နှင်းဆီအကျိုးအကြေတွေရဲ့ ည

အသားမာတက်နေတဲ့ ဝင်သက်နဲ့ 
ခုံတစ်လုံးအောက်ကို ဝင်နေလိုက်တယ် 
ကြောင်တစ်ကောင်ရဲ့ စူးရဲမှုမျိုးနဲ့လည်း
လက်သည်းတွေကို ရင်ထဲစိုက်ဝှက်ထားတယ် 

ညကို ဘယ်လိုအစွန်းအထင်မှမရစေချင်တဲ့ ဆန္ဒ
ဘယ်သူ့မှ ပြောမပြဖြစ်ဘူး
ကိုယ့်လမ်းကို လျှောက်နေတာပဲ
ဖိနပ်ပေါက်ပေါက်
ရေဘူးမှောက်မှောက်
နောက်ကျရင်တောင် ရောက်အောင်သွားမယ် ... ။
အဲဒီအခါ
တောင်တန်းတို့ နိမ့်ပေးပါ
ပင်လယ်တို့ တိမ်ဝင်ပေးပါ
ကောင်းကင်တို့ ဆိတ်ငြိမ်ပေးပါ
ငါ ...ဘာကိုမှ မတောင်းဆိုခဲ့ဘူး ။
ဘယ်ပန်းတွေရဲ့အခူးမှ မခံရတဲ့ကောင်အဖို့
ဘဝပေး ၊ လေးညှို့ထဲ
နေရဲရမယ်ကွယ် ... ။
အဲဒီအခါ
အရိုင်းပန်းတို့ရဲ့ အလှောင်မှာ
ငါလိုကောင်ဟာ ဦးလည်မသုန် ငုံဖူး
အမိုက်တွင်းဆိုလည်း ငါတူးမယ်
ရူးတယ်ပဲ ဆိုပါစို့ ။
ကောင်းကင်ကို တဝက်တပျက်မြင်တဲ့အခါ
နွားခြေရာခွက်ဟာ ၊ ကမ္ဘာမြေပဲ
ရေတွင်းပျက်ဟာ ၊ စကြာဝဠာပဲ
အမှောင်လို့ဆိုတောင်
နှင်းဆီတွေရဲ့ ဝံ့စားခြင်းမျိုးနဲ့
ငါ ... ထောင်လွှားသွားမှာမဟုတ်ဘူး
ဉာဥ့်ယံဦးမှာ ...
လက်သည်းတွေကို ရင်ထဲစိုက်ဝှက်ထားသူ
သို့်မဟုတ် ... အံကြိတ်နေကျ
လူတစ်ပိုင်းတစ်စဖြစ်တယ် ။


K သူ
Oct 30
2 0 1 5