မြနန္ဒာ သို့.....( ၇ )
မီးတောက်များ တဖွားဖွားလွင့်ဝေည
ဆောင်းနှင်းဝေဝါး လမ်းမ များနဲ့
အဆောင်ရှေ့က ဂစ်တာသံသဲ့သဲ့
အသက်မဲ့လို့ နေလေရဲ့ကွယ်....။
မြလေးပန်းတို့ ညှိုးခြောက်ကြွေ
ခွာညိုဝေမယ့် ရာသီတွေကို
တိမ်ပြိုမျက်ဝန်းနဲ့ စောင့်စား
ငါကား...မှောင်မိုက်သွားခဲ့ပြီ ။
ချစ်သူရေ....
ခေါင်းလောင်းသံ စိမ်းစိမ်းအောက်မှာ
ငါတို့ ကျောင်းတော်ကြီးဟာ...
ဆောင်းရာသီ ရင်ခွင်ဖွင့်လှစ်
မင်းကို ကြိုလင့်နေ ရှာရော့မယ်...
နှင်းပုလဲ သင်းကြဲတဲ့ဟေမန်
အလွမ်းငွေ့ထန် အိမ်မက်တို့နဲ့
တိမ်တစ်ရိပ်မှာငါခို....
ရင်ခုန်သံတို့ ငိုနေရောပေါ့....။
ထိတိုင်းရှတတ်တဲ့နှလုံးသား
မင်းနှုတ်ဖျားတို့ အေးခဲနေမှာ
တစ်ခါတစ်ခါ ငါတွေးမိတယ်
နွေးထွေးပါစေ ချစ်သူရေ....။
ဆောင်းကြိုမနက်ခင်းတွေမှာ
ကျောင်းတော်တံခါးကြီးဟာလည်း
တိတ်ဆိတ် ငြိမ်သက်....
လျောင်းစက်နေမြဲ....ငိုနေဆဲ...။
မင်းမပါသော အိမ်ပြန်ချိန်များမှာ
နှင်းတွေဟာ သည်းသည်းမည်းမည်း
ကြယ်ပြာတွေ အေးခဲနေတော့တယ်
ဒါပေမယ့်....ချစ်သူရယ်.....
မနမ်းရက်တဲ့ ကမ်းလက်တွေနဲ့
ဒီပန်းကို လှမ်းမိတယ်ဆိုတာ...
မညှိုးနွမ်းစေချင်တဲ့အကြောင်း
စမ်းချောင်းကလေးတွေ သိတယ် ။
ခေါင်းလောင်းသံ ကြားမိတိုင်း
ငါ့ရင်ဟာ လှိုင်းထန်ခဲ့ရသလို
မျက်ရည်ရစ်သိုင်း....
အရူးတစ်ပိုင်း ဖြစ်ခဲ့တာလဲကြာပြီ...
ဘယ်လိုရာသီမျိုးတွေက
မင်းပြန်လာချိန်များစွာကို
မပေးသနားခဲ့တာလဲ ချစ်သူ
မကြည်ဖြူနိုင်တော့ပြီလား...။
ပြန်...လာ...ပါ...ပြန်လာပါ လို့
အခါခါရော်ရမ်း မြည်တမ်း
နေညိုညိုလမ်းတွေထက်မှာ
တိုးတိတ်စွာ ငါသက်ကြွေ...
နွေ....မိုး....ဆောင်း....
ရွက်ဟောင်းလဲကြွေ ၊ မိုးစက်ဝေ...
နှင်းပုလဲတို့ စေ တဲ့နေရာ
မမောတမ်းရှာဖွေနေဆဲပါပဲ....။
ဟော.....
ကြယ်တွေပြောပြနေတဲ့
ငါတို့နှစ်ယောက်ရဲ့ ဒဏ္ဏာရီ
ကျောင်းတော်ကြီးဟာ ကြားသွားပြီ ။
ထိတ်လန့်ဖွယ် ညနက်တွေမှာ
အိမ်မက်ရှည် ခြောက်လှန့်တဲ့အခါ
သိလား.... ငါဟာ
ငါ့ကိုယ်ငါမပိုင်တဲ့ သတ္တဝါလေးပါပဲ...။
မာယာတွေ တောက်စားနေသော
လွမ်းမောခြင်းရာသီတွေရယ်...
သူ ဘယ်မှာလဲ ဆိုတာ
ငါ့ကို ပြောပါ.....။
ဟောဒီ သဇင်ပန်းရနံ့တွေက
အလွမ်းတွေသင်းပျံ့စေသလား
ဖြေပါ......ဟေမာန်......
မင်းကို တမ်းတမိပြန်တယ်....
ငါနဲ့ ငါအကြား....
သောကပွားခဲ့ချိန်မှာ
အဲဒီ အေးခဲအပြုံးတွေဟာ
ငါ့ကို လှောင်ရယ်....
ကောင်မလေးရယ်....
ဒီလို မှောင်ပျညနက်
ဘယ်ရင်ခွင် နန်းထက်မှာမှ
စက်ပျော်နေသလဲကွယ်....
နေညိုတိုင်း လွမ်းတယ်
တိမ်သလ္လာတံတိုင်းတွေတစ်ဖက်က
သက်တံ့တွေမှာ မင်းမရှိခဲ့
သင်းကွဲငှက်တို့ ငို နေလေရဲ့....။
ကျောင်းတော်ကြီးဟာ....
ခေါ်သံတွေနဲ့ ကွဲအက်
ငါလဲ တိတ်ဆိတ်ငြိမ်သက်
လွမ်းနေလျက်ပါပဲ...ကွယ် ။
အနန္တတို့ တစ်ဖက်မှာ
ဘာကြောင့် လရောင်စိမ်းခဲ့ပါသလဲ
လွတ်ငြိမ်းခြင်းတို့ရဲ့ နေရာ...
ငါ့ကို ခေါ်ပါ ချစ်သူ....။
ဒိုင်ယာရီ ထဲကဆောင်း
ဘယ်လို ဟောင်းနွမ်းခြင်းကမှ
ငါ့ကို...ပြာမကျစေခဲ့ဘူး
ဒါကြောင့်....ငါရူးတယ်....။
နှင်းဆီတွေကလဲ မေးနေတယ်
ခရေတွေကလဲ မွှေးနေတယ်....
မင်းပြန်အလာ ကြိုမယ်ဆိုပြီး
ဆောင်းဟာငိုညည်းနေရဲ့...ကွယ် ။
ကြင်နာ မြတ်နိုး
ငါပျိုးခဲ့တဲ့ စံပယ်ပန်း
ဘယ်လိုစမ်းတွေ အေးကြလည်း
မင်းလာမှ မွှေးမြမယ်ဆိုပဲ....
မနမ်းဖူးပါပဲနဲ့ကွယ်...
အဲဒီပန်းရနံ့တွေကို
တန်ဖိုးထားတတ်နေပြီ
တစ်ခါတစ်ခါ ထုံအီမွှေနှောက်ခဲ့ ။
ဒီအမှောင်တွေကြောက်တယ်
ကောင်မလေးရယ်...
တွယ်တာခြင်း အလင်းနဲ့
ငါ့ကို ဆယ် ရင်း ကယ် ပါ....။
အလွမ်းတွေ သယ်လာတတ်တဲ့
မုတ်သုန်တို့ရဲ့ အလယ်မှာ...
မင်းဆံနွယ်ရနံ့များ ပါလေမလား
စောင့်စား မျှော်လင့်တတ်နေပြီကွယ် ။
ဒါပေမယ့်....ကျောင်းတော်ကြီးဟာ
စိန်ပန်းပြာ တစ်ဆုပ် နှစ်ဆုပ်နဲ့
ငါ့ကို နှစ်သိမ့်နေပေမယ့်
ဘယ်လိုမှ အလွမ်းမပြေခဲ့ဘူး....
တစ်ခါတစ်ခါမှာ မင်းဟာ...
ကိုယ်ပိုင်လင်းတဲ့...လမင်းကြီးနဲ့တူတယ်
မင်းရဲ့တောက်ပ ထက်မြခြင်းတွေက
ငါ့ဗျာပါဒတွေ မခွင်းနိုင်ခဲ့ (သိပ်ဝမ်းနည်းတယ်)
မွန်းလွဲ သန်းခေါင်
ကြယ်ရောင်အောက်က, ကဗျာများ
မှော်ဝင်တောက်စား, အလွမ်းများ
ကျွမ်းလောင်ခြင်းများ, မျက်ရည်များ
ဟိုး......ဂျပ်ဆင်ထိပ်မှာ
ကာရန်တွေအိပ်မောကျနေလေရဲ့
ချစ်သူတစ်ယောက်ရဲ့ ခြေရာများ
ရင်မှာ ကမ္ပည်းတင်ထားရဦးမယ်....။
လရောင်အို ကကြိုးတစ်ပုဒ်နဲ့
မနိုးထနိုင်တဲ့...ဆောင်းညတွေထဲ
ကျောင်းတော်ကြီးဟာ ငိုညည်း
ဂစ်တာတီးသံဟာ သေ ခဲ့ပြီ (အပြီးအပိုင်)
တစ်နွေ.....တစ်မိုး
ငါဟာ ကြိုးပြတ်ခဲ့ချိန်
ဆောင်းရဲ့ အိမ်ထဲ
ရင်ကွဲနာနဲ့ ပျော်တဲ့သူ...။
မွတ်သိပ်ခြင်းမျိုးနဲ့
တစ်ရေးနိုးတဲ့ နှင်းညတွေက
သင်းတမြမြ ခြောက်သွေ့ လို့....
နံရံမှာလဲ မင်းကိုတွေ့တယ်...။
ကောင်မလေးရယ်....
ရွေ့လျားပန်းချီကားထဲက
သိပ်ပြီး ပြုံးမပြပါနဲ့လား
ငါကား...အလွမ်းဘုံသားလေ...
တစ်ချို့ ကဗျာဆရာတွေက
အချစ်ကို အပြစ်ဆိုလို့ဆို
သိပ်တော့ အလိုမကျဘူးကွယ်
ပူတယ်......တဲ့ ။
တစ်ချို့ တစ်ဝက်မှန်ပါတယ်
ပူလောင် ပြင်းထန်...
သူတို့အငွေ့ပျံခြင်းဟာ
အလင်းတစ်စက်ပေးလိမ့်မယ်
( ငါတို့...အေးမြဖို့....)
ဘာပဲဖြစ်ဖြစ်....
ပန်းခေတ်က နတ်သမီးကို
လွမ်းရင်းချစ် နေဆဲဆိုတာ
ကျောင်းတော်ကြီး သိပါတယ်....
ဒီလိုနဲ့.....ငါဟာ
နေကွယ်ခဲ့သူပါ မြနန္ဒာ.....
နေကွယ်ခဲ့ရသူရယ်ပါ......
==============================
မင်းခသူ (ကဗျာ Diary) 28 . 6 . 2014 (Sat)