အိုဘယ့် ဓာတုကလျာ

ငယ်ရွယ်သူ အစဉ်သနားလို့
တကယ်အတူ ရင်မခြားပါဘူး
ခင်ဖုရားသာ အခွင့်ပေးရင်ဖြင့်
အသင့်နံဘေးမှာ အခုတွေးမက်လို့
သြော် ... ရတုရေးဆက်နေမှာ ။

  
တူတော်မောင်ဘုရားရယ်လို့
အယူတော် နောင်မကြွားခဲ့ပါဘူး
စကားအရာ လင်္ကာတေးတွေနဲ့
ဖုရားကညာ မကြင်သာသေးသမို့
ရင်မှာတွေးသူ မချိဆုံးပါပဲ ...
အသိထုံးမှာ ဂုဏ်မြင့်သူက
ဘုံအဆင့်သာ လှမ်းထိုက်တာပေါ့
နန်းမကိုဋ်အရာ ပမာပြု လာမယ့်
( အိုဘယ့် ...) ဓာတုကလျာ ။

သြော် .....
ဘုရားတိုင် ကျေးစေသော်လဲ
တအားမှိုင် ဆွေးနေမြဲပေမို့
ဝေးပေလဲ ကမ္ဘာမခြားခဲ့ပါဘူး
အလွှာများစွာ ခရီးဝေးလေတော့
နီးရေးမှာ ကွာလှမ်းလေငဲ့
ကြငှန်းဘုံ အဆောင်နန်းဆီက
မောင်လွမ်းပါတဲ့ မေကညာ
( မဖြေသာလို့လေ.....)
နွေကုဋာရယ် ရင်မှာဆင်း ။

အစဉ်တမျှော်....
ရင်မှမပျော် ဝေဒနာလေးတွေနဲ့
သခင်ကနော် ဖြေစရာမပေးပြီထင့်
တွေးလေလေ ခက်တာပဲရယ်လို့
အသက်ရွယ်တွေ ဘယ်လိုခြားပေမယ့်
သက်လယ်မေ , မယ်ပျိုတပါးကိုဖြင့်
ထားသစ္စာ သိစေချင်စမ်းပါဘိ
နန်းမဟာ အခြေပေးရင်တော့
မွှေးချင်မွှေး...... ယူချင်ယူ
ကြူ ချင်ကြူ .....မြန်းချင်မြန်း
နမ်းချင်နမ်း... မလိုချင်လဲ
မငြို ငြင်သူ မင်းသျှင်ပါတဲ့
မငြင်းလျင် အတူစံပါလို့
သံသရာတိုင် တွက်ဖက်ချင်ရဲ့
မခွဲလက်ပိုင် ကြည်နူးစဉ်မှ
ကြင်ဦးသူ ပန်းကြွေဆင်းတော့
( အမယ်မင်း ) လွမ်းစိတ်တွေပြင်း ။    ။