မြနန္ဒာသို့....(၅)



သွေခွာပြေးရက်သူအား
ဝေဒနာတေး ဆက်ပါ့မည်...။

သခင့် ခြေရာဖွေရှာမော
လွမ်းဒဏ်ရာ တောအနှံ့မှာ
ဆွေးရနံ့တွေ ထုံသင်းပျံ့ခဲ့
လှည့်မကြည့်တော့ဘူးလား သခင် ။

သူ မကြင်ပစ်ခွာမုန်း၍
ကမ္ဘာမှာ အချစ်ဆုံးဆိုသော
စကားတွေ ပင်လယ်မျောခဲ့
ထွက်သွား ရက်ပြီလား သခင် ။



မြနန္ဒာ ရေညိုရစ်သန်း
တောင်သမန် ရတနာပုံနန်းက
ဗေဒါပန်းတွေ ပွင့်ပြန်ပြီသခင်
မကြင်နာရက်ပြီ တဲ့လား...။

လမသာ ညမိုက်တွေနဲ့
မြနန္ဒာ ရင်တွင်းရှိုက်သံ
ဘဝင်လှိုက်ဖြာမော...
လမသာသော ညတစ်ခင်း
ကြယ်ရောင်မလင်း ခဲ့ပါဘူးသခင် ။

အထီးကျန် စစ်မြေပြင်မှ
နတ်သျှင်နောင် အဖြစ်ရယ်မို့
( အို....သခင်ရယ်)
မြင်လှည့် ၊ ကြင်လှည့်စေချင် ။

သံယောဇဉ် နှောင်ဖွဲ့ထုံးက
မောင် မရုန်းနိုင်သေးပါဘူး
နောင် သံသရာဆုံးလည်း
မောင် မမုန်းနိုင်သေးပါဘူး သခင် ။

၆၂ လမ်းပေါ်က
ဝေဒနာ အပိုင်းစတွေလဲ
မိုးနဲ့အတူ ပျံ့ကြဲခဲ့ချိန်
တိမ်လိုလွင့် သွားသူအား
အသနားခံစာရေးလို့
ဝေဒနာ တေးဆက်ပါ့မည် သခင်
( သြော်...)
ဝေဒနာ တေးဆက်ပါ့မည်...။ ။

♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕

Written by✏ မင်းခသူ (ကဗျာ Diary)

27 . 5 . 2014 (Tuesday)