လရောင်အိမ်ဘက် ဦးနှိမ်လျက်လေ

တစ္ဆေတကောင်မျက်ရည်ကျတာ မြင်ဘူးလား 
အဲဒီညီးတွားသံဟာ လွမ်းလို့ဟောကြားတဲ့ သစ္စာတရားပါ
ကြယ်တွေစုံပြီ ၊ အညတရနှင်းမှုန်တွေ ကျလာရော့မည် ။ 

ဒီလိုအိမ်မက်နဲ့ ညတာတွေရှည် ၊ သက်ပြင်းတွေရှည် .....
အရိပ်လိုနောက်ကျခဲ့သော်လည်း အရိပ်လိုကပ်ပါလာဆဲသော
စိတ္တဇ လပြည့်ညတွေ ( ခယောင်းပန်းတွေ ဖွေးဖွေးလှုပ် )
ခေါင်းငုံ့ရချိန်နဲ့ ဆံပင်တွေရှည်လာ ၊ ဥပေက္ခာ၏ ဆွဲအားများ ။

အဲဒီလိုနဲ့ ရာဇဝင်ထဲမှာ မောင့်ကိုထားရစ်ခဲ့တဲ့ ကဗျာရဲ့ဗီးနပ်စ်ဟာ
မီးဖိနပ်ကို ခြေတော်တင်လို့ သွားပါပြီ ၊ ကဗျာရဲ့ဆိတ်ကွယ်ရာတို့ဆီ ။
ငါ့နှုတ်ဖျားကနာမည်ကို ငါ၏ ယုံကြည်ကြေကွဲမီးတွေနဲ့ ထပ်ထပ် ညှိ
လရောင်ရှိကြောင်း .... သိပါတယ် ။
မော့ကြည့်စရာ အင်အားတွေသာမရှိတာပါ ၊ ဥပေက္ခာ၏ဆွဲအားကြောင့်
မော့ကြည့်နိုင်စွမ်းမရှိတာပါ ၊ ငါဟာ ... ကြောက်စရာအကောင်းဆုံးအလှကို
ပထမဦးဆုံး တူးဖော်တွေ့ရှိခဲ့တာပါ ။
ငါ့လက်ဖဝါးထဲကစိတ္တဇနာမ်ကို ငါ၏ရင်ဘတ်တွေနဲ့ မီးခတ်ကြည့်တော့
ဗီးနပ်စ်ဟာ ငါ့အိမ်မက်မြစ်ကြောင်းထဲက တိုးထွက်သွားတာကြာပြီ တဲ့ ။
အဲဒီလိုနဲ့ ပဉ္စလက်ပင့်ကူမျှင်တွေထဲက သားကောင်ဟာ
လရောင်အိမ်ဘက် ဦးနှိမ်လျက်ပါပဲ .... ။

K သူ