေးနေ့မို့လို့
ချောင်းသာကိုရောက်နေလို့ လာကြည့်မိတာပါတဲ့ ။
ဦးခွန်နောင်ပြောသွားလို့ထင်ပါရဲ့ ကျွန်တော် ဘယ်
သူ ဘယ်ဝါဆိုတာကိုတော့ မေးမသွားပါဘူး ။ ရပါ
တယ် ။ တစ်နေ့နေ့ပေါ့ ... ။ ကျွန်တော်အတိတ်မေ့
ခံပြီး ကယ်ခဲ့ရတဲ့ လူမလေးကိုတော့ တွေ့ချင်မိပါရဲ့။
တစ်နေ့နေ့ပေါ့ ... ။
ဦးခွန်နောင်ကတော့ ...
" ကောင်လေး ခြံထဲလမ်းဆင်းလျှောက်လေ ။ အခန်း
ထဲနေရတာ ပျင်းနေမှာပေါ့ "
ကျွန်တော် ခေါင်းငြိမ့်ပြလိုက်တယ် ။ ပြီးတော့
" ဒါ မင်းနဲ့ပါလာတဲ့အိတ်လေ " ဆိုပြီး pim တံဆိပ်နဲ့
ကျောပိုးအိတ်အဖြူရောင်လေး ပေးသွားသေးတယ် ။
ဖွင့်ကြည့်တော့အထဲမှာ မှတ်စုစာအုပ်တချို့ရယ် ၊
ငွေကြေးအနည်းငယ်ရယ် ၊ စမတ်ဖုန်းအသစ်တစ်လုံး
နဲ့ ဝယ်ထားတဲ့ဖြတ်ပိုင်းရယ် ဒါပဲပါတယ် ။ ရှာကြည့်
တော့ ကျွန်တော့်နာမည်နဲ့ပတ်သတ်တာဆိုလို့ ဘာမှ
မပါဘူး ။ ကျွန်တော်နည်းနည်း စိတ်ညစ်သွားတယ် ။
ခြံထဲဆင်းလိုက်တော့ စံအိမ်ကြီးရဲ့ခမ်းနားပုံက မှန်း
ထားတာထက်ကို ပိုပါတယ် ။ ခြံကျယ်ကြီးထဲမှာ ပန်း
ခြံ ၊ အလုပ်သမားတန်းလျား ၊ ဂိုဒေါင် တွေနဲ့စုံလို့ပါပဲ။
ဦးထွန်းခိုင်ဟာ အတော်ချမ်းသာပုံရပါတယ်။ တံတိုင်း
တစ်လျှောက်လုံးမှာ ကံ့ကော်ပင်တန်းနဲ့စိမ်းစိုနေလေ
ရဲ့ ။ မကြာမီ မိုးတွေရွာရင် သူတို့ပွင့်ကြတော့မှာပေါ့။
ကျွန်တော်ကရော ကံ့ကော်ဘယ်နှစ်ရာသီများ မိုးခိုရ
ဦးမှာပါလိမ့် ။ အဲဒီလိုနဲ့ ....
❀ ❀ ❀
••• အဲဒီအကိုင်းမှာပဲ
••• သင်္ခါရ မသိစွာ ပွင့်ဝေ
••• ကိုယ်တိုင် ဖွေးဖွေးလှုပ်နေမယ် ။
❀ ❀ ❀
အိမ်မက်ထဲမှာ ကျွန်တော့်နာမည်ကို ကျွန်တော်
အော်ခေါ်နေတယ် ။ ဒါပေမယ့် နာမည်မသိတဲ့အ
တွက် ကျွန်တော်ပဲ ပါးစပ်ဟောင်းလောင်းကြီးကျန်
ခဲ့တယ် ။ အဲဒီလိုနဲ့ ကျွန်တော်နဲ့ ကျွန်တော်ဟာ ...
ယူဇာနာပေါင်း အသင်္ချာဝေးခဲ့ကြတယ် ။ ကျွန်တော့်
ဘေးကို (ကံ့ကော်ခိုင် လို့ယူဆရတဲ့) ကောင်မလေး
ရောက်လာတယ် ။ ဒါပေမယ့် သူကျွန်တော့်ကိုကျော
ခိုင်းထားလေရဲ့ ။ ကျွန်တော် လန့်နိုးသွားတယ် .... ။
ကျွန်တော့်ဘေးမှာ (ကံ့ကော်ခိုင် လို့ယူဆရတဲ့ )
ကောင်မလေးတစ်ယောက် ရောက်နေတယ်။ ဪ
သူတောင် ပြန်ရောက်လာပြီကိုး ။ အိမ်မက်ထဲကလို
တော့ ကျောခိုင်းမထားပါဘူး ။ မျက်နှာချင်းဆိုရင်း ...
" ရှင် နိုးလာပြီလား ။ ရှင် သတိရလာပြီပြောလို့ မီး
ရောက်ရောက်ချင်းလာကြည့်တာ " -- တဲ့ ။
ဪ ... သူ့ကိုယ်သူ မီး လို့သုံးသွားတဲ့ လူမလေး
ရယ် .... ။ မပူလောင်ပါစေနဲ့လို့ပဲ ....
" ဟုတ်ကဲ့ သတိရလာပါပြီ မကံ့ကော်ခိုင် ။ ဟိုနေ့က
ဘာမှဖြစ်မသွားဘူး မဟုတ်လား ။ ဒါပေမယ့် .... "
" ဒါကတော့ ပြဿနာမရှိပါဘူးရှင် ။ တဖြည်းဖြည်းနဲ့
အတိတ်ကိုပြန်သတိရလာမယ်လို့ ဆရာဝန်ကပြော
တယ် ။ ရှင် အားလုံးကောင်းသွားတဲ့အထိ ဒီအိမ်မှာ
နေပေးပါလို့ တောင်းဆိုပါရစေ ။ မီး ကျေးဇူးဆပ်ချင်
လို့ပါ .... "
" ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် မကံ့ကော်ခိုင် "
" အို ... မဟုတ်တာရှင် ။ မီးကသာ ကျေးဇူးတင်ရမှာ
ပါ ။ ဪ ဒါနဲ့မနက်စာစားဖို့ တခါတည်းလိုက်ခဲ့ပါ
လား "
" ကျွန်တော် မျက်နှာသစ်ပြီးလာခဲ့ပါ့မယ် "
သူ ထွက်သွားတာကိုကြည့်ရင်း ကျွန်တော် ကျန်ခဲ့
တယ် ။ နှစ်ဆယ်စွန်းစလောက် လူမလေးရဲ့အလှ
ဟာ နာမည်နဲ့လိုက်အောင်ကို ကံ့ကော်တစ်ပွင့်ချင်း
ပေါင်းထားတဲ့အလှပါပဲ ။ ရင်ကိုကိုင်လှုပ်နိုင်စွမ်းရှိပါ
ပေတယ် လူမလေးရေ ။ မျက်နှာသစ်ရင်း ကြည့်မိ
လိုက်တဲ့မှန်ပေါ်မှာ ကိုယ်ပျောက်ဆုံးပြီး မင်းပေါ်လာ
တယ် ။ ဒီလောက်ပါပဲ ... ။
ထမင်းစားခန်းထဲမှာ သူစောင့်နေပါတယ် ။ အိမ်ကြီး
ရှင်ဦးထွန်းခိုင်ကတော့ မနက်စောစောကုမ္ပဏီသွား
ပြီထင်ပါရဲ့ ။ ဒေါ်မြသီကတော့ မီးဖိုခန်းထဲမှာ အိမ်
ဖော်တွေနဲ့အလုပ်တွေလုပ်လို့ ။ ခြံထဲမှာလဲ အလုပ်
သမားမျိုးစုံပါပဲ ။ သူထည့်ပေးတဲ့မနက်စာကိုစားရင်း
စကားတွေအများကြီးပြောဖြစ်ကြတယ် ။ အတိတ်မရှိ
တဲ့လူတစ်ယောက်မို့ စကားပြောရတာ အတော့်ကို
ကသိကအောက်နိုင်ပါတယ် ။ သူကတော့ ကလေး
တစ်ယောက်လို့ ပေါ့ပေါ့ပါးပါး ၊ ရယ်ရယ်မောမောပါ
ပဲ ။ မီး ချင်းတွေကို ထပ်လို့ ။ ကျွန်တော်ကလည်း
ကိုယ်မသိတဲ့အကြောင်းအရာတွေ လိုက်နားထောင်
ပြီး လိုက်ရယ်ပေးနေရတာ အတော့်ကိုကြောင်တဲ့
ကိစ္စ ။ သူ့ သူငယ်ချင်းတွေအကြောင်း ၊ သူ မွေးထား
အချစ်တော် ခွေးလေးဟီးရိုးအကြောင်း ၊ ပြီးတော့ ...
ပန်းပင်တွေအကြောင်းပေါ့ ။ သူ့ကြောင့် ကျွန်တော့်
မနက်စာဟာ ပေါင်မုန့်ထောပတ်သုတ်နှစ်ပွဲကုန်ခဲ့
တယ် ။ ဒီလောက်ပါပဲ... ။
❀ ❀ ❀
••• မီးတောင်ပေါက်ကွဲခြင်းဟာ
••• အနုပညာတစ်ရပ်ဆိုရင်
••• ရေခဲမြစ်တွေ အရည်ပျော်ခြင်းဟာ
••• ငါ့ရင်ခုန်သံ တုန်ခါမှုကြောင့်ဖြစ်မယ်
••• မင်းကို ဘယ်လိုပုဒ်မနဲ့ စွဲချက်တင်ရမလဲ
••• ငါနဲ့ ပင့်သက်တွေငြင်းခုန်နေကြဆဲ
❀ ❀ ❀
အနောက်ကောင်းကင်မှာ တိမ်သားညိုညိုတွေ
ဒေါသတကြီးတက်လာနေပြီ ။ ကံ့ကော်တန်း က
ကံ့ကော်ရွက်စိမ်းစိမ်းသွယ်သွယ်လေးတွေလည်း
လှုပ်လီလှုပ်လဲ့နဲ့ မိုးကိုမျှော်နေကြပြီ ။ ကံ့ကော်ပွင့်
တွေကိုရော ဘယ်လိုဒြပ်ရှိ ဒြပ်မဲ့တွေက မျှော်နေ
ကြပြီလဲ ။ သက်ပြင်းတွေအလဲအကွဲနဲ့ လူမှာသာ
အိမ်မက်တွေတလှေကြီးနဲ့ ခရီးနှင်ခဲ့ရ ။ ချစ်သူ့
အမည်နာမကိုရေရွတ်ရင်း လောကဓံတစ္ဆေတွေ
ကို အန်တုခဲ့ရတယ် ။ ကိုယ်နဲ့စိမ်းတဲ့မြို့ ၊ ကိုယ်နဲ့
စိမ်းတဲ့မျက်နှာတွေကြားမှာ တယောသံစစ်စစ်ရှိလို့
ကိုယ် ပျော်ပါတယ်ကလေးရယ် ။ ဒီလိုပါပဲ ..... ။
♪ နန်းအပင်မြင့်ဝယ် ... ♪ စခန်းအခြေတင့်တယ် ..
ပွင့်လွှာ လွင့်ကာ မာန်ထည် ... ♪ မြညှာတံခိုင်
နွယ်ကြော့ဝယ် ...♪ရွှေပွင့်သွယ် ဝင့်ထည်လွန်း
တယ် .... လိုချင်မက်မော ♪ စိတ်ဇော သောက
ကြွယ် .... ♪
ဖုန်းထဲပါလာတဲ့ သီချင်းတစ်ပုဒ်ကိုနားဆင်နေတုန်း
အခန်းထဲ ဦးခွန်နောင်ဝင်လာတယ် ။ ကျွန်တော့်ကို
စာကြည့်ခန်းထဲလာခဲ့ဖို့ ဦးထွန်းခိုင်ကခေါ်ခိုင်းလိုက်
တဲ့အကြောင်းလာပြောတာပါ ။ စောင့်နေတယ် တဲ့ ။
♪ ပန်ဆင်ရည်စူးရွယ် ♪ မှန်းမျှော်တကာမျှော်ရှာသူ
မယ် ... ♪ ကြွေ ကြွေလွန့်လူးနဲ့ စိုးရွံ့ကာပူဗျာပါ....
ကြွယ် ♪ မပန်ဆင်ထိုက်ဖွယ် အရိုင်းစံပယ်ဘဝ
ဝယ် ပစ်ကာသာ သွေဖီရှောင်ဖယ် ♪
ကျွန်တော်ဖွင့်ထားတဲ့သီချင်းကို ဦးခွန်နောင်က ရှမ်း
သံဝဲဝဲကြီးနဲ့ ဆိုပြီးထွက်သွားလို့ ရယ်ရသေးတယ် ။
စာကြည့်ခန်းထဲရောက်တော့ ဦးထွန်းခိုင်က ပြုံးပြပြီး
သတင်းစာတစ်စောင်ပေးတယ် ။ ပြီးတော့ လူပျောက်
ကြော်ငြာတစ်ခုကိုပြတယ် ။ အသက် ၂၅ လောက်ရှိ
တဲ့လူငယ်တစ်ယောက်ပျောက်ဆုံးနေလို့ မိဘတွေက
ကြော်ငြာထည့်ထားတာပါ ။ အမည်တွေ ၊ မှတ်ပုံတင်
နံပတ်တွေပါပေမယ့် ဓာတ်ပုံတော့ ထည့်မထားပြန်
ဘူး ။
" ဦးက ဒီအမည်တွေနဲ့မင်းနဲ့များ ရင်းနှီးနေမလားလို့
ပြကြည့်တာပါ ။ မိဘချင်းလဲ ကိုယ်ချင်းစာတယ်လေ။
ဒီရက်ပိုင်းကြော်ငြာတွေမှာလဲ မောင်ရင့်အသက်အ
ရွယ်နဲ့ ဒီတစ်ခုပဲတွေ့မိလို့ပါ "
" စိတ်မရှိပါနဲ့ဦးရယ် ။ ကျွန်တော်ဘာကိုမှစဉ်းစားမ
နိုင်အောင်ဖြစ်နေတယ် "
" ရပါတယ် ။ မောင်ရင့် ကျန်းမာရေးပဲဂရုစိုက် ဟုတ်
လား ။ ကဲ ကဲ မောင်ရင်လဲနားလိုက်ဦး "
ကျွန်တော် သတင်းစာယူပြီးအခန်းထဲပြန်လာခဲ့တယ်။
ရင်ထဲမှာတော့ ဝေဒနာတွေပေါင်းစုံနဲ့ပါပဲ ။ ကိုယ့်တိုင်
ဘယ်သူမှန်းမသိရတဲ့ဘဝကြီးက ရေနစ်နေတဲ့လူတစ်
ယောက်လိုအရမ်းမွန်းကြပ်ပါတယ် ။ ကြော်ငြာကိုအခါ
ခါဖတ်ပြီးပေမယ့် အမည်တွေ တစ်ခုမှမသိတာတော့
အတော်ခက်တယ် ။ ဒါနဲ့ ကြော်ငြာထဲကဖုန်းနံပတ်ကို
ကျွန်တော်နှိပ်ပြီး ဖုန်းခေါ်လိုက်တော့ တစ်ဖက်က
မိန်းမကြီးတစ်ယောက်ရဲ့ ပြန်ထူးသံကြားတယ် ..... ။
ကျွန်တော် ဟလို လို့ပြန်ပြောလိုက်တော့ -
" သား ....... သား ..... ၊ သွန်းဆက်လားဟင် " - တဲ့ ။
ကျွန်တော် ဘာကြောင့်မှန်းမသိပေမယ့် ဖုန်းပြန်ချ
လိုက်မိတယ် ။ ကျွန်တော် ဘာမှမပြောချင်တော့ဘူး။
ပြီးတော့ ဘာပြောရမှန်းလည်းမသိဘူးဖြစ်နေတယ် ။ ကျွန်တော့်အမေဆိုရင်တောင် ဘာမှမပြောချင်ပါ ။
(က။) အခုလို အ,ကာလညတွေမှာ ကျွန်တော့်နာမ
နဲ့အတူရောက်လာမယ့် ကြယ်ကြွေနတ်သမီးကိုမျှော်
နေခဲ့ဖူးတယ် ။ သူ့ရင်ဘတ်မှာ ကျွန်တော့်နာမည်ဟာ
လည်း အလင်းမင်နဲ့ထိုးထားသလို ကပ်ညှိပါလာလိမ့်
မယ် (လို့ ဟင်လင်ရဲ့ဗျာဒိတ်တော်မှာ အတိအလင်းပါ
တယ် ) ။
(ခ။) ကံ့ကော်ရွက်တွေ ခုနှစ်ထွေကကြိုးနဲ့အပြိုင်းအ
ရိုင်းမူးလဲ ။ သက်တံ့တွေကိုင်မြှောက်ပြီး မိုးခေါ်ပွဲကို
ငါရောက်လာတယ် ။ ကောင်မလေးရေ .................
မြားနတ်မောင် ကမ္ဘာဦးကတည်းကလွှတ်တင်လိုက်
တဲ့မြှားကို ကိုင်ဆောင် ။ ငါ့ကို လှောင်ပါ .... ။
(ဂ။) ငါကိုယ်တိုင် ပထမ ၊ ဒုတိယမှန်း မသိရ ။ ဘယ်
ဝေဒပညာရှင်မှ ငါ့ကာလသုံးပါးကို အတတ်မဟော
နိုင်ကြဘူး ။ အို ... မြတ်သောဖန်ဆင်းရှင် ၊ ငါ့အား
တိုင်တည်ညွှတ်တွားစရာ နာမည်လေးတစ်လုံး ပေး
သနားတော်မူပါ .... ။
(ဃ။) ငါ့ခန္ဓာပေါ် ကံ့ကော်တွေတစ်ပွင့်ချင်း တစ်ပွင့်
ချင်းစိုက်စိုက်ဆင်းလာ ... ။ သွက်သွက်ခါနေတဲ့ နာရီ
လက်တံတို့ ငိုက်မြည်း ။ တစ်လောကလုံးအတွက်
ချစ်သူ့ခြေသံဟာ တန်ခိုးကြီးခဲ့ပေါ့ ။ " အချစ် ..........."
ငါ့ရင်ဘတ်ကို ဖွင့်လှစ်ဝင်ရောက် ၊ ငါ့ မျက်ရည်တို့ကို
သင် ... သုံးသောက်တော်မူပါ ။ ထို့နောက် ငါ့အား ....
သင့်အပါးတွင် ထားပါ ။
(င။) မကြာခင် မိုးတွေရွာလာပါတော့မယ် ။ အိပ်မှုံ
စုံမွှားပွင့်လာမယ့် ကံ့ကော်တွေကို မော်ဖူးချင်သေး
တယ် ။ ကံကြမ္မာကတီးတဲ့ တယောတစ်လက် ရဲ့
ဂန္ထဝင်တေးသွားမှာ ချစ်သူ့နာမည်စာသားတွေနဲ့ပဲ
ပြည့်နှက်ခဲ့ရပါပြီ ။ သေချာပါပြီ ကျွန်တော် ဆိုတဲ့
ကောင်က " မီး " ကိုတိုးတဲ့ ပိုးဖလံမျိုးဆိုတာ ။ သေ
ချာပါပြီ မီးရယ် ။
❀ ❀ ❀
••• ငါမပျိုး၍ ၊ ငါမနမ်းလိုသောပန်းသည်
••• ငါ့အား လွမ်းစေခဲ့ပြီတည်း ... ။
❀ ❀ ❀
ကျွန်တော်နဲ့ ကံ့ကော်ခိုင်တို့ရဲ့ ဆက်ဆံရေးကတော့
ရင်းရင်းနှီးနှီးရှိပါတယ် ။ တစ်ဦးတည်းသော သမီးမို့
ကျွန်တော့်ကိုလည်း တွယ်တာတယ် ။ ကျွန်တော့်မှာ
ချစ်ရခက် ၊ မချစ်ရခက်နဲ့ သံယောဇဉ်တိုးရင်း ဒွိဟ
ယှက်ခဲ့ရပေါ့ ။ အတိတ်ဘဝက ကျွန်တော့်မှာ ချစ်သူ
ရှိသလားမသိပေမယ့် ပစ္စုန်ပ္ပန်မှာ ကံ့ကော်ခိုင် ကိုပဲ
မြတ်မြတ်နိုးနိုးနဲ့ ချစ်မိနေပါပြီ ။ ဒီအပင်နဲ့ ဒီအပင်ချင်း
ဆိုပေမယ့် အနိမ့်အမြင့်တော့ ကွာခြားလွန်းပါတယ်
ကွယ် ။
တစ်ခါ တစ်ခါ ပန်းခြံလေးထဲသွားပြီး ပန်းပင်လေးတွေ
ဆွေးနွေးဖြစ်ကြတယ် ။ ကျွန်တော့်ကို ကြည့်ပြီးပန်း
ပွင့်တွေကတော့ ခေါင်းတခါခါနဲ့ပါပဲ ။ ရူးတယ် တဲ့ ။
ကိစ္စမရှိပါဘူးကွယ် ။ သန်းခေါင်ထက်ပိုပြီး ဉာဥ့်နက်
ရလည်း ကိုယ်လိုကောင်အတွက်ဘာမှ မဆန်းကြယ်
ပါဘူးလေ ။ သူ့ကိုချစ်နေရတာကသာ တစ်နေ့ထက်
တစ်နေ့ဆန်းကြယ်နေတာပါ ။ " ကံ့ကော်ခိုင် ကို
ကျွန်တော်ချစ်တယ် " အဲဒီလိုမျိုး ပန်းပွင့်လေးတွေကို
ပြောပစ်ခဲ့တယ် ။ တစ်ခါက ...
" ရှင့်လက်ကလေးတွေပြစမ်း လက္ခဏာကြည့်မလို့ "
ဆိုပြီး ကျွန်တော့်လက်တွေယူကြည့်တယ် ။
" ရှင့်လက်တွေက အလုပ်ကြမ်းလုပ်ဖူးတဲ့ပုံမပေါ်ဘူး
နော် .... သိပ်နုတယ် " တဲ့ ။ ဂွမ်းစိုင်လိုနုညံ့တဲ့ သူ့ရဲ့
အထိအတွေ့တွေကြားမှာ သွေးခုန်နှုန်းတွေမြန်နေပြီ
ဆိုတာ သူသိလောက်ပါတယ် ။ သူ ကျွန်တော့်ကို
စိုက်ကြည့်နေတယ်လေ ။ မျဉ်းပြိုင်နှစ်ကြောင်းဟာ
အနန္တမှာဆုံဆည်းကြသလို အဓိပ္ပါယ်ကိုယ်စီပါတဲ့
မျက်ဝန်းနှစ်စုံဟာ အချိန်ကာလတစ်ခုအထိဆုံနေခဲ့
တယ် ။ သူ .... ပြေးထွက်သွားတယ် ။ ကျွန်တော် ...
ကျန်ခဲ့တယ် ။ အဲဒီဥယျာဉ်ထဲမှာ ရင်ခုန်သံတွေလွင့်
ပျံ့ခဲ့ကြမယ်ထင်ပါရဲ့ ။
မိုးတွေရွာလာခဲ့ကြပြီ ။ ကံ့ကော်ဖူးတွေလည်း အိပ်ရာ
နိုးလာခဲ့ကြပြီပေါ့ ။ အခုထိ ကြယ်ကြွေနတ်သမီးဟာ
ကျွန်တော့်နာမကို ရင်ဘတ်မှာကပ်လို့ ဆင်းမလာ
သေးပါဘူး ။ ဒါပေမယ့် ရာသီဥတုသာယာတဲ့နေ့တစ်
နေ့မှာ ကံ့ကော်ပင်အောက်ကို ကျွန်တော်ရောက်သွား
တယ် ။ နီးရာအကိုင်းကို ဆွဲယူပြီးတစ်ပွင့်လောက်ခူး
လိုက်ချင်ပေမယ့် မခူးရက်ခဲ့ပါဘူး ။ ကံ့ကော်ပွင့်တွေ
ကို စကားတွေအများကြီးပြောပြခဲ့တယ် ။ ကံ့ကော်ခိုင်
ကိုဘယ်လောက်ချစ်မိတဲ့အကြောင်း ၊ မြတ်နိုးတဲ့အ
ကြောင်းတွေ ဝေဆာလို့ပါပဲ ။ အဲဒီအချိန် ခစ်ကနဲရယ်
သံလွင်လွင်လေးကြားလိုက်ရလို့ လှည့်ကြည့်လိုက်မိ
တော့ နှုတ်ခမ်းကိုလက်နဲ့အုပ်ပြီး သူမ ရယ်နေတယ်။
ပြီးတော့ ... ရှက်ပြီးထွက်ပြေးတော့မလိုလုပ်နေတုန်း
သူ့လက်ကလေးကိုဆွဲပြီး " ကိုယ်ပြောနေတာတွေကို
မင်းကြားသွားသေးလား " လို့မေးတော့ ခေါင်းငြိမ့်ပြ
တယ် ။ ချစ်စရာကောင်းလိုက်တာ လူမလေးရယ် ။
သူ .... ဒုတိယအကြိမ်မြောက် ပြေးထွက်သွားပြန်ရဲ့။
သီချင်းထဲကလို " ရင်ခွင်မှာလာနေပါနော် .... ဪ
မီး ရယ် ... " လို့ပဲ ညည်းလိုက်ချင်ပါတယ် ။
❀ ❀ ❀
••• ဒုတိယကောင်းကင်တမန်သည်
••• တံပိုးမှုတ်သောအခါ
••• မီးလောင်သော တောင်ကြီးကို
••• ပင်လယ်ထဲသို့ ချလိုက်သကဲ့သို့ဖြစ်၍
••• ပင်လယ်သုံးစု တစ်စုသည်
••• အသွေးဖြစ်၏ ... ။ (ဗျာဒိတ်ကျမ်း)
❀ ❀ ❀
ကျွန်တော့်ခန္ဓာလို့ထင်ရတဲ့ အရာကြီးဟာ အသူရာ
ချောက်ထဲပြုတ်ကျနေသလိုခံစားရတယ် ။ နားထဲမှာ
ကြားနေရတဲ့အသံတွေကလဲ နီးသွားလိုက် ဝေးသွား
လိုက်နဲ့ ဝေဝါးလို့ပါပဲ။ ပတ်ဝန်းကြီးတစ်ခုလုံးမှာဆေး
ရောင်စုံတွေမြင်နေရတယ် ။ အိုး ........... ကျွန်တော်
Modern Art လို့ခေါ်တဲ့ စိတ္တဇပန်းချီကားတစ်ချပ်ထဲ
ရောက်နေတာလား ။ ဦးခေါင်းတစ်ခုလုံးကလည်း
မြင်းရိုင်းတစ်အုပ်ဖြတ်ပြေးသွားသလို နာကျင်ကိုက်ခဲ
နေတယ် ။ ရေ ဆာ တယ် .... ရေ ဆာ တယ် .... ။
ကျွန်တော်လန့်နိုးတော့ မနက် ၁ နာရီထိုးနေပြီ ။
ကျွန်တော်အရာအားလုံးကို အိမ်မက်ကနေဆွဲခေါ်
လာနိုင်ခဲ့ပြီ ။ ကျွန်တော့်အတိတ်ကို ရှာဖွေတွေ့ရှိခဲ့
ပြီ ။ ကျွန်တော် ပြန်သတိရလာပြီလေ ။
ဒါ .... ဒါဆိုရင် ကျွန်တော့်ချစ်သူ " ရူပါလင်း "
တစ်ယောက်တော့ ....
" ဟင့်အင်း ... မဖြစ်ရဘူး ။ ဒါလုံးဝမဖြစ်ရဘူး "
❀ ❀ ❀
ဒီနေ့ ကျွန်တော့်စိတ်တွေအရမ်းလှုပ်ရှားနေတယ် ။
ဘာလို့လဲဆိုတော့ ကျွန်တော့်ချစ်သူ " ရူပါလင်း "က
ဒီနေ့ နေ့လည်လောက် သူ့ကိုလာခိုးဖို့ပြောထားတယ်
လေ ။ ညဘက်မှာသွားခိုးရင် ရိပ်မိနိုင်မှာစိုးလို့ နေ့ခင်း
ဘက်မှာလာခိုးပါတဲ့ ။ စောင့်နေမယ်တဲ့ ။ ဟင်း ဟင်း
တော်တော်စိတ်ကူးကောင်းတဲ့ ကောင်မလေး ။ ဒါ
ကြောင့် ကျွန်တော်အရမ်းချစ်နေရတာပေါ့ ။
အကြောင်းကတော့ " ရူပါလင်း " ကို သူ့မိဘတွေက
သူတို့သဘောတူတဲ့သူနဲ့ စေ့စပ်ကြောင်းလမ်းတော့
မှာဖြစ်ပါတယ် ။ ဒါကြောင့် ကျွန်တော်တို့ အခုလိုမျိုး
စွန့်စားကြတာပေါ့ ။ သူက သူ့သူငယ်ချင်းရဲ့ဖန်စီ
ဆိုင်မှာ ဒီနေ့နေ့လည် စောင့်နေမယ်လို့ ပြောထား
တယ် ။ ဒါနဲ့ ကျွန်တော့် Graphic Design ဆိုင်လေး
ကို ဝန်ထမ်းတွေနဲ့ထားခဲ့ပြီး ထွက်လာခဲ့တယ် ။ နွေရဲ့
နေဟာပြင်းပေမယ့် ချစ်သူလေးကိုပိုင်ဆိုင်ရမယ့်အ
ရေးတွေးပြီး မပူလောင်နိုင်တဲ့ကျွန်တော်ရယ်လေ ...။
ကာလအတန်ကြာမက်ခဲ့ရတဲ့ အိမ်မက်တွေတကယ်
ဖြစ်လာတော့မှာမို့ ခြေလှမ်းတိုင်းဟာ တက်ကြွလို့. ။
နွေရာသီမပြောနဲ့ " လင်း " ရယ် မီးခင်းလမ်းကိုဖြတ်
ရစေဦးတော့ ချစ်သူ " လင်း " ခေါ်ရင်ပျော်ပျော်ကြီး
လာမှာပေါ့ကွယ် ။
တက္ကစီတစ်စီးကိုတားပြီး လှည်းတန်းဘက်ငှါးလာခဲ့
တယ် ။ စိတ်ကူးထဲမှာတော့ လပြည့်ညတွေဟာလဲ
ပန်းရနံ့တလူလူဝေလို့ပေါ့ ။ အစိမ်း ၊ အဝါ ၊ ပြီးတော့
အနီ ။ တောက် !!! မီးပွိုင့်မိသွားပြီကွာ ... ။ ဒါပေမယ့်
တစ်ဖက်လမ်းကြောကိုကွေ့ရမှာဆိုတော့ ပိုက်ဆံရှင်း
ပေးပြီး ကားပေါ်ကဆင်း ၊ တစ်ဖက်လမ်းကြောကိုကူး
ရတယ် ။ မတတ်နိုင်ဘူး ။ ကားတွေပိတ်ရင်အနည်း
ဆုံးနာရီဝက်လောက်ကြာဦးမှာဆိုတော့ ဒီလောက်....
အဖိုးတန်တဲ့အချိန်တွေအကုန်မခံနိုင်ဘူး ။ လမ်းလယ်
ရောက်နေတုန်း ကားတွေကအရှိန်နဲ့လာနေတာမို့လို့
ရပ်စောင့်နေရသေးတယ် ။ အဲဒီအချိန်မှာ တစ်ဖက်က
ဆော်အလန်းစားလေးတစ်ပွေက သူ့ပိုက်ဆံအိတ်ထဲ
ငုံ့ပြီးတစ်ခုခုရှာနေရင်းလမ်းကူးလာတယ် ။ ကားတွေ
ကလည်းအရှိန်နဲ့လာနေတာဆိုတော့ ငါမကယ်ရင် ၊
သေဖွယ်ရာသာရှိတော့တယ်ဆိုပြီး ကျွန်တော်သူမကို
ပြေးပွေ့ပြီးခုန်လိုက်တယ် ။ ပါးစပ်ကလည်း ...
" ကားတိုက်ပြီးသေရင် အလောင်းမလှ .... "
စကားတောင်ဆုံးအောင်မပြောလိုက်ရဘူး ခေါင်းကို
တစ်ခုခုနဲ့ဝင့်ဆောင့်မိသွားတဲ့အချိန်မှာပဲ ကျွန်တော့်
အသိစိတ်တွေဟာ ... ဟိုး .... အ မိုက် တိုက် ကြီး ထဲ
တ လှပ် လှပ် လွင့် မျော သွား ....... ။ သွားပြီ ..... ။
❀ ❀ ❀
ကျွန်တော်ပြန်လည်ရရှိလိုက်တဲ့ဘဝဟာ ဇာတ်လမ်း
တွေထဲကလို အကောင်းစားကြီးမဟုတ်သလို ၊ အဆိုး
ရွားကြီးလည်းမဟုတ်ပါဘူး ။ ကျွန်တော့်နာမည် .......
သွန်းဆက်အိမ် ။ အလုပ်က Graphic Designer ...။
ချစ်သူတစ်ယောက် ပိုင်ဆိုင်ထားတဲ့အပြင် ပျော်စရာ
ကောင်းတဲ့အသိုင်းအဝိုင်းလေးတစ်ခုကို ပိုင်ဆိုင်ခဲ့ဖူး
တယ် ။ ကျွန်တော်အက်ဆီးဒင့်ဖြစ်သွားတဲ့နေ့မှာ သူ
စေ့စပ်လိုက်ရပြီထင်တယ် ။ ဒါမှမဟုတ် ကျွန်တော့်ကို
နာကျည်းသွားပြီထင်ပါရဲ့ ။ အခု ကျွန်တော်ဘာလုပ်ရ
မှာလဲ ...။ ပြီးတော့ ... ဘာလုပ်သင့်သလဲ ။
မနက် ၃ နာရီထိုးလုပြီ ။ ကျွန်တော့်ပစ္စည်းအနည်း
ငယ်ကိုအိတ်ထဲထည့်ပြီး စာတစ်စောင်အမြန်ဆုံးရေး
လိုက်တယ် ။ ကိုယ်သွားတော့မယ် ကံ့ကော်ခိုင် .... ။
ခြံတံခါးဖွင့်ပြီး ကျွန်တော်တိတ်တိတ်လေးထွက်လာ
ခဲ့တယ် ။ အငှါးကားတစ်စီးငှါးပြီး ပန်းဆိုးတန်းဘက်
မှာနေတဲ့ လင်းသုတရဲ့တိုက်ခန်းကိုသွားတယ် ။အိပ်
မှုန်စုံမွှားနဲ့တံခါးထဖွင့်ပြီး ကျွန်တော့်ကိုတွေ့တော့ ဒီ
ကောင်တစ္ဆေ သရဲနဲ့တွေသူလိုဖြစ်သွားလေရဲ့ ။ ပြီး
တော့ ကျွန်တော်ဖြစ်ပုံတွေကို အတင်းမေးတော့တာ
ပဲ ။ ကျွန်တော့်အဖြစ်အပျက်တွေကို နားထောင်ပြီး ...
" မင်းဇာတ်လမ်းကြီးက မြန်မာရုပ်ရှင်တွေကြည့်နေရ
တဲ့အတိုင်းပဲ "
" ဒါနဲ့ လင်းတို့ကိစ္စကဘယ်လိုဖြစ်သွားလဲ ငသု "
" ဟင်း ..... အဲဒီနောက်နေ့မှာပဲ ရူပါလင်းစေ့စပ်လိုက်
ရတယ် သွန်းဆက် ။ မင်းရှောင်သွားတယ်ထင်ပြီး သူ
မင်းကိုနာကျည်းသွားပြီ ။ အဲဒီပွဲကိုငါရောက်သွားသေး
တယ် "
ကျွန်တော့်နှလုံးသားဟာ မှန်တစ်ချပ်ရိုက်ခွဲခံလိုက်ရ
ခွမ်းကနဲ .... ။ မှန်ကွဲစတွေဟာ မျက်ရည်အဖြစ်နဲ့အ
ရည်ပျော်ဆင်းလာ ... ။ ပါးပေါ်မှာ ရေခဲမြစ်တစ်ခု ။
တစ်စုံတစ်ရာကို လာလုသွားတယ် ။ ကျွန်တော် ....
ကြေကွဲနေတယ် ။ ကျွန်တော့်ရင်ထဲမှာ တိမ်တွေညို့
တယ် ၊ လျှပ်စီးတွေဝင်းလဲ့ပေါက်ကွဲ ၊ မိုးခြိမ်းသံတွေ
အလဲအကွဲနဲ့ ၊ မိုးမည်းတွေရွာနေတယ် ။ ဒါပေမယ့်
အခါးတွေ .... ။ ကျွန်တော့်ကံကြမ္မာဟာ အခါးတွေ ။
❀ ❀ ❀
••• သတိရခြင်းမြို့ရိုးပေါ်
••• သင့်နာမည်ကို ငါခေါ်တယ်
••• သင် မကြားနိုင်ရင်တောင် ၊
••• သင် ကြားရပါလိမ့်မယ် ။
❀ ❀ ❀
မကြာမီ ဆောင်းဦးပေါက်ပါတော့မယ် ။ ကျွန်တော်
" လင်း " ကိုမေ့ဖို့ကြိုးစားတိုင်း " ခိုင့် " ကိုလွမ်းမိနေ
တယ် ။ ကြာလေ ညှာကြွေညောင်းလာတဲ့ အသည်း
ပန်းပွင့်ဦးရဲ့နေရာမှာ ကံ့ကော်တစ်ပွင့်ဟာ တစတစ
နေရာယူလာခဲ့ပါပြီ ။ ကျွန်တော့်ခိုင်တို့အိမ်ဘက်ကိုမ
သွားဖြစ်ခဲ့ပါဘူး ။ ဒါပေမယ့် လွမ်းတယ်ခိုင်ရယ် ။ ခိုင့်
ကိုလွမ်းတဲ့ဝေဒနာကိုကုစားဖို့ အလုပ်တွေပဲဖိလုပ်ခဲ့
မိတယ် ။
" တီ တီ တီ ... တီ "
" ဟလို ... "
" ဟလို ... ကိုသွန်းဆက်အိမ်ပါလား "
" ဟုတ်ကဲ့ "
" အလုပ်တစ်ခုအပ်ချင်လို့ပါရှင့် ... "
" ဪ ... ရပါတယ် ။ ပြောပါဗျ "
" ပုံဆွဲခိုင်းမလို့တော့မဟုတ်ဘူးရှင့် ။ တခါတုန်းက
ပန်းခြံလေးထဲမှာ ပန်းပွင့်လေးတွေကိုရည်းစားစကား
ပြောခဲ့သူအတွက် ပန်းလေးတစ်ပွင့်ကအဖြေပေးချင်
တဲ့ကစ္စပါ "
" ခိုင် ...။ ခိုင်မဟုတ်လားဟင် ။ ကိုယ်ခိုင့်ကိုလွမ်းနေ
တာ .... "
" မီးလဲ ရှင့်ကိုလွမ်းနေပါတယ် ရှင်ရယ် .... "
" အဖြေပေးမယ်ဆို .... အခုပေးလေ ခိုင် "
" ဟွန်း ... သိဘူး ။ အတိတ်မေ့သွားပြီ ခစ်ခစ် "
" ဪ ... ခိုင်ရယ် ၊ အတိတ်မေ့သူ့ကို ..."
" ဘာဖြစ်လဲ "
" အိပ်မွေ့ချပြီး ကုပေးမယ် "
" ဘာ !!!!!!!!!!!!!! "
❀ ❀ ❀
လေးစားစွာဖြင့်....
မင်းခသူ