မနက်ဖြန်တိုင်း ကောင်းကင်ကြီးအမြဲငုံ့ကြည့်နေမှာက
ဒီနေ့ သူမ ... ဘာပန်းတွေပန်ထားသလဲဆိုတာကိုပဲ ။
မိုးမြေသိမ့်တုန် ၊ နှလုံးခုန်သံတွေ ခြိမ့်ခြိမ့်သဲ
သဘောတူရင် ၊ ခင်ဗျားတို့ရင်ထဲကပန်းတွေ
မပွင့် ပွင့်အောင်ဆွဲဖွင့်လိုက်ကြ ၊ သူမလာပြီ
ခင်ဗျားတို့အိမ်မက်ထဲမှာ တေဇောဓာတ်လို
လောင်ကျွမ်းခဲ့ဖူးတဲ့ ဗိုလ်တေဇရဲ့ DNA ထဲက
ခင်ဗျားတို့သွေးကြောထဲမှာ အမြဲနီတဲ့သွေးနီဥလို
စီးဆင်းပြေးလွှားနေတဲ့ သံမဏီနှင်းဆီရဲ့ ဆဲလ်ထဲက
ခင်ဗျားတို့ရွတ်နေတဲ့ဘုရားစာပြီးရင်
အမြဲလိုလိုရွတ်ဖတ်သရဇ္ဈာယ်နေရမယ့် တရား
အဲဒီ တရားတစ်ဝက် ၊ ဓားတစ်ဝက်လူသားရဲ့
ဝိဉာဉ်ထဲကနေ ... သူမ လာနေတယ် ။
အလင်းတွေ လမ်းတဆုံးလျှံကျလို့
ဒီလှေပေါ်ကို လိုက်လိုက ၊ လိုက်ခဲ့
တက်ကျိုးရင် လက်ထိုးလှော်လှော် နံရိုးနဲ့လှော်လှော်
အဲဒါသူ့ကိစ္စဖြစ်တယ်ဆိုပြီး သူမကခေါ်တယ်
ကျေးဇူးပြုပြီး တက်ကိုတော့မချိုးဖို့ဆိုတယ်
အစုန်အဆန်မှာ ၊ ပုန်ကန်တာတွေရပ်လိုက်
သူမရပ်နေတာက မီးလောင်နေတဲ့ကမ္ဘာ
သူမချနင်းထားတာက သူမကိုယ်ရေးကိုယ်တာများ
ကြောက်ရွံ့မှုတွေကို ကျောက်ချထားခဲ့ကာ
ကျွန်တွေကိုကယ်ဖို့ ကမ်းကခွာတယ်
အနော်မာ ၊ ဧရာဝတီ ...
အောင်မြင်ဆန်းပြားမှုတွေစုလို့ကြည်လင်ပေါ့
ဒီလိုမွှေးတဲ့နှင်းဆီတွေပွင့်ဖို့ သန်းခေါင်ယံတွေမှာ
ဘယ်လောက်တောင် ပါရမီဖြည့်ခဲ့ရတယ်ထင်လဲ ။
မီးပုံထဲကတိုးထွက်လာတဲ့ ဖီးနစ်ငှက်လို
ချိုးဖြူငှက်တွေ အမြင့်မားဆုံးပျံတက်ကြ
အနက်ရောင်စန္ဒရားအဖုံးကို သူမဖွင့်လိုက်ပြီ
မဟာကပ်ကမ္ဘာကြီးတစ်ခုလုံးဆာလောင်နေတဲ့ ဂီတကို
သူမ တီးခတ်တော့မယ် ၊ ဟော ... တီးခတ်နေတယ်
လိပ်ပြာလုံရင် ရှေ့ကိုလာနိုင်သမျှလာပါ
လိပ်ပြာမလုံရင် နောက်ကိုဆုတ်ချင်သလောက်ဆုတ်ပါ
ဘာပဲဖြစ်ဖြစ် ၊ အဲဒီနတ်သမီးသီချင်းကိုတော့
ငရဲတွင်းထဲနေတောင် ခင်ဗျားကြားရမှာဖြစ်တယ် ။
နှုတ်ခမ်းကို နှုတ်ခမ်းနီဆိုးထားတဲ့ ဇာမဏီနှင်းဆီက
အနမ်းတွေအားလုံး နှင်းတွေဆီကိုခေါ်ဆောင်ဖို့
ဆယ့်တစ်မီးကို ရင်ဘတ်ထဲပစ်ထည့်ထားတာ
သိလား ... သူ့ခမည်းတော်လို
ဆာစတပ်ဖို့ဒ်ကလပ်စ်ရဲ့ အိပ်ကပ်ထဲကဘောပင်ကို
ဟောဒီရာစုနှစ်တွေမှာလည်း ပြန်လုယူနေရတာ
သိလား ... သွေးသားအရင်းအချာတွေစွန့်ခွာပြီး
သွေးမတော် သားမစပ် သန်းပေါင်း ၆ဝ နီးပါးကို
သူရင်ခွင်ထဲမှာ နန်းတင်ထားရတာ
ဒီဇာမဏီနှင်းဆီဟာ ...
သူ့ကိုယုံရင် ဘယ်တော့မှစုံလုံးမကန်းတဲ့
ဘုရားသမီးတော်ဖြစ်ပြီး
သူ့ကိုယုံရင် ဘယ်တော့မှစုံလုံးမကန်းတဲ့
သားတွေ သမီးတွေရဲ့ အမေပဲ
သူ့ကိုယုံရင် ဘယ်တော့မှစုံလုံးမကန်းတဲ့
ဘိုးဘွားပိုင်အမွေ/မြေရဲ့ ရွှေပဲ ။
ဒီရွှေက ငရဲမီးနဲ့အစားခံရ ၊ ဖယောင်းနဲ့အတိုက်ခံရ
သူမချစ်ခြင်းမေတ္တာကို ဘယ်တော့မှအရောင်မကျစေခဲ့
သူမဦးခေါင်းကို ဘယ်တော့မှမတိမ်းညွှတ်စေခဲ့ဘူး
မုန်တိုင်းအလယ်ကို ငါတို့ရောက်သွားတော့
ဒီကြယ်ကလေးတစ်လုံးပဲ ငါတို့မြင်လိုက်ရ
သန်းခေါင်ထက်နက်တဲ့ ညတွေမှာလည်း
ဒီအလင်းကလေးထဲမှာပဲ ငါတို့ကဗျာရေးကြ
ဒီလမ်းကလေးထဲပဲ ငါတို့လျှောက်ကြတယ်ဆိုတာလည်း
ဒေါင်းအလံလေး တလူလူလွှင့်နေလို့ပါပဲ
အဲဒီအလံရဲ့ ကောင်းကင်ယံမှာ
ဇာမဏီငှက်ကလေး ပျံတယ် ။
တစ်ထောင့်တစ်ညပုံပြင်ထက်ပိုရှည်လျားခဲ့
အခန်းတိုင်း အခန်းတိုင်းမှာ သွေးစွန်းနေတဲ့ဇာတ်လမ်း
ခေတ်အဆက်ဆက်အလုံးစုံကန်းခဲ့ကြဖူးတယ်
ဒီတော့ ...
ရွှေမင်းသမီးနဲ့ စောင်းသမားပုံပြင်ကို
ငါတို့ပြောင်း နားထောင်တယ်
သယံဇာတပေါတယ် ၊ ပြစရာမရှိ
ပညာရေးကောင်းတယ် ၊ ဟိုရှေးရှေးတုန်းက
တောတောင်စိမ်းစိုတယ် ၊ သမိုင်းစာအုပ်ထဲမှာ
ဒီမြေ ဒီရေက ရောဂါပေါင်းစုံနဲ့ နာဖျား
ရှိသမျှ လက်ဝတ်လက်စားတွေအကုန်ချွတ်ယူခံရ
မျက်ရည်ပူကလေးတွေချန်ခဲ့/ကျန်ခဲ့ ၊ အခု
မျက်ရည်သုတ်ဖို့ သူမရောက်လာပြီ ။
ဒါပေမယ့် ၊ မြေခွေးတွေနဲ့ စပျစ်သီးတွေကို
ငါတို့ မမေ့ ၊ ကကြီး ခခွေးလို ငါတို့ မမေ့ကြ
အနီရောင်လမ်းမကြီးတွေကို ငါတို့မမေ့ကြ
ထောင်တံတိုင်းထဲက အရိုးတွန်သံတွေကို
ငါတို့ မမေ့ ၊ သားချော့တေးလို ငါတို့ မမေ့ကြ
သက္ကရာဇ်ကိန်းဂဏန်းတွေကို ငါတို့ မမေ့ကြ
မြောက်လေသွေးတိုင်းမွှေးမြတဲ့ ယမ်းနံ့တွေ
ငါတို့ မမေ့ ၊ သေပန်းနံ့တွေလို ငါတို့ မမေ့ကြ
မေ့မရတဲ့ ကျိန်စာတွေကို ရွှေရည်စိမ်ဖို့
ငါတို့နှလုံးအိမ်ထဲ သူမရောက်လာပြီ ။
ခေတ်ဟောင်း ၊ ခေတ်သစ်ပုံပြင်တိုင်း
ရွှေမင်းသမီးနဲ့ စောင်းသမား
ပေါင်းဖက်ကြလေသတည်း
ပေါင်းဖက်ကြစေသတည်း ။
မင်းခသူ