အမုန်းတော်ခံဘဝမို့
နှလုံးမပျော် မာန်မကြွခဲ့ပါဘူး
ကြံသမျှဟာ အရေးမလှလို့
ဆွေးလျသူ ရင်တွင်းမှာတော့
နှင်းရယ် ...
ကြယ်အစင်းတွေ ကြွေ ။
နှလုံးမပျော် မာန်မကြွခဲ့ပါဘူး
ကြံသမျှဟာ အရေးမလှလို့
ဆွေးလျသူ ရင်တွင်းမှာတော့
နှင်းရယ် ...
ကြယ်အစင်းတွေ ကြွေ ။
သြော်...
တစ်နွေတိုင် မှန်းဆသူမို့
မဖြေနိုင် တမ်းတ အပူကြွပြီပဲ
လွမ်းသမျှအပူ ကဗျာဖြစ်ပါလို့
နမ်းမဝသူ ကညာချစ်ရယ်က
မလာဖြစ်ကာ လိမ်ညာရက်လို့
ကွယ်...ကျိန်စာ မြွက်ခြွေ ။
အတွေးခက်နေ သူစိမ်းပါလို့
ဆွေးရက်တွေ အယူတိမ်းသူကြောင့်
မယိမ်းယိုင် အကြင်နာခရီးမှာဖြင့်
မငြိမ်းနိုင် ရင်မှာမီးတွေက
ညီးအထပ်ထပ် ကျွမ်းမြေ့စေ ...
လမ်းမတွေ့ပေ အမှောင်ထဲ ။
တစ်ကိုယ်တည်းပါပဲ
ထိုခရီးမှာ သစ္စာစွဲပါလို့
ပစ်ခွာလဲ မငြိုငြင်ရဲပါဘူး
ခင်ခွဲရင် ကျွန်တော်သွေလို့
စေချင်စေ .... ထားလိုထား
သွားဆိုသွား ... ကြွေဆို ကြွေ
ဝေဆိုဝေ .... သတ်လို သတ်
ဖြတ်လိုဖြတ် .... မကြင်လိုလဲ
မငြင်ငြို မာန်မဝင့်ရဲလေဘူး
ပြန်သင့်သူ ငဲ့ကွက်မနေနဲ့
လှည့်ထွက်ကာ မလွန်ဆန်သူမို့
အကျွန်ပြန်ကာ တစ်ကိုယ်နွှဲမယ့်
နှင်းရယ် ... ငိုရတဲ့ ပွဲ ။ ။