ကြိုးကြာငှက်ရဲ့ အပြန်လမ်း

သတိရခြင်းတွေသိမ်းဆည်းထုပ်ပိုး
အမေ့သား ကြိုးကြာပြန်လာခဲ့ပြီ ...

မိုင်ထောင်ချီ ခရီးနှင်ပျံသန်း
ကျွန်တော့်ရဲ့ အိမ်ပြန်လမ်းကို
ဆည်းဆာညိုတို့က
ရွှေအိုရောင်သုတ်လိမ်းထားလေရဲ့

ဘောပင်တစ်ချောင်းထဲက
သတိရခြင်းအကြောင်းရာများ
စာရွက်ဝါဝါလေးတွေပေါ်မှာ
အမေဖတ်စေချင်တဲ့
ကဗျာလေးတွေပါရဲ့ ။

တစ်ချိန်က မေမေဟာ
ခရမ်းပြာမျိုးစေ့တွေကို
မျက်ရည်တို့နဲ့ ပျိုးထောင်
မျိုးအောင်စေခဲ့တာလဲ
မေမေ့ မေတ္တာပဲပေါ့ ။

လေထန်ကုန်းက
ရုန်းကြွခဲ့တဲ့ လူတစ်ယောက်
အိတ်သွန်ဖာမှောက် အလွမ်းနဲ့
အိမ်ပြန်ခဲ့ပါပြီ မေမေ ....

လောကဓံဆူးတွေ တဆစ်ဆစ်ဝင်စိုက်
အမေ့ရှိုက်သံတွေ နားမလည်ခဲ့ပါဘူး
သားက မိုက်ရူးရဲဆန်တယ် မေမေ...

ဟိုး တုန်းက
ကဗျာစာအုပ်ဖတ်ရင် မေမေရိုက်တယ်
ဝတ္ထုစာအုပ်ဖတ်ရင် မေမေရိုက်တယ်
ဆယ်တန်းတုန်းက မြန်မာစာဂုဏ်ထူးရ
အမှတ်တရအနေနဲ့ မေမေက
ဘောပင်လေးတစ်ချောင်းဝယ်ပေး
အခု ... အဲဒါနဲ့ သားကဗျာရေးတယ် ။

မှတ်မှတ်ရရ
၈ တန်းတုန်းက
ကဗျာရေးပြီးတော့
ရည်းစားစာပေးတဲ့ ကောင်လေး
မေမေက ကြိမ်ဒဏ်ပေးဖူးတယ် ။

အခုအရွယ် ၊ ခပ်ငယ်ငယ်မှာ
ဒါတွေဘေးထား ၊ မစဉ်းစားနဲ့
လူလားမြောက်မှ ၊ ကဗျာစရေး
ငါ့သားလေး - တဲ့ ။

အခုမေမေ ...
ဇရာအသက် ၄၂
သားက ၁၈
လူမဖြစ်သေးဘူး
ကျေးဇူးမဆပ်နိုင်သေးဘူး ။

" နေ " ရာသီတို့ တိတ်တဆိတ်ဖြတ်သန်း
အရိပ်ခမ်းခဲ့တဲ့ မေမေ ...
သားတို့ရဲ့ ဝမ်းအေးစေဖို့
သားတို့ရဲ့ ဘဝအေးစေဖို့
ရင် စတေးခဲ့သော မေမေ
အခု သားပြန်လာပါပြီ မေမေ ။

အမေ့အရိပ်မှာ ချွေးသိပ်ခိုနား
ကလေးငယ်ဘဝကို သားပြန်လိုချင်ပြီမေမေ...

လောကဓံအနာတရ
ကွာကျချင်ပါပြီ မေမေ

ချစ်သော မေမေရှိရာ
ကြိုးကြာတစ်ကောင်ပျံသန်းလာပါပြီ ....

မင်းခသူ (ကဗျာ Diary)