အိနြေ္ဒကြီးမားစွာ
တိမ်တိုက်ကလေး ပျံသန်းသွားပုံ
အုတ်ခုံပေါ်က ဂစ်တာပိုက်ထားတဲ့ကောင်လေး
ငေးဖို့
ရှေးဆုတောင်းက ဆေးစက်တွေစုတ်ချက်တင်ခဲ့တယ် ။
လောကရဲ့ ဒုတိယမြောက် "တင့်လှပေဟန်"
ရင်ခုန်သံ မှုံဝေထစ်ချုန်းရာသီ ၊ ကျောင်းတော်ဆီမှာ
ချစ်သောကံ့ကော်ဝါဝါတွေ ပွင့်ကြပြီတဲ့ ။
အခုလို လွမ်းခိုးဖွဲ့ဝေစ
ညနေဆည်းဆာ ၊ စင်ရော်တွေ အိပ်တန်းပြန်တဲ့အခါ
ဂစ်တာရယ် ၊ ငါရယ် ၊ မေ့သွားတဲ့သီချင်းတစ်ပုဒ်ရယ်
ချစ်သူ့အဆောင်တော်ရှေ့
ဝေဝေဝါးဝါးလွမ်းမွေ့ခဲ့ကြတယ် ။
ကြယ်တွေ တဖိတ်ဖိတ်လက်မှ
ငါက အက်ရှကြေကွဲ ၊ အက် ရှ ကြေ ကွဲ
သောကစိတ်ကိုရိုက်ခွဲပြီး ညမွန်းလွဲမှအိမ်ပြန်တယ် ။
ရတနာပုံတက္ကသိုလ်ရှေ့က
အိနြေ္ဒရှင်အဆောင်သူမလေးရယ် ...
စိတ်ကိုညှို့စားတဲ့ အနုပညာတရားတွေကို
ဘယ်တက္ကသိုလ်မှာ မင်းသင်ကြားခဲ့တာလဲ
မှော်ရုံမြို့တစ်မြို့
မြူနှင်းတို့ လွင့်ဝေ
ပြောပြဖို့မစွမ်းတဲ့ အိမ်မက်အခန်းခန်းထဲမှာ
ငါ ... နေတယ် ။
အဲဒီလို အိမ်မက်ဆန်တယ် ၊
ငါ့ကောင်းကင်ယံတစ်ခုလုံး ၊ ပန်းနဲ့မှုန်းတဲ့
ကြယ်စင် မီးစုန်းတို့ တဝုန်းဝုန်းကြွေသက်
ဆုတောင်းခက်တဲ့ ည
မင်းနာမည်ကို တမ်းတတယ် ။
တမ်းတတယ်ဆိုတာ ...
သောကတွေအလံဖြူမပြသေးတဲ့ စစ်အေးကာလပါပဲ
ငါဆိုတဲ့ကောင်ကလည်း
ထမင်းဆီဆမ်း ရွှေလင်ပန်းတွေမလိုဘဲ
ရာရာစစ ၊ လ,ကိုမှဆာလောင်ခဲ့တာကိုး ။
ဒီလိုနဲ့ ...
အဝိဇ္ဇာဘုံကိုသွားတဲ့ ခြေထောက်တွေဟာ
နေရောင်ဟောက်ပက်နဲ့ ခြောက်ကပ်ခဲ့တယ်
ရင်တွင်းစစ်ကို
သတ္တိသစ်တွေ လက်နက်ချ
မင်းကိုသိပ်ချစ်တဲ့အကြောင်းတွေ ငါ့ကိုယ်ငါပြောပြတယ်
ငါ ... သိပ်ရှက်သွားတယ်
ငါ ... နှုတ်ခမ်းကိုက်ထားတယ်
ငါ ... ခေါင်းငုံ့လိုက်တယ်
ကိန်းဂဏန်းများစွာထဲမှာ
ငါဟာ ပိန့်ရှုံ့နေတဲ့ သုညတစ်လုံးသာဖြစ်တယ် ။
အိနြေ္ဒကြီးမားစွာ
ကျောင်းတော်ကို လာတဲ့ပန်း
လာရာလမ်းမှာ ချမ်းမြေ့ပါစေ
ချစ်သူထံ
တောင်သမန်လေညင်းတို့လည်း သွေးပါစေ
ပန်းသတင်း လေညင်းဆောင်တဲ့မြေ
ငါသည်လည်း ချမ်းမြေ့ရပါစေ ...
CR (- -)
ချစ်သူစံမြန်းရာ စာသင်ခန်းရှေ့က
ငါပစ်ချခဲ့တဲ့ ကဗျာအပိုင်းအစတွေ
ကျောင်းဆင်းသူကို မျှော်နေရှာရော့မယ်
အိနြေ္ဒကြီးမားတဲ့
မီးရထားကလေးလိုမင်းဟာ
ကျောင်းတော်ရာမြေနီလမ်းတွေပေါ်
မင်းအဖော်တွေနဲ့
ကျောင်းဆင်းခဲ့ချိန်
ငာကတော့ ဟောဒီကျောင်းတော်မှာ
အလွမ်းခန်းတွေ ကျက်မှတ်ရဦးမယ်ကွယ် ... ။
ရတနာပုံတက္ကသိုလ်ရှေ့က
အိနြေ္ဒရှင်အဆောင်သူမလေးရယ် ...
ငါ့ကိုပြုစားတဲ့ အတတ်ပညာတွေကို ၊
ဘယ်တက္ကသိုလ်မှာ သင်ကြားခဲ့တာလဲ
စိတ္တဇ ကောင်းကင်
နက္ခတ်ဝိဉာဉ်တို့ ပြာဝေ ....
လိပ်ပြာငယ်တဲ့ သန်းခေါင်ယံအလယ်မှာ
ငါ ... ကြွေတယ် ။
သုံ့ပန်းက ဘုံနန်းပေါ်မျှော်ကြည့်
တံခါးစေ့ထားတဲ့မင်းကို ခွင့်လွှတ်ပါတယ်
ချစ်သူ့စာကျက်သံကို ၊ တေးသံလိုမြတ်နိုးနှစ်မွေ့
ချစ်သူ့အဆောင်တော်ရှေ့မှာ ငါ...ပျော်တယ်
လောကကြီးဆီက ဘာမှရလေ့ရထမရှိခဲ့ဖူးသူ
အချစ်ဦးရဲ့ သီကျူးသံ
ငါ့အတွက် ဆုတော် လာဘ်တော်ဖြစ်ခဲ့ပြီ ။
ငါ့အပြန်လမ်းတစ်လျှောက် လင်းပသူကလေး
ကြယ်စီးကြောင်းတွေ ကင်းဝေးနေတဲ့အခါတောင်
ဘယ်လောက်ဝေးဝေး မြင်ရတယ်
မန္တလေးဆောင်းရဲ့ ချမ်းအေးကြောင်းတွေမေ့လျော့
မင်းအကြောင်းတွေးရင် ငါ့ရင်မှာနွေးတော့တယ်
ဘယ်လိုမှော်ဆန်တဲ့ ပဲ့တင်သံများပါလဲ ။
ကြယ်တွေကို ရေတွက်မနေဘူး
လေညင်းကိုလည်း ဖမ်းဆုပ်မထားဘူး
ငါပိုင်တဲ့ သန်းခေါင်ယံတေးသွားတွေကိုလည်း
ငါ့ဂစ်တာထဲမှာ သိမ်းဆည်းထားမှာမဟုတ်ဘူး
မင်းအဆောင်ရှေ့မှာ မီးသေလေ့ရှိတဲ့ကောင်ကို
ခုလို လွမ်းဖျားတက်နေတဲ့ညမျိုးမှာ
ကြိုးညှိခွင့်ပြုပါကွယ် ... ။
အဆောင်သူရေ ....
စကြ၀ဠာတိုက်တစ်သောင်းမှာ
မင်းကိုငါ ချစ်မိကြောင်းကိုတော့ ဝန်ခံလိုက်ချင်တယ်
သိမ်ငယ်စိတ်နဲ့ပျိုးခဲ့တဲ့ ပန်းတွေ
အုံ့ပုန်းရဲ့နှလုံးသားမှာ ဝေကြပြီ ၊
အချစ်ရဲ့တန်ခိုး ၊ အချစ်ရဲ့ တန်ဖိုးဆိုတာ
မင်းဆံမျှင်တွေပေါ်က ပြုတ်ကျတဲ့ သနပ်ခါးပွင့်တွေ
ကောက်ယူရှိုက်နင့်ရင်း မြတ်နိုးရသလိုမျိုး
မင်းနဲ့ပတ်သက်ရင် အရာရာရိုကျိုးတယ် ။
ဘာပဲဖြစ်ဖြစ်
အချစ် နဲ့ အပြစ်ဆိုတာ မမြိုသိပ်တန်ရာ
ဘုရားသခင်ရှေ့မှောက်မှာ ဝန်ခံတယ် ။
ဘာပဲဖြစ်ဖြစ်
အနမ်း နဲ့ အလွမ်းဆိုတာ မသိုဝှက်တန်ရာ
တယ်လီဖုန်းဘေးမှာ နံပတ်တွေမနှိပ်ပဲ ဝန်ခံတယ် ။
ဘာပဲဖြစ်ဖြစ်
ငါဟာ တဝက်တပျက် တယောသံ
တစ်ခြမ်းပဲ့ထွက်နေတဲ့ စွယ်တော်ရွက်
ဘယ်လိုကျောင်းကပွဲတွေကိုမှ ၊ မတက်ခဲ့ဘူး ။
ဘဝမှာ လက်ခုပ်တီးရသည်ဖြစ်စေ
ဘဝမှာ လက်ခုပ်တီးခံရသည်ဖြစ်စေ
ဘဝမှာ ချစ်သူ့အချီးအမြှောက်တွေကလွဲရင် မလိုချင်ဘူး။
ဘဝမှာ ရယ်မောရသည်ဖြစ်စေ
ဘဝမှာ ငိုညီးရသည်ဖြစ်စေ
ဘဝမှာ ချစ်သူ့ဘုန်းတော်ဘွဲ့ကလွဲရင် မကျုးရင့်ချင်ဘူး ။
ဘဝမှာ နိဗ္ဗာန်ပင်ဖြစ်စေ
ဘဝမှာ ငရဲပင်ဖြစ်စေ
ဘဝမှာ ချစ်သူ့အဆောင်တော်ရှေ့ကလွဲရင် မသွားချင်ဘူး ။
အုတ်ခုံအိုကလေးပေါ်မှာ
စီးကရက်တစ်လိပ်နဲ့အတူ မီးသေ
ဂျစ်ပစီဥပဒေဘောင်မှာ ငါနေမယ် ။
ငါချစ်နေမှန်းတောင်မသိတဲ့
ငါ့ချစ်သူအတွက် ကဗျာတွေ
ကဗျာကုန်ကျယ်သရွေ့ ဖွဲ့ဝေမယ် ။
မင်းအတွက် ကဗျာတစ်ပုဒ်ပြီးဆုံးတဲ့အခါ
ဘုရားသခင်ကိုလည်း ပုန်ကန်လိုက်ချင်တယ်
သင်္ခါရတရားဟာ ...
ငါ့မေတ္တာတရားမှာ မတည်နိုင်ဘူး
ငါ့သစ္စာတရားမှာ မတည်နိုင်ဘူး
မင်းအပေါ်ထားတဲ့ ငါ့ဂရုဏာမှာလည်း မတည်နိုင်ဘူး
ငါ့နှလုံးသားသင်္ချိုင်းကို ၊ ငါတူးမယ်
မင်းဟာ ငါ့နိဒါန်းဖြစ်သလို ငါ့နိဂုံးပဲဖြစ်တယ် ။
ကံ့ကော်ရွက်တွေဆီမှာပဲဖြစ်ဖြစ်
သနပ်ခါးပွင့်တွေပေါ်မှာပဲဖြစ်ဖြစ်
အချိန်ကာလယန္တယားထဲမှာပဲဖြစ်ဖြစ်
ငါ့အနာဂတ်ကို စမ်းတဝါးဝါးပဲမြင်ရတာ
ဘာ့ကြောင့်ပါလဲ ... ။
ဒီလိုနဲ့ ဝါကျင်ဆွေးမြေ့သွားတဲ့နေ့တွေမှာ
အဆောင်တော်မှာ လမင်းလေးမသာတော့ဘူး
ကျောင်းတော်က ခေါင်းလောင်းသံတလွင်လွင်ဟာ
နွေဦးကံ့ကော်တွေခြွေပြီး
ကျောင်းတံခါးကို ဝုန်းကနဲပိတ်အချ
ငါ့ကမ္ဘာမှာ လကွယ်ခဲ့ရပြီ ။
မင်းဘယ်မှာလဲ ၊ မင်း ဘယ် မှာ လဲ
ပရိဒေဝဂစ်တာကို ကိုင်ဆွဲရင်း ငါကြေကွဲနေတယ်
ကျောင်းပိတ်ချိန်ဆိုတာ ...
တိမ်တွေ အရပ်ရှစ်မျက်နှာကို ပျံသန်းကွယ်ပျောက်
ငါ့အိမ်မက်တွေကို ခြောက်နေတဲ့ တစ္ဆေပါပဲ
အဆောင်သူရေ ...
ရတနာပုံတက္ကသိုလ်ရှေ့က
အိနြေ္ဒရှင်အဆောင်သူရေ ...
နွေဦးကံ့ကော်တွေ ဝေတိုင်း
ငါ ... သေတယ် ။
_____________________❀ _____________________
မင်းခသူ
Oct 10
2 0 1 6