နီရင့်ရင့် ကျုံးမြို့ရိုး
ဟိုး...အတိတ်က
အလွမ်းတွေနိုးထခဲ့
တောင်သမန်ရဲ့
လှိုင်း ခတ်သံ...။
ရတနာပုံမှတ်တမ်း
တစ်ခန်းရပ် သွားတဲ့
နှလုံးသား ပန်းချီ
ဝိုးတဝါး အရိပ်ပေမယ့်
ပီပြင်နေပါသေးတယ်။
ချယ်ရီတွေမဝေဘူး
စိန်ပန်းနီတွေဖူးချိန်
နှုတ်ဆက်လက်တစ်စုံနဲ့
ခရီးထွက်သွားတဲ့ ညနေခင်းတွေ။
မေ့ပစ်လိုက်ပါ မြနန္ဒာ
လွမ်းရတယ်ဆိုတာ
တမ်းတခြင်းရဲ့
နာကျင်သောဝေဒနာတွေပဲ။
မျက်ရည် ဆိုတာ
ငါ နဲ့မထိုက်တန်ပါဘူး
ကြေကွဲမနေပါနဲ့
ထားခဲ့လိုက်ပါ မြနန္ဒာ။
ယိုင်လဲသွားတဲ့နှလုံးသား
လှိုင်းခတ်သွားတဲ့ရေပြင်မှာ
ဆွေးခြေရာတွေကျန်ခဲ့ရဲ့
မဆုံးနိုင်သေးတဲ့
ဝေဒနာတေးတစ်ပုဒ်ကို
ငါ ရွတ်ဆိုနေပါရစေ။
မပြောင်းလဲတဲ့ မေတ္တာ
ဒဏ်ရာကိုရင်ဝယ်ပိုက်
ဘဝတေးကိုကျူးရင့်ဖို့
ရတနာပုံတေးတစ်ပုဒ်ကို
ငါမေ့လိုက်မယ် မြနန္ဒာ ။
လွမ်းရတယ်ဆိုတာ
တမ်းတခြင်းရဲ့
နာကျင်သောဝေဒနာတွေပဲ။
✏ Written by: မင်း ခ သူ ✏