ပန်းရိုင်း ဂီတ
                     (၁)
ငါ့ သမိုင်းဟာ တစ်​လဲ့လဲ့စိမ်းစို​နေတုန်းမှာပဲ
ပန်းပဒိုင်း​တွေလို အဆိပ်​​တွေထုတ်​လွှတ်
မာယာ ဆိုတဲ့ ...
ဖက်​ဆွတ်​မိုး​တွေ ညွှတ်ခွေ​ရွာချသွားတယ်​ ။
မြတ်​​သောဖန်​ဆင်းရှင်​ထံမှာ
ဆု​တွေ အခါခါ ပန်​ရင်း  .....
လွမ်းသီချင်း​တွေကို ငါ...ဆိုမယ်​ ။
ငါ ဆိုဦးမယ်​ ... လွမ်းချင်း​လေး​တွေ ။
ဘယ်​က စစ
ဘယ်​မှာ ဆုံးဆုံး
ရှုံးခဲ့ကြသူတိုင်းက
ဘဝတစ်​ပိုင်း သုဉ်းခဲ့ရသူချည်း
ငါကလဲ ....
နှလုံး​သွေး ​ချောင်းစီး​စေခဲ့ပြီပဲ
မောင်းတီး​ကြေငြာ​ပေးရစတမ်းဆိုရင်
နင့်​ကို ... ငါ လွမ်း တယ်​ ​ဒေ ဝီ ... ။
မရဏ​တေးတစ်​ပိုဒ်
ယမကာ​လေးတစ်​ကြိုက်
ငါနဲ့ လမိုက်​ည​လေး
ခပ်​​ဆွေး​ဆွေးလွမ်းကြည့်​​နေတယ်​ ။
                         (၂)
ပန်းအက္ခရာနဲ့ ​ရေးထွင်းခဲ့လို့
သစ္စာမ​ဖောက်​​ကြေး ကတိစကား
သက္ကရာဇ်​ တစ်​ခုလွန်​သွားချိန်​မှာ​တော့
ဆေးသားလွင့်​ပြယ်​​နေမှာ​ပေါ့ကွယ်​ ။
ဒေဝီရယ်​ ...
ထံ တျာ ​တေ စည်းချက်​အလိုက်
နမ်းရှိုက်​ခဲ့ကြ​သော မာယာညများဟာ
အခု​တော့ ....
သံသရာ တစ်​ခုခြားနားသွားသလို
ဝေဝါးအက်​ကွဲသွားခဲ့ကြပြီပဲ ။
ငါရယ် .....​ ပန်​​သစ္စာတို့ရယ်
ရင်​ခွင်​တစ်​ခုစာ ခြားခဲ့ရတဲ့
ဒေဝီနတ်​ဘုရားရယ်​ ...
အိမ်​မက်​​တွေ တစ်​​နေကွယ်​တိုင်းမှာ
ခပ်​ရိုင်းရိုင်း လွမ်း​မောကြည့်​ပါဦးမယ်
ဂျပ်​ဆင်​ထိပ်​မှာ ...
လမသာတာကြာပြီ - တဲ့
ဒေဝီရယ်​ ... ခ​ရေ​ကြွေလမ်းကို​တော့
ပြန်​လှမ်းခဲ့ပါဦး
ပြန်​လွမ်းကြည့်​ပါဦး
ခုံတန်းပြာ​လေးကလဲ
ရင်​ခုန်​သံ မြန်​​နေတုန်း - တဲ့ ။
   (၃)
ဒေဝီ​ရေ ....
နှင်းမြူ ပြာ​တွေလဲ
ကဗျာဆန်​စွာ " ပြာ " ခဲ့ကြပါပြီ
ဟိုတစ်​ခါ အိမ်​အပြန်​လမ်းတုန်းကလို
နှုတ်​ခမ်းကို ကိုက်​ ၊ ခပ်​မိုက်​မိုက်​​လေး
ရော့ခ်​ ဂီတ​တွေဟစ်​​ကြွေးလိုက်​ပါ ....
ရင်​ဘတ်​မှာ နှင်းဆီတစ်​ပွင့်​စိုက်​ပျိုး
ငါ .... ရိုကျိုးလွမ်းဆွတ်​ပစ်​လိုက်​ချင်​လို့ပါ ။
နှောင်းခဲ့​လေပြီး​သော အတိတ်​ထံ
မင်း​ခြေရာ​တွေ ... ဖိတ်​မန္တကပြုရင်း
ငါ ... ​တေးချင်း​တွေဆိုချင်​​သေးရဲ့
နေဝင်​ချုပ်​ည အိမ်​အပြန်​လမ်း
မ​ဝေခင်​ အနှုတ်​ပြ ၊ ​ကြွေတမ်းကစားခဲ့ကြ
ငါ့အသိ ... အဘိဓာန်​ကျမ်းလာ
ပြာနှမ်း​နေ​သော နှုတ်​ခမ်း​လေးရဲ့ပုစ္ဆာ
အခု ... ငါ့ဘဝကို
အနှုတ်​ပြသွားပြီ ၊ ရှုပ်​ဖွသွားပြီ​ဒေဝီ ။
    (၄)
နင့်​အတွက်​ " ချစ်​တယ်​ " ဆိုတာ
သစ်​လွင်​ခြင်းမဲ့ ကကြိုးတစ်​ပုဒ်​ပါ
ဒါ​ပေမယ့်​ ... မင်းကို
ရုပ်​လက္ခဏာအရ ချစ်​ခဲ့ခြင်းမဟုတ်
သိခဲ့​ပေးပါ ...
မုန်းရက်​တယ်​ဆိုလဲ
အသက်​​ခြွေ​ဆေး နဲ့
အမျက်​​ဖြေ​တေး ....
ငါ့ကို ​ရွေးခိုင်းပါဦးလား
ကဗျာတစ်​ပုဒ်​ရဲ့ ရှင်​သန်​ခြင်းမှာ
ပြန်​ငြင်းခွင့်​မရှိတဲ့ နိယာမ​တွေ
ဝေခဲ့ပါပြီ ၊ လှခဲ့ပါပြီ ​ဒေဝီ ... ။
နှလုံးသားကို အစိုးမရခဲ့သူရဲ့
အရိုးသားဆုံး ကဗျာတစ်​ပုဒ်​ကို​တော့
ပုတ်​မချလိုက်​ပါနဲ့လား ....
ငါနဲ့ ငါမဟုတ်​တဲ့ အိမ်​မက်​​လေး
ဖြေ​ဆေးမရှိလို့ပါကွယ်​ ။
မုတ်​သုန်​တစ်​အုပ်
မောင်းဖြုတ်​ချလိုက်​ခြင်းမှာ
ရွက်​ဝါ​တွေ ​ကြွေသွားတယ်
ကြွေသင့်​ပါတယ်​ ။
မျက်​လုံးစိမ်းမ​လေး
ရှောင်​​ပြေးသွားတာက​တော့
..........................................
............................ ။
ချစ်​သင့်​ခြင်း ၊ မချစ်​သင့်ခြင်း
ဖြစ်​သင့်​ခြင်း ၊ မဖြစ်သင့်​ခြင်း
အဇ္ဈတ္တ အ​ရေးအခင်းမှာ
သစ္စာတရားက အလင်းဝင်​မလာခဲ့ဘူး
ထိုလူ ... ရူး​စေ - တဲ့
ဟုတ်​ကဲ့ ......။
   (၅)
သီအိုရီအရ
သုညကြွင်းရမယ့်​ပုစ္ဆာ
ကြမ္မာတရား မျက်​နှာသာမ​ပေးပါ ။
လက်​နဲ့ ​ရေး​ရေး
ခြေနဲ့ ​ရေး​ရေး ...
သေ​စေညွှန်းမှ​တော့
" ​ဝေရွှန်းစန္ဒာ " လိုမလွမ်း​ဝောာ့ဘူး ။
အဆိပ်​ဆူး​တွေ ...
" နံ့ရှားကြိုင်​လွင့်​ ၊ ခါတန်​ပွင့်​​စေ " တဲ့
အမိန့်​​တော်​သံ သဲ့သဲ့ကြား
ဒေဝီရယ်​ .... ကျွန်​​တော့်​မှာ​တော့
ဘဝတစ်​ခုစာ ဖျားနာခဲ့ပါပြီ ။
လွင်​တီး​ခေါင်​ရင်​ခွင်​​ဒေသရဲ့
၁၂ ကြိုးဂီတညများစွာ
ငါဟာ...သံစဉ်​​တွေကို
တိတ်​တခိုး သီလျ ​နေဆဲပါပဲ ။
ပန်း - က​လေး​တွေသမိုင်းက
ရိုင်း - စိုင်းခဲ့တယ်​ဆိုလဲကွယ်
ဂီ    - တဆန်ဆန်​ ​မွှေးခဲ့တာ​တော့
တ  - ကယ်​ပါ ​ဒေဝီရယ်​ ..... ။