နှင်းရာသီ ​ကောင်​မ​လေးသို့....


       
              ( ၁ )
ကျွန်တော့် ဘောပင်လေးတွေဟာ
မျက်ရည်စီးသံ နာခံတတ်တဲ့
ကဗျာ ပန်းခက်ကလေးတွေပေါ့
တစ်ခါ တစ်ခါ သူတို့ဟာ....
အလင်္ကာတွေ ပျိုးတတ်တဲ့
မာယာငှက်လေးလဲ ဖြစ်တယ်....။

သူမကြောင့် လို့မဆိုချင်
နယ်နှင်ဒဏ်ပေးသူကြီးကား
ဘယ်ရင်ခွင် ရပ်ခြားမှာ...
ခိုနားနေသလဲ ထိပ်ထားရေ....


ညိုမှိုင်း ရီဝေ...
တံတိုင်းနီ နန်းတော်
မန္တလာ လမ်းများပေါ်က
ဆောင်း၏ မျက်ရည်တေးသွား
ငါ...နာခံသင့်ပါသလား ထိပ်ထားရယ် ။

ခရေပင်ကြီးမှာတော့
အခုထိရနံ့ဝေမြနေဆဲ
သူကြဲတဲ့ ပန်းအလင်္ကာ
လူသင်းကွဲတို့ နာခံပါ...တဲ့ ။

                 ( ၂ )

လမ်းမလျှောက်ပါပဲနဲ့
လမ်းပျောက်ခဲ့ချိန်တွေဟာ
နှင်းပျောက်တဲ့ နွေရာသီပမာ
ဘဝဟာ...ကုဋေကုဋာ ပူတယ်
( ဒါပေမယ့်...)
အယူခံဝင်ခွင့်မရှိ.....။

ကိုယ်တိုင် မသိလိုက်ပေမယ့်
ချစ်သူ့ နှုတ်ခမ်းအိအိလေးမှာ
ဘာကြောင့်များ...
တစ်ဘဝစာ...မှောင်သွားခဲ့ပါလိမ့်...

ကိုယ်ထင်ပါတယ်....
နှင်းဆီတွေ စိမ်းတတ်နေမှန်း
သူ့ နှုတ်ခမ်းတွေက သက်သေ
ကိုယ်...ခေါင်းငုံ့နေလိုက်ပါမယ် ။

နာကျင်စွာ သတိရနေကြောင်း
စာလုံးပေါင်း ပြပေးမယ့်...
ကိုယ့်ရဲ့ ကဗျာမမည်သောကဗျာ
ကမ္ဘာမှာ လွင့်ပျံ့စေကွယ်....။

                ( ၃ )

တိမ်တွေ ပြိုသံနဲ့
ခရေတွေ ငိုသံ...
စေတန် လေးညှို့ထဲမှာမှ
နှင်းတို့က တရကြမ်း...
ရင်ကို ဖြန်းစမ်းပါစေ...

သင်လို....
ပန်းတစ်ဝက် ဓားတစ်လက်ကောင်မလေး
ငါ့နှလုံးသားပေါ်မှာ ဘဝကိုတင်သွေးပါ...
သင့်ကိုယ်သင်....ရှင်းသန့်စေပါ....

ငါလို...ဆောင်းတစ်ကောင်ကလဲ
အသိုက်ပြောင်းဖို့ မစဉ်းစားရဲဘူး
ခွာညိုပန်းဦး.....ရာသီမကူးချင်
ယစ်မူးချင်နေတုန်း.....။

ကိုယ့်ရဲ့ အနန္တဆွေးမြေ့ခြင်းကို
အဝေးဆုံးထိ ပဲ့တင်ပါစေ....
ရင်ခုန်သံ ယဲ့ယဲ့ အား...
သဲ့သဲ့ သူကြားစေသား....။

                 ( ၄ )

သူမက... သင်္ချာသမား
ပေါင်း...နှုတ်...မြှောက်...စား
နှလုံးသား အဆုံးအဖြတ်မှာ
သုညတစ်လုံးသာ ထားခဲ့သူ
ကြည်ဖြူ ပေးလိုက်ပါမယ်...။

မဟာဂီတ ဆန်တဲ့
သူမရယ်သံလေးတွေကို
ညယံမှာ ပြန်ပြန်ကြားတယ်
ထိပ်ထားရယ်....။

ငါ့ရဲ့ နေလို လလိုကောင်မလေး
ဘယ်လို အသင်္ချေဝေးစေတော့
နှင်းတွေ တစ်ကျော့ပြန်လာချိန်မှာ
သတိရခြင်းများနဲ့ ငါ့ကိုခေါ်ပါ.....

စွယ်တော်တစ်ဖက် နဲ့
စွယ်တော်တစ်ဖက် ဟာ
သံသရာတစ်ဝက်လောက် ဝေးခဲ့ပြီလား
ကျောခိုင်းမထားပါနဲ့ ကောင်မလေး
အတိတ်တွေ ဆေးခြယ်တိုင်းမှာ
ကိုယ်လဲ နာကျင်ရတယ်...ကွယ် ။

                  ( ၅ )

ပြာရီ နှင်းစက်တွေနဲ့
ကိုယ့်ညတွေ မလင်းချင်ခဲ့
သင်းကွဲငှက်ရဲ့ အိမ်မက်ဟာလဲ
သင်းကွဲနေခဲ့တာ...ကြာပြီ.....။

ကောင်မလေးရယ်...
ရင့်နင့်ကဗျာ ဆောင်းရာသီရဲ့
မျက်ရည်တစ်စက်နဲ့ ရေးဖွဲ့လို့
မျက်ဖြေတေးတို့ နားဆင်ပါ
အဲဒီမှာ....
ကိုယ့် နေဝင်ခြင်းတို့ မြင်ပါစေ ။

မမှောင်ပဲ မိုက်....
မနမ်းပဲ ရှိုက်ခဲ့လို့
မင်းရဲ့အရိပ်တစ်ချို့နဲ့
ကိုယ့်ကို လင်း စေပါ....

ချစ်သော...ထိပ်ထား
သိစေသားကွယ်...တောင်းဆုရွယ်ရင်း
နှင်းခရာသီရဲ့...ကိုယ့်မနက်ခင်းတွေအား
တံခါးလာဖွင့်ပေးပါလားကွယ်.....။ ။

မင်းခသူ (ကဗျာ Diary) 28 . 6 . 2014 / Sat

°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°*°