မေတ္တာအိမ်အလွမ်းဘွဲ့ - ကိုယ်တွင်းပြည့် ပိုဒ်စုံတေးထပ်

လွမ်းစချီ ဗျာပွေလှ ၊ စာခြွေသ ခက်တယ် ၊
ကြာနေရ လက်ဆယ်ဖြာ ၊ ယှက်နွယ်ကာ ရည်မှန်း ၊
အဖြေခက် နွမ်းလျသည် ၊ ကျွမ်းလှပြီ မျက်ရည်ခြောက်ခမ်း။
လှစ်ပူနှောင့် ညမှောင်လျင် ၊ လရောင်ပင် တိမ်သမ်း ။
လှခေါင်ကြင် ဝတိံနန်းမို့ ၊ အိမ်လွမ်းလို့ သေမှာ ၊
နွေကုဋာ ရင်မှာမှုန်း ၊ သွင်မှာနှလုံး ဆွေးလှပေတာ ။
ဝေးကွာတဲ့ ဖြူကညာရယ် ၊ ယူလေပါ မေတ္တာပန်း ၊
သစ္စာနန်း ရင်ထဲမှာတည် ၊ ကြင်သည်း လာမည်  ၊
အသွင်တင့်ဖို့ရွယ်ရည်တယ် ၊ မဒီနွယ် ကြိုလင့်တော့လေး ။


မှန်းဆရည် ခါနွေမှ ၊ ညာမြေက သက်လှယ် ၊
ဗျာပွေလှ မျက်ကွယ်မှာ ၊ နတ်နယ်ရွာ ချီလှမ်း ၊
တမေသက် လွမ်းလှပြီ ၊ ပန်းလှသည် သက်သေပျောက်လမ်း။
ပြစ်ဟူကြောင့် မ,မောင်တွင် ၊ ခဏတောင်ပင် အိမ်လွမ်း။
မြရောင်တွင် စိန်မွှမ်းသို့ ၊ ထိန်လျှမ်းလို့ ဝေဖြာ ၊
မေကဗျာ ကြင်နာဆုံး ၊ ဘဝင်သာသုဉ်း ထွေးပြလေမှာ ။
တွေးဇာချဲ့သူကညာနွယ် ၊ ဖြူ မေပြာ  သစ္စာကမ်း ၊
မေတ္တာဖြန်း ခင်သည်းဇာခြည် ၊ စဉ်မြဲသာ ရည်   ၊
သခင်မြင့်လို့ ဘယ်ဆီနယ် ၊ မဟီဝယ် ပျိုတင့်ပေါ့လေး ။

တမ်းတရည် စာခွေရ ၊ လာလေမှ ဖက်တွယ် ၊
ဝါရွှေမြ သက်နွယ်ရာ ၊ မျက်ပြယ်ကာ ကြည်လျှမ်း ၊
မခြွေရက် တမ်းတရည် ၊ မှန်းဆမည် ခက်ပွေနှောက်လွမ်း။
ချစ်သူမောင့် လှခေါင်ကြင် ၊ လရောင်တွင် စိန်ဆမ်း ၊
ညမှောင်လျင် အိမ်နန်းသို့ ၊ မှိန်နွမ်းလို့ ကြွေမှာ ၊
သွေမကွာ စဉ်သာထုံး ၊ ခင်လာမှုန်း အေးမြနေမှာ ၊
ဆွေးစာဖွဲ့ယူကဗျာခြယ် ၊ ပူပေတာ နစ်ကာနွမ်း ၊
ချစ်တာမှန်း ထင်လွဲပါမည် ၊ မြင်ရဲပါပြီ ၊
ဘဝင်လွှင့်လို့ တွယ်မည်ကွယ် ၊ အတည်ရွယ် ကြိုနှင့်ပေါ့လေး။

❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀

ဒီတေးထပ် အမျိုးအစားက ရိုးရိုးတေးထပ်ကိုပဲ နောက်
ထပ် ကာရန်တူ ၊      နဘေထပ် အပိုဒ်ကြီးနှစ်ပိုဒ်ပါဝင်
အောင်ရေးဖွဲ့ပေးရခြင်းဖြစ်ပါတယ် ။   ကိုယ်တွင်းပြည့်
ရဲ့  သဘောတရာကတော့     အပိုဒ်တိုင်းကို နဘေတူ
အောင် ပြန်ထပ်ပေးရပါတယ် ။ ခံစားချက်ကို သာမက
ဦးနှောက်ကိုပါ အလွန်အလုပ်ပေးရတာမို့ ရေးရတာလဲ
ခက်ခဲပါတယ် ။ အခုနောက်ပိုင်း အနည်းအကျဉ်းသော
ဆရာသမားများသာ ရေးကြပါတော့တယ်။ ကျွန်တော့်
ရဲ့ ဝမ်းစာမပြည့်မှုကြောင့်အဓိပ္ပါယ်မပြည့်ဝမှုနှင့်အမှား 
များပါရှိနေရင်ခွင့်လွှတ်ပါ ။   မြန်မာကဗျာချစ်သူများကို
လေးစားလျက် ....

                                          မင်းခသူ