စိမ်းကားသွားခဲ့လေသော

အဲဒီ သမိုင်းတွေတုန်းက
ခေါ်နေကျစကားလုံးတွေအတိုင်း
သုံးနှုန်းပေးနိုင်မလား ....

မာယာလမ်းမှာ
ကံကြမ္မာတုတ်တံတစ်ချောင်းနဲ့
အရာအားလုံးပြောင်းလဲပစ်ခဲ့
ကျွန်တော် က
ကြိုးမပါတဲ့ ဂစ်တာတစ်လက်လေ ။

တစ်ခါတရံကလို့ နိဒါန်းပျိုးမိတိုင်း
ရင်ခုန်သံတွေ နိုးထလာခြင်းဟာ
ဘာကြောင့်များပါလဲ ...

ကျွန်တော်က ....
လမင်းကြီးကို ငေးရင်း
ချစ်ဖူးသူရဲ့ နာမည်သုံးလုံးကို
စူးစူးဝါးဝါး ကျုံးအော်နေမိတယ်
ရူးရူးမူးမူး အော်ခေါ်နေမိတယ် ။

ကျွန်တော့်အချစ်ခရီးက
ကလိုရိုဖီး မပါခဲ့တာလဲ
အသေချာပဲပေါ့ .... ။

အက်အက်ကွဲကွဲ
လွမ်းခဲ့ရသော ကောင်မလေးရေ
ကောင်မလေးရေ ....
ကောင်မလေးရေ ....

" မေ " လို့ မြတ်နိုးစွာ
ပျိုးထားတဲ့ ပွင့်လွှာလေးရေ
အခုတော့ ....
အရင့်အမာ စကားတွေသုံး
အဆိပ်သီး တစ်လုံးနှစ်လုံး နဲ့
ရင်ကို ဘုံးဘုံးလဲစေခဲ့ပြီပေါ့ ။

သူ့ အဇ္ဈတ္တတစ်နေရာမှာ
ကျွန်တော့်ကို ကြက်ခြေခတ်ထားမလားလို့
ခြောက်ကပ်စွာ စဉ်းစားမိရင်
နှလုံးသားက သိပ်မခုန်ချင်ဘူး ။

စိမ်းကားသွားခဲ့လေသော
အချစ်နတ်ဘုရားမ ထံ
ကဗျာဆက်ရန် ကျန်သေးရဲ့ ...

မင်းခသူ (ကဗျာ Diary )