♕ မြနန္ဒာ သို့...( ၆) ♕
ကြာခဲ့ပြီ....
တံတိုင်းနီ နန်းတော်
မျှော်မှန်း တမ်းတ
တစ်ချိန်က မြနန္ဒာ ရေ...။
ဒေါင်းဖန်ဝါယွန်းမယ့် ညနေ
တိမ်တိုက်တွေလွင့်မျော....
ချစ်သောသူရဲ့ နှုတ်ဆက်သံများ
တစ်ပွင့်ချင်း....တစ်စက်ချင်း....
မျက်ရည်တွေ စီးဆင်းလာတယ် ။
စိန်ပန်းကြွေ လမ်းမထက်က
ချစ်သူ့ခြေရာ ဖွေရှာရင်း...
အလွမ်းတွေ အံတုနေရင်း...
တစ်ချိန်က ပျော်ရွှင်ခြင်းတွေကို
ပြန်လိုချင်မိနေတယ် မြနန္ဒာ...။
ပြန်လာပါ မှာတော်ပါးခဲ့
စာလွှာထက်က ကဗျာတစ်ကြောင်းဟာ
မောင့်ချစ်ခြင်းတွေ ပေါင်းစုထားတယ်...
တွယ်ရာမဲ့ ရင်လှိုင်းခတ်သံနဲ့
ဖြေရာမဲ့ အလွမ်းတွေဝိုင်းခဲ့
ချစ်သူ့ခေါ်သံ သဲ့သဲ့ကြားတယ်....။
နှင်းရည် ရွှန်းလဲ့တဲ့
ဟေမာန်ရဲ့ အတိတ်တွေက
အသည်းကိုကြွေကျစေသလို
နေညိုညိုလမ်းလေးထက်မှာ
ပန်းကလေးတွေ ဖြန့်ခင်း
မင်း ပြန်အလာကြိုနေဆဲပါ ။
ချစ်သော မြနန္ဒာ...
မောင့်ရင်ခွင် ကမ်းတစ်ဖက်မှာ
အလွမ်းလေးတွေ ပိုက်ထွေးရင်း
မင်းရော...ငိုနေမှာလား
ပျော်နေမှာလား...
မေးခွန်းများစွာကြားမှာ
မြနန္ဒာ တေးချင်းတစ်ပုဒ်နဲ့
ဆွေးရင်း ကြွေမယ့် သူပါ....။ ။
=============================
မင်းခသူ (ကဗျာ Diary)
6 . 6 . 2014 Fri