အသွေးအသားနဲ့ တံတား

နှစ်ပေါင်း ၁၆၀ ကျော်နဲ့ 
အချစ်ပေါင်း ၁၆၀ ကျော်
သူပိုင်တယ် ။
ရေပြင်စိမ်းလဲ့ဟာ
သူ့အပျော်နဲ့ သူ့အဖော်ဖြစ်ပြီး
ရေဇလာနဲ့ လှိုင်းကတော့
ဗေဒါရဲ့ သမိုင်းပေါ့ ။

သူ့နံရိုးအခင်းအကျင်းမှာ
သီချင်းတွေရှည်လျားသွားပြီး
တံတားဆိုတဲ့ တရားကိုလည်း
ဟောကြားပြလိမ့်မယ် ။
နေရောင်ခြည်အပြည့်
လရောင်ခြည်အပြည့်
လွမ်းစရာတွေအပြည့်နဲ့
မဟာဆန်တဲ့ အငွေ့အသက်တွေ
ထွေးဖက်လို့
သက်ငြိမ် ... ။
လိမ္မော်ရောင် တိမ်တွေ
ဆည်းဆာရှည်ဖို့ ဆန္ဒရှိ
ပကတိအလှကို
သတိတရနဲ့ မှတ်တမ်းတင်ကြ
ဟောဟိုမှာ ... သစ်ပုပ်ပင်
ဟောဟိုမှာ ... စစ်ကိုင်းတောင်
သူ့သမိုင်းအရောင်နဲ့သူ ကြွ ....
သူကိုယ်တိုင် ငြိမ်းချမ်းရေးရနေသူ ။
သိမ်းထားကြရအောင်
ရင်ထဲဝင်သွားမယ့် နေရောင်တွေ
ဆည်းဆာကျော့ကျော့
မီးဇာဖျော့တော့ ကုန်ခမ်းမသွား ၊
မျက်စိတဆုံး စင်ရော်အိပ်တန်းမှာ
စိတ်ချမ်းသာစရာ တရားဓမ္မသံတွေ
လေညင်းတွေထဲ ထည့်ခဲ့သူ ။
အို ... တောင်သမန်
နန်းဆန်လှချည့် ၊ ပန်းဆန်လှချည့်
မြနန္ဒာဆန်လှပါဘိတော့တယ် ... ။

မင်းခသူ ( K သူ )