ဟေမာန်​အလွမ်းဘွဲ့ ပိုဒ်​စုံရတု



ငွေချည် ငွေချည် ၊ နေနီနီ ကြား ၊
လှုပ်လီ လှုပ်လဲ့ ၊ ညင်းသွဲ့သွဲ့ နှင့် ၊
ကနွဲ့ ကလျ ၊ ဆင်း၍ကျ ခါ ၊
အေးမြ ပါနိုင် ၊ အသည်းစိုင် ဆူ ၊
မှိုင်ပူ မှိုင်တွေ ၊ တပေပေ တည့် ၊
ခြေ ရာဖျောက်သူ ၊ မြမဉ္ဇူ သို့ ၊
ကြူကြူ လှိုင်သင်း ၊ လွမ်းတစ်ခင်း အား ၊
လွမ်းရင်း ဖွေရှာ ၊ မောလှပါ လည်း ၊
သေခါ မလျှော့ ၊ မပျော့ သောဇွဲ ၊
ကျော့ ဘုဉ်းသက်လှယ် ၊ ဘယ်ဝယ် ဘယ်ဆီ ၊
ဘယ်ဌာနီ မယ် ၊ သွေခွာဖယ် ရင်း ၊

ဆောင်းလယ်တွင်းမှ ချစ်သူ့ဆီ ။ ။



ဝေစီ ဝေစီ ၊ ဆောင်းချယ်ရီ နှင့် ၊
တင့်သည် တကား ၊ တောင်ပေါ်ဖျား မှ ၊
တစ်ပါး သက်လျာ ၊ မောင့်မှာ မျှော်မှန်း ၊
လာမည့်နန်းတွင် ၊ ရင်ခွင် ခင်း၍ ၊
ကြင်သူ ဆီးကြို ၊ နေညိုညို ဝယ် ၊
ပဟိုရ် သံပျောက် ၊ သူရောက်မလာ ၊
ကြောင့်ကြ ပူပင် ၊ ဘဝင်မလှ ၊
သွင်သွင် စီးကျ ၊ မျက်ရည်စ နှင့် ၊
လွမ်းရ ပိုမို ၊ လွမ်းသူ ငိုပွဲ ၊
ပြိုလဲ ခွေယိုင် ၊ ခြေမနိုင် ပြီ ၊
သည်းစိုင် ကြွေဖွယ် ၊ မုန်းတစ်နယ်ချဉ်း ၊

နှောင်းနယ်တွင်းမှ ပစ်သူ့ဆီ ။ ။

ရွှေပြည် ရွှေပြည် ၊ ဌာနီ ရယ်ဝေး ၊
ရည် မျှော်တမ်းတ ၊ ဆောင်းတစ်ည နှင့် ၊
လ မိုက်တောတောင် ၊ ကြယ်ရောင် သော်ကင်း ၊
မှောင် တွင်းမှာလျင် ၊ ရှုတိုင်းမြင် သား ၊
လျင် ပိုင်သက်ခြွေ ၊ မျက်ဖြေ မုန်းမာန် ၊
ပြေ ပါရန်ဟု ၊ ဖန်ဖန်ပြု သည့် ၊
ကောင်းမှု ကုသိုလ် ၊ တောင်းဆုလို ၏ ၊
ထိုထို သစ္စာ ၊ ပစ်ခွာ သူအား ၊
မှာပါး လင်္ကာ ၊ ဆက်သလွှာ ဖြင့် ၊
ရော်ကာ ရည်မှန်း ၊ ဖော်ကွာလွမ်း နှင့် ၊
ပန်း အခိုင်နွယ် ၊ နန်းကြိုင်သွယ် နှင်း ၊

တောင်းရွယ်ရင်းက နှစ်သူ့ဆီ ။ ။

                           { အစညီ အချညီ ပိုဒ်စုံရတု }
______________________________


Written by✏ မင်းခသူ (ကဗျာ Diary)

28 . 5 . 2014 (Wednesday)