သံမဏိနှင်းဆီသို့ ကဗျာများ



ဘာမထီ ဇာနည် အောင်ဆန်းစုကြည် 
________________________________
( တထပ်ကျော့ ပုလဲသွယ်တေးထပ် )

ဘာ မထီ ကတ္တီပန်း ၊ အနီလွှမ်း ကောင်းစေ ၊ 
မ ဒီ `ဆန်း´ ဒေါင်းအမေပါ ၊ သောင်းကုဋေ ရင်ထဲ ၊ 
ထီ မထင့် စစ်အာဏာကို ၊ ပစ်ခွာကာ သူရှင်းဖို့ပဲ ။

ဇာ တိသွေး ဒီမြန်မာမှာ ၊ ရည်သန်ရာ မှတ်စွဲ ၊ 
နီ ပြန်တာ အသက်သည်းက ၊ အခက်ခဲ ဖြတ်ကျော် ၊

အောင် သပြေ ညောင်ရေသွန်းလို့ ၊ တောင်မြေကျွန်း ဒေါင်းမိခင်ပျော် ။ 
ဆန်း ပြားတဲ့ နိုင်ငံတော်ကို ၊ ပြိုင်စံမပေါ် ပြုစေခဲ့ဖို့ ၊ 
စု အမေရဲ့ ဒေါင်းအသည်းတို့ရေ ၊ ပြောင်းလဲစို့လေ ၊ 
ကြည် လင်မယ့် နှောင်းအခြေကို ၊ ဒေါင်းအမေ ဖန်တီးလိမ့်လေး ။

မင်းခသူ ( K သူ ) 
__________________________________________________

ကမ္ဘာထဲက ကြယ်ဖုရားမနှင့် 
_________________________

သူ့လက်ဖဝါးပေါ်တင်လိုက်တာနဲ့ 
ဖူးသမျှပန်းတွေ အကုန်ပွင့်တော့တာပဲ 
သူကိုယ်တိုင်လည်း ပွင့်တတ်ခဲ့တာပဲ 
ခွေးလေခွေးလွင့်တို့ရဲ့ အူသံရှည်ရှည်တွေကြားမှာ 
ခွေးလေခွေးလွင့်တို့ရဲ့ လက်သည်းတွေနဲ့ကုပ်ခြစ်မှုတွေကြားမှာ 
သူကိုယ်တိုင်လည်း ပွင့်ခဲ့တာပဲ

ဟိုးတချိန်က ကြယ်ဖုရားဟာ 
ဆာစတက်ဖို့ကလပ်စ်ရဲ့အိပ်ကပ်ထဲက ဘောပင်ကို
ဆွဲလုဖူးတယ် 
အဲဒီကြယ်ဖုရားရဲ့သမီးတော် ကြယ်ဖုရားမကတော့ 
သန်းငါးဆယ်သောလူတွေအိပ်ကပ်ထဲက အမှောင်ကို 
ဆွဲလုနေတယ် 
"လူ" တွေဟာ သူ့ကို "အမေ"လို့ ခေါ်ခွင့်ရတာကို 
ဂုဏ်ယူမဆုံးဖြစ်ကြရ 
သစ္စာတရားဖြင့် ပွင့်သောပန်း 
ကမ္ဘာကမနမ်းနိုင်ပေမယ့် ငါတို့နမ်းခွင့်ရတာကိုလည်း
ဂုဏ်ယူမဆုံးဖြစ်ကြရ 
အဲဒီလို ဂုဏ်ယူတတ်တာကိုက "လူ"ပီသတဲ့ သင်္ကေတ

သူ့နာမတော်ဟာ ငါတို့ရဲ့အန္တရာယ်ကင်းမန္တန်တော်ကြီး 
သူ့အပြုံးတပွင့်ဟာ ငါတို့ရဲ့အလင်းအိမ်လမင်းကြီး 
မျက်ရည်သုတ်သောလက် ၊ အမှောင်ခွင်းသောလက် 
အရောင်လင်းသောလက်နဲ့ ဒေါင်းပျိုမတကောင်လိုရပ်နေတဲ့ 
ငါတို့ရဲ့ နိုင်ငံတော်ကြီးကို 
ဒေါင်းနိမိတ်သီချင်းမြတ်နဲ့ ဒေါင်းတံဆိပ်ခတ်နှိပ်လိုက်ပြီ 
အဲဒီတံဆိပ်မှာ ဒေါင်းဟာ ကြယ်ဖုရားမကိုချီလို့ သီချင်းသီပေါ့

"ဒီမိုကရေစီ ...... ဒီမိုကရေစီ " ဆိုတဲ့ တေးသီသံဟာ 
လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် 
သူကြွယ် သူဌေး သူဆင်းရဲလေးပါမကျန် 
ဒေါင်းမာန်နဲ့ 
ကောင်းရန်ကွဲ့ 
စောင်းသံထည့်ပြီး 
စည်းလုံး နီးကပ် ၊ အသည်းမြတ်က ၊ 
မဲချပ်လှလှကိုပေးဖို့လည်း အာဆေးဖြစ်စေခဲ့ပြီ ။

ဘယ်ခွေး ဘယ်ကောင် 
ဘယ်ခွေးဟောင်မလဲဟေ့ 
အသွေးပြောင်တဲ့ လမင်းကို 
အမွှေးမပြောင်တဲ့ ဒင်းတို့က 
အပင်းဆို့ကြပြီးမှ ထထဟောင်တာလောက်တော့ 
ရယ်ချင်တယ် 
ငါတို့ဟာ မြတ်ဘုရားကိုဦးခိုက်သူ 
ငါတို့ဟာ ကြယ်ဖုရားမကိုယုံကြည်သူ 
ငါတို့ဟာ အမှောင်ထဲက အလင်းကိုတောင့်တသူတွေ 
ဘယ်ခွေး ဘယ်ကောင် 
ဘယ်ခွေးဟောင်မလဲဟေ့
အရေးတော်အောင်ဖို့ ငါတို့ရင်ဘတ်တွေဟာ 
ကျည်ကာအင်္ကျီအဖြစ် ၊ ကတုတ်ကျင်းအဖြစ် 
ဒေါင်းကိုဘယ်လောက်ချစ်ကြောင်း သစ္စာဆိုပြီး 
ဒေါင်းသီချင်းနဲ့ 
ကောင်းခြင်းဖွဲ့ဝေ 
ငါတို့အမိမြေကို အာဏာရှင်စစ်ခွေးတို့ခါးပုံစထဲက
အသက်ပေးပြီး လုယူကြမယ့်သူတွေ 
ငါတို့ကံကြမ္မာကို ငါတို့ကိုယ်တိုင်ရေးထိုးဖန်တီး 
ဘဝနဲ့ရင်းပြီး " ဒင်းတို့မွှေးတဲ့မီးလျှံတွေကြားမှာ " 
တယောထိုးသွားမယ့် သူတွေ

ငါတို့ဟာ 
ကြယ်ဖုရားမရဲ့ တံဆိပ်တော်ကအနီရောင်ကို 
မွတ်သိပ်တာလောင်သူတွေဖြစ်ကြတယ် ။

မင်းခသူ ( K သူ )
__________________________________________________

ဒေါင်း နွေ 
__________

တပေါင်းနွေ ဒေါင်းတွေဝဲ
ငြောင်းနေမြဲ အိုးဝေ 
ကောင်းတွေလဲ နိုးစေကွယ်
မိုးမြေဝယ် နီစွေး ။
ကျောင်းသားနှင့် ဒေါင်းများချီလာ
ကောင်းစားမည် မျိုးဆက်ရင်သွေး ။

လက်တွဲလို့ ခက်ခဲကျော်မှာ
သက်လဲမနော် တို့မနှေး 
သတ်ပွဲပျော် တဘို့မွေး တို့
ဟို့အဝေး ပြေးစေ ။
ဒေါင်းအလံ ကျောင်းနံရံစိုက်၍
တပေါင်းယံတဝိုက် လင်းမယ့်ကြယ်တွေ ။

လွတ်လပ်တဲ့ ထွဋ်မြတ်မြေဝယ်
ရွတ်ဖတ်လေ အိုးဝေတေး နှင့်
ဖြိုးဝေရေး ငါတို့ပညာ 
ကြာလို့ ပြင်တာ ။
နောင်လင်းဖို့ မှောင်ခွင်းပါမယ်
ဆောင်ကျဉ်းကာ လက်တွဲစို့လေး ။ ။

မင်းခသူ (သုံးချက်ညီတေးထပ်)
ဒေါင်း ရာ သီ မော် ကွန်း 
_____________________

( ၁ )
အနီရောင်နှင်းတွေကျတဲ့ နိုဝင်ဘာ 
အာဇာနည်မျိုးတွေသာ ... ပိုင်တယ် ။

အမှောင်ဂူမှာ 
ဗလောင်ဆူခဲ့ရတဲ့ သက္ကရာဇ်များ 
ခရီးရှည်လျား ၊
ခုတော့ ... အားလုံးပြီးသွားပါပြီ 
ပြီးသွားပါပြီ ။

ကျဆုံးလေပြီးသော သူရဲကောင်းတို့ရဲ့ 
အရိုးတွေထဲကထွက်ကျလာတဲ့ ရိုးတွင်းချဉ်ဆီကို
" ဒီမိုကရေစီ " အဖြစ် ၊ ငါတို့ညှစ်ချနိုင်ခဲ့ပြီ 
ဟောဒီ ဆောင်းနံရံမှာ 
ဟောဒီ ဒေါင်းအလံတွေ လွှင့်ထူတော့ 
ဝိဉာဉ်ဖြူဖြူတွေဟာ " ဒါတို့ပြည် ၊ ဒါတို့မြေ 
တို့ ပိုင်တဲ့မြေ " ဆိုတဲ့တေးကို ... 
လိပ်ပြာသန့်စွာ ဆိုလို့ 
ငါတို့ခေတ်ရဲ့အောင်မြင်မှုကို ကြိုဆိုပေါ့ ။

လက်သန်းပြာလေးတွေချိတ်ဆက်ထားတဲ့ 
ငါတို့ ခေတ် အပြောင်းအလဲ ၊ စစ်မောင်းပွဲ 
ဒေါင်းဖဲမှာ ... ဒေါင်းပွင့်တွေ တဝေဝေ 
ကောင်းကျိုးအထွေထွေနဲ့ ချွန်စေမြစေပြီ
ဒေါင်းအိုးဝေတို့လည်း တွန်နေ ကနေပြီ ... 
ဪ ... လှနေခဲ့ပါပြီ ။

( ၂ )
ညီလေးရဲ့ ကျောင်းစာအုပ်ထဲမှာ
ဆည်းလည်းသံလေး တလွင်လွင်နဲ့ 
ညီမလေးရဲ့ လွယ်အိတ်ထဲမှာတော့ 
ပန်းရနံ့လေးတွေလည်း ဝေလို့ ဝဲလို့ပေါ့ 
မခွဲဘူး 
မင်းတို့ရဲ့အနာဂတ်ဟာ 
ကျောင်းခန်းလေးနဲ့ မခွဲရတော့ပါဘူး 
မွှေးမြတဲ့ စံပယ်ပန်းတွေလို 
ငြိမ်းချမ်း ဖြူစင် ၊ ခရီးနှင်ကြ 
လင်းပကြပါလိမ့်မယ် ။

ငါတို့အိမ်မက်မှာ 
အဖေဟာ အသိမ်းခံရတဲ့လယ်ယာထဲက 
မြေမှုန်မြေစတွေကိုကိုင်ပြီး ရှုရှိုက်လို့ 
အမေဟာ ရွှေဝါရောင်ကောက်နှံတွေကို 
တံစက်မြိတ်မှာ ဆွဲချိတ်လို့ 
ညီနောင်တွေဟာ အကျဉ်းထောင်တွေကို 
အလင်းရောင်နဲ့ ဆုတ်ဖြဲလို့ 
အစ်မတွေဟာ တမလွန်က 
ဝမ်းမြောက်ဝမ်းသာ အမျှယူလို့ 
ဧရာဝတီလည်း စီးဆင်း 
ကြေးစင်တောင်လည်း စိမ်းလန်း 
မိုးသစ်တောလည်း နလန်ထူ 
အမိမြေလည်း ရန်သူမရှိ 
သီချင်းညှိရင်း ပျော်ကြသူတွေ 
ငါတို့အိမ်မက်ကို
မနက်ဖြန်တိုင်း ဆွဲဆွဲထုတ် 
ငါ့တို့နှုတ်ခမ်းတွေနဲ့ မှုတ်လိုက်ကြတယ် ။

( ၃ ) 
ဒေါင်းဂူမှာ ... ဒေါင်းလူတွေအောင်းတော့ 
နီမောင်းတဲ့ အိုးဝေတေးသံတွေ ဝေရော့မယ် ။

ကိုအောင်ကျော် ၊ ကိုဖုန်းမော် ၊ ဝင်းမော်ဦး 
ကြည်နူး ရွှင်ပျော် ... သာဓုခေါ်ပါ
သွေးစွန်းအောင်ကိုက်ခဲ့ကြတဲ့ နှုတ်ခမ်းတွေနဲ့ 
သာ ဓု ခေါ် ပါ ... 
ကျောင်းတက်ခေါင်းလောင်းသံလေး တဖက် 
တိုက်ပွဲဝင်ဒေါင်းအလံလေး တဖက် ... 
အသက်ကို စာအုပ်ကြားညှပ်ခဲ့ရင်း
အသက်ကို လွယ်အိတ်နဲ့အတူ ချိတ်ခဲ့ရင်း 
လမ်းပေါ်ဆင်းခဲ့တဲ့ သင်တို့ကို အလေးပြုပါတယ် 
သွေးနုသားနု အလင်းရောင်လေးကိုလည်း 
သင်တို့စောင့်ရှောက်ကြမယ်လို့ ယုံကြည်ပါတယ်

လေထဲ မိုးထဲ 
ထိုးခွဲပျံသန်း ၊ ချိုးငှက်တို့ရဲ့ ခရီးကြမ်းမှာ 
မီးရှူး မီးပန်းတွေလို ... ငါတို့ကြိုဆို 
ရေလိုငတ်ခဲ့တဲ့ ဒီ မို က ရေ စီ ကို ၊ 
တွေ့ခဲ့ပြီ ။
သေနတ်တွေမပါ ၊ ကျည်ဆံတွေမပါ 
လက်သန်းပြာတွေနဲ့ ထိုးတဲ့ကျောက်စာ 
ရာဇဝင်ရဲ့ရာသီဥတုဟာ ကြည်လင်စပြုခဲ့ပေါ့ 
ဖြစ်နိုင်မယ်ဆိုရင်
သူရဲကောင်းတို့ရဲ့ ဝိဉာဉ်တွေကို 
အုတ်ဂူတွေနဲ့ အံတုပြီး
ပြန်လုချင်ပါတယ် ... ။

( ၄ ) 
" ကျဆုံးလေပြီးသော " တဲ့ 
တကယ်တော့ ငါတို့အသည်းနှလုံးမှာ 
ဘယ်သူမှ မကျဆုံးခဲ့ပါဘူး 
ခေတ်ဆိုးတလျှောက် 
ထုတ်ချင်းပေါက်နေတဲ့ ရင်ဘတ်တွေက 
သွေးစက်တွေ တောက်တောက်ကျသည့်တိုင် 
ငါတို့ပိုင်တဲ့သွေးဟာ အနီ 
အမှောင်ပြည်အတွက် ရောင်ခြည်ဖြစ်တယ် ။

ဒီမိုကရေစီ
နာမည်လေးလုံး 
လေထန်ကုန်းမှာ တေးလိုအော်ဟစ် 
" အာဏာရှင်စနစ်ကျဆုံးရေး ဒို့အရေး 
................................. ဒို့အရေး 
................................. ဒို့အရေး " 
ဒို့သွေးနဲ့ ဒို့ဘိုးဘေးတွေရဲ့ ဆန္ဒကို 
ပြည့်ဝစေ့မယ် 
ငါတို့ကျောင်းမျက်နှာစာမှာ 
အချုပ်ကားပြာကြီးတွေ တားဆီးသည့်တိုင်အောင် 
ငါတို့မျှော်လင့်ချက်တွေ အာဂုံဆောင်လို့ 
အမှောင်ကို အောင်နိုင်ခဲ့ပြီ 
" ခွင့်တူညီမျှ ၊ ဝါဒဖြူစင်တဲ့မြေ " 
တို့တွေ ဦးလည်မသုန် တည်ဆောက် 
မိုးသောက်ခဲ့ပြီ ။

ကြောက်သွေးကို နောက်ဖေးမှာထားခဲ့ 
လာ ... လက်သန်းချင်းချိတ် ၊ လက်မချင်းထပ် 
ရင်ဘတ်ချင်းအပ်လို့ သွားကြမယ် 
လယ်ခင်းတွေဆီ 
စက်ရုံတွေဆီ 
ကျောင်းခန်းတွေဆီ 
လာပါ ... 
ဒေါင်းလမ်းကြီး ခင်းပေးထားခဲ့တာပဲ 
ဘာလိုသေးလဲ ... 
ငါတို့ပခုံးချင်း ၊ ပြိုင်မြင်းတွေလိုယှဉ်ပြေး 
" ခွင့်တူညီမျှ ၊ ဝါဒဖြူစင်တဲ့မြေ " ဆီ ... ။

( ၅ ) 
ဆောင်းဝင်စ 
ဒေါင်းဘုရင်မ
ကောင်းကင်က 
ပျံခဲ့ပြီ ... 
အိုးဝေတေးသံဟာ 
ထောင်နံရံတွေကို ဖောက်ပြီး 
ထောင်သံတိုင်တွေကို ဆွဲဖြဲ ၊ 
ကျောင်းခန်းထဲကို ဆွဲခေါ် ... 
ကျောင်းသားမှန်ရင် 
ကျောင်းရဲ့ခေါင်းလောင်းသံကြားမှာ ပျော်ဖို့ 
လယ်သမားမှန်ရင် 
လယ်ကွင်းပြင်မှာ ပျော်ဖို့ 
ဟောဒီ ၈၈ - ၂၀၁၅ 
တို့သွေး တို့သား မျက်ရည်ခေတ်များ
ထားခဲ့နိုင်ဖို့ ... 
တို့ သန္နိဌာန် ၊ သစ္စာတရားတွေအန်ချ 
တံဆိပ်တုံးတစ်ခုနဲ့ တရားထူးရခဲ့တယ် ။

ငါတို့ ခေတ်ရဲ့ ရွှေရောင်နေ့သစ်တွေပေါ့ 
မေ့ပစ်လို့မရဘူး ဧရာဝတီရဲ့ ညီးတွားသံကို 
မေ့ပစ်လို့မရဘူး စစ်တလင်းပေါ်က ငိုသံတွေကို 
မေ့ပစ်လို့မရဘူး အဖိနှိပ်ခံတို့ရဲ့ အံကြိတ်သံတွေကို 
မေ့ပစ်လို့မရဘူး ကြေးနီတောင်က သေနတ်သံကို 
မေ့ပစ်လို့မရဘူး အကျဉ်းခန်းထဲက အစာအိမ်အော်သံတွေကို 
မေ့ပစ်လို့မရဘူး လမ်းမတွေပေါ်က 
ကလေးငယ်တို့ရဲ့ မျက်ရည်စိုစို မျက်ဝန်းတွေကို 
ငါတို့ခေတ်ရဲ့ ရွှေရောင်နေ့သစ်တွေထဲမှာ 
ဒါတွေ မေ့ပစ်လို့မရဘူး

ငါတို့ခေတ်ရဲ့ အပြောင်းအလဲမှာ 
အဲ့ဒီ မေ့ပစ်လို့မရတဲ့အရာတွေ မေ့နိုင်ရန် 
ငါတို့ရင်ဘတ်တွေနဲ့ ကျားကန်ထားကြမယ် ။

အနီရောင်နှင်းတွေကျတဲ့ နိုဝင်ဘာ
သခင်မျိုးတွေသာ .... ပိုင်တယ် ။

မင်းခသူ ( K သူ )
လာလိုက်ခဲ့ နိဗ္ဗာန်နဲ့နီးရာဆီ 
_________________________

ရော့ ... 
ကျွန်မလက်ကိုကိုင်ထား ၊ ရှင်တို့်မပါပဲ
ကျွန်မ နိဗ္ဗာန်တောင်မသွားဘူးဆိုတာ
ယုံ ...

ရော့ ... 
ကျွန်မပန်နေကျ သံလွင်ခက်လေး
We Are The World သီချင်းကိုဆိုပြီး
ဒီခရီးကို ကျွန်မနဲ့အတူတူ လျှောက် 
ရှင်တို့ခြေထောက်တွေမှာလည်း 
ကျွန်မအိမ်မက်တွေအကုန် စီးထား
ကျွန်မအရေပြားနဲ့ ဖိနပ်ချုပ်ပေးမယ်ဆိုတာ
ယုံ ....

ရော့ .... 
ဟောဒါ ရှင်တို့သွားရမယ့်လမ်းတွေ
ဟောဒါ ရှင်တို့ရွတ်ဆိုဖို့ ကဗျာတွေ
ကဗျာတွေဟာ သစ္စာတရားနဲ့ပေါင်းတင်ထားပြီး
သစ္စာတရားကို ယုံကြည်ချက်နဲ့ဆမ်းထားတယ် 
အဲဒီ ယုံကြည်ချက်ရဲ့နောက်ကွယ်မှာ ....
ကောင်းကင်တွေအများကြီး
လရောင်တွေလည်းအများကြီး
ကျွန်မဆိုလိုတာက ....
ကိစ္စတွေလည်းအများကြီး ။

မင်းခသူ
ဖီးနစ် မေမေ
____________

ဆန်းဇာနည် ညိုရောင်လွှမ်းရဲ့
ပျိုဆောင်ပန်း မညီးသနော်
ဗိုလ်အောင်ဆန်း သမီးတော်ငယ်
ခရီးပျော် ပျံမြဲ ။
သတ္တိနှင့် ဗျတ္တိရှင်ပါ
မြတ်မိခင် ဖီးနစ်ငှက်ပဲ ။

အလင်းနှင့် အဆင်းရွှေ
မငြင်းပေ လျှောက်ဆဲ
သတင်းတွေ တောက်ရဲလို့
မကြောက်ဇွဲ သွေးနီ ။
သမိုင်းတွင် ပိုင်းလျင်ပ
နှိုင်းယှဉ်ကြ မဟတ္တမဂန္ဒီ ။

ဖီးနစ်မို့ ခရီးသစ်ရည်ကာ
စီးရစ်မည် ဒီမိုလမ်းသို့
အတည်ကိုမှန်း သွားလို့လေ
သားတို့မေမေ
လှမ်းကြဖို့ လမ်းပြနေတယ်
ဆန်းလှပေ သံမဏိငှက်လေး ။

မင်းခသူ (သုံးချက်ညီတေးထပ်)
_________________________________________________

HaPpY bIrThDaY tO iRoN rOsE.
ငြိမ်းချမ်းရေးအတွက် ကျွန်မသံလွင်ခက်
___________________________________

မျက်ရည်စက်လက်မျက်နှာများ
စင်ကြယ်ခြင်းအတွက် သံလွင်တခက်လိုပါသလား
ကျွန်မ ဖြစ်ပေးပါရစေ ။
အမှုန်အမွှား ဒိုက်ဖတ်တွေ
သောက်တော်ရေမှာ သန့်ရှင်းစေလိုပါသလား
ကျွန်မ စစ်ပေးပါရစေ ။

နေဝင်ခြင်းကို ကယ်တင်ပေးချင်လို့
သန်းခေါင်ယံကို တော်လှန်ပေးချင်လို့
ပန်းပွင့်အပေါင်းကို ရေလောင်းပေးချင်လို့
သနားစရာတောအုပ်ထဲက
ကျားနာတွေ သုတ်သင် ဖယ်ထုတ်
ရှင်တို့ရဲ့အဖျားရောဂါပျောက်အောင်ကုပေးမလို့
ကျွန်မ မေတ္တာတွေနဲ့ ကျွန်မ
လောကကို အာမဘန္တေခံထားတယ် ။

ကျွန်မဟာ ....
ပိတုန်းသတ္တဝါတွေ အချောင်းလိုက်အမြောင်းလိုက်
အမြဲချောင်းမြောင်းခံနေရတဲ့ ပွင့်လွှာ ၊
Hog တွေရဲ့မျက်လုံးထဲက ဆံပင်မွှေး ၊
အစွယ်တဖွေးဖွေးကြားမှာ ပြေးလွှားနေရတဲ့
" နေရဲ့ သမီးတော်လေး " ပေါ့ ။

အဆိပ်ခတ်ခံထားရတဲ့
အဆိပ်သင့်ညတွေ ကုသဖို့
အဆိပ်ငွေ့တွေအကြား ရှင်သန်ထမြောက်
အဆိပ်ညရဲ့မြို့ရိုးပေါ် ကျွန်မလျှောက်ခဲ့ ၊
အဆိပ်ဓားသွားတွေပေါ် ကျွန်မရောက်ခဲ့ ၊
အဆိပ်ပင်တွေကို ကျွန်မဖြတ်တောက်ခဲ့တယ် ။

ကျွန်မရှိနေတဲ့အခါ
ကြတ်လို ဘီလူးလိုသတ္တဝါတွေ
နှာစေး ချောင်းဆိုးဖြစ်ကြရဲ့ ။
ကျွန်မရဲ့ လက်ဖဝါးတွေဟာ
စပျစ်သီးချဉ်တယ်ဆိုတဲ့ မြေခွေးတို့အတွက်
ဓားတလက်လည်း ဖြစ်ရဲ့ ။
ကျွန်မမှာ အတောင်ပံတွေပါတယ်
ငြိမ်းချမ်းရေး ကဗျာတစ်ပုဒ်ပါတယ်
ကူးစက်ရောဂါအတွက် ဆေးတလက်ပါတယ်
ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားပိုးအတွက် 
နောက်ဆုံးပေါ် ဆေးနည်းတွေပါတယ် 
ဒါပေမယ့် ....
ကျွန်မ စီမံကိန်းမှာ 
လယ်ယာမြေသိမ်းဆည်းရေးမပါဘူး
အကြမ်းဖက်နှိမ်နှင်းရေးမပါဘူး
ကျောင်းဖျက် ၊ သိမ်ဖျက်နည်းမပါဘူး
နယ်လှည့်ပါးရိုက် ၊ ပုဆိုးလှန်ပြနည်းမပါဘူး
ထမင်းတနပ်လျော့စားရေးမိန့်ခွန်းမပါဘူး
အဲဒီ အရူးတွေထဲမှာ ကျွန်မ မပါဘူး ။

ရှင်တို့ကြားလား
ဓားတလက်ရဲ့ တရားရွတ်သံ
ဒါ လောကကိုပေကျံအောင်လုပ်နေတဲ့အသံပဲ ။

" ကျွန်မလာတဲ့လမ်းမှာ ...
တချို့က လောက်လေးခွတွေ ၊
အခြားသော အဝေးက
လူမမြင်အောင် လှမ်းပစ်လို့ရတဲ့
အရာဝတ္ထုတွေနဲ့ လှမ်းပစ်ပြီး ....
ကျွန်မကို ဆက်မသွားဖြစ်အောင် 
ဟန့်တားဖို့ 
ခြိမ်းခြောက်ဖို့
ကြိုးစားကြတယ် 
ကျွန်မ ...
အဲဒီလူတွေကို အပြစ်မယူပါဘူး ။
သူ့ မိသားစု အတွက်
တစ်ရက်နေ့စားခနဲ့ ၊
ဆန်လေးဝယ်ပြီး စားသောက်ရမယ်ဆို 
..... ကျွန်မ အပစ်ခံပါတယ် "

အဲဒါ ကျွန်မဂရုဏာတရားနဲ့
တိုင်းပြည်ကို ပေးဆပ်နေခြင်းပဲဖြစ်တယ် ။

ကျွန်မ 
မျှော်လင့်ချက်တွေ ကျည်ကာဝတ်
ပေးဆပ်ခြင်းတွေ ရင်ဘတ်မှာကပ်
ငြိမ်းချမ်းရေးတေးသံကို နှုတ်ခမ်းမှာတပ်ပြီး
မီးတောင်ထိပ်မှာ အိပ်မက်တွေရွှေရောင်သုတ်ခဲ့
ကျွန်မ
တရားရိပ်မှာ ခိုလှုံရမယ့်အရွယ်
ဒါပေမယ့် 
အေးစက်ညတွေကို နှလုံးသားနဲ့ခြုံပေးဖို့
ရှင်တို့ရဲ့ လမိုက်ညတွေကိုမေတ္တာနဲ့ထွန်းညှိဖို့
နိဗ္ဗာန်လမ်းကိုလည်း ငြင်းပယ်ခဲ့ 
ရှင်တို့ သိရဲ့လား
ကျွန်မ နတ်ဘုရားအောင်ဆန်းရဲ့သမီးဆိုတာ
ကျွန်မ အရိုင်းအောင်ဆန်းရဲ့ သမီးဆိုတာ
ရှင်တို့ သိရဲ့လား
အောင်ဆန်းရဲ့ အလင်းတရားသံတွေ
အောင်ဆန်းရဲ့ ဆာစတပ်ဖို့ကလပ် အိပ်ကပ်ထဲက
ဖောင်တိန်ဆွဲယူနည်း နိသျှည်း ၊ နိယာမတွေ
အောင်ဆန်းရဲ့ လွတ်လပ်ရေးအစစ်မိန့်ခွန်းတွေ
အောင်ဆန်းရဲ့ ကြွေးမှီကင်းရေးသီအိုရီတွေ
ရှင်တို့သိရဲ့လား 
ရှင်တို့ဟာ
ပဒိုင်းပင် မြေတောင်မြှောက်ပေးနေတာလား
သံလွင်ပင် မြေတောင်မြှောက်ပေးနေတာလား
ဆိုတာ ...
ကျည်ဆံဖောက်သံကြားချင်တာလား
ချိုးကူသံကြားချင်တာလား
ဆိုတာ ...
ရှင်တို့ကိုယ်တိုင်သိပါရဲ့လား ။

အို ..... ကျွန်မ
ငြိမ်းချမ်းရေးအတွက် သံလွင်ခက်
လောကကြီးလင်းလက်ဖို့ စိမ်းလန်းမယ် ။
ခေတ်အဆက်ဆက် ကျိန်စာမသင့်အောင်
အလန်းဆုံး အစွင့်ဆုံး အဝင့်ဆုံး ပွင့်ပြမယ် ။

____________________________________________
မင်းခသူ
ဆောင်းအဝင် ဒေါင်းဘုရင်မ ကောင်းကင်ကပျံပြီ 
________________( သုံးချက်ညီတေးထပ် )

ဆောင်းအဝင် ဒေါင်းဘုရင်မ
ကောင်းကင်က ပျံပြီ 
လောင်းရှင်သမ္မတ အလံနီခြယ် 
မြန်တပြည် ခြိမ့်သည်း ။ 
လာပြီကွဲ့ ဇာနည်မယ် 
ဘာမထီ ခွပ်ဒေါင်းတို့ဝဲ ။

လွတ်လပ်မယ့် ထွဋ်မြတ်မြေမှာ 
ဖွတ်ပဒတ်တွေ ရှောင်လွှဲ 
ရွတ်ဖတ်မသွေ တဘောင်ထဲက 
အောင်တစ်ပွဲ စုကြည် ။ 
မရိုင်းပါ သမိုင်းဖြာလင်းပေါ့ 
နှိုင်းစရာကင်း ပြည်သူ့ပါတီ ။

မိုးထက်သို့ ထိုးထွက်ပျံမည် 
တိုးတက်မြန်ပြည် သခင်မျိုးမို့ 
စဉ်မညိုး နိုးစေ့ နိုးစေ 
အိုးဝေ့ အိုးဝေ ၊ 
မိုးကုဋေ့ တိုးဝှေ့နေပြီ 
ပျိုးစေ့တွေ အောင်ပန်းပွင့်လေး ။

မင်းခသူ ( K သူ )
သံမဏိတစ်ဝက် ဖယောင်းတစ်ဝက် ဓားတစ်လက် 
___________________________________________
▶ ၁ ◀

လူတွေရဲ့ အိမ်မက်အပေါင်းမှာ
သူရဲကောင်းက ....
လောင်းကုတ်အင်္ကျီအညိုကြီးဝတ်ပြီး 
လာတာ - တဲ့ ။

" အဖေ " ဆိုတဲ့ ကောင်းကင်အောက်မှာ ..... 
ကျွန်မဟာ လောကရဲ့ ဦးဆောက်ပန်း ဖြစ်လာတယ် ။
သာမညစကားလုံးတွေနဲ့ သုံးမရတဲ့အတ္ထုပ္ပတ္တိထဲမှာ
အဖေဟာ သံမဏိတစ်ဝက် ဖယောင်းတစ်ဝက် နဲ့
သမိုင်းက ထုနှက်ပေးလိုက်တဲ့ဓားတစ်လက်လည်း
ဖြစ်ခဲ့တယ် ။

ရုပ်အလောင်းက ဂူဗိမာန်ထဲမှာ ခိုအောင်းပြီး
ဝိဉာဉ်က ကမ္ဘာမြေတခွင်မှာ ပျံ့စင်နေတဲ့ ရနံ့
သုံးလောကထွဋ်ထားပြီးတဲ့နောက် ....
ကျွန်မဟာ အဖေကိုဒူးထောက်ကိုးကွယ်တဲ့
နှင်းဆီတစ်ပွင့်ပေါ့ ...

ရေစီးကြောင်းတွေကသာ ပြောင်းလဲပြီး
မပြောင်းလဲတဲ့ကျောက်တိုင်အဖြစ် 
လောကဟာ သူ့ရဲ့အချစ်ဦးဖြစ်တဲ့အကြောင်း
မြေမှာ နစ်စူးပြခဲ့ 
အဖေ ....
( သို့မဟုတ် )
ဗိုလ်တေဇ ... ။

▶ ၂ ◀
တစ်စုံတစ်ရာကို ဆုံးရှုံးလိုက်ရပြီး
တစ်စုံတစ်ရာကို ရရှိလိုက်တဲ့ ကျွန်မ
တစ်စုံတစ်ရာကို ဦးဆောင်လမ်းပြ ...
အမှောင်ညတွေမှာ ဆံနွယ်ဖားလျားနဲ့ပျံသန်းခဲ့ 
အမှောင်ညတွေမှာ အဖေဟာမားမားမတ်မတ် ရပ်ခဲ့
အမှောင်ညတွေမှာ ရဲရဲတောက်လင်းပ ခဲ့
တိုက်ပွဲရဲ့.... မနက်မိုးသောက်မှာ ၊
လူတွေကို ပန်းကောက်စေချင်ခဲ့တာလည်း
အဖေနဲ့ ကျွန်မရဲ့ စေတနာပေါ့ ။

ဝေစား မျှစား လောကကြီးအကြောင်း
အဖေက ကျွန်မကိုစာလုံးပေါင်း ၊ သင်ကြား
နှင်းဆီလူးထားတဲ့ မြားတစ်လက်ဖြစ်စေခဲ့ ။

ကိုယ့်အနာဂတ်ကို လှမ်းမမြင်ရပေမယ့်
ကျွန်မဟာ မိခင်ကောင်းတစ်ယောက်မဖြစ်ခဲ့ပေမယ့်
ကျွန်မဟာ မိခင်ကောင်းဖြစ်လာခဲ့ပြန်တယ် 
အဖေ ပိုင်ဆိုင်သမျှ ....
ကျွန်မ အလုံးစုံမရလိုက်ပေမယ့် ...
ကျွန်မ အလုံးစုံဆက်ခံထားခဲ့တယ် ။

လောကရဲ့ ရှုထောင့်အမျိုးမျိုးမှာ
ကျွန်မဟာ သုံးမြှောင့်ဖန်တုံးထဲက အရိပ်လို
မင်းသမီးတလှည့် ၊ ဗီလိန်တလှည့် ။

▶ ၃ ◀
ကျွန်မရဲ့ခန္ဓာကိုယ်မှာ အမုန်းတွေစိုက်နစ်
ကျွန်မရဲ့ ခြေထောက်မှာ စည်းမျဉ်းတွေချည်နှောင်
ကျွန်မရဲ့ စိတ်ကူးတွေအားလုံး အလုံပိတ်ထားကြ
မနက်ဖြန်တွေကို ကျွန်မမပိုင်ဆိုင်ရရင်တောင်မှ ၊
မနက်ဖြန်တွေကို ကျွန်မမြင်ချင်သေးရဲ့ 
ဒီလိုနဲ့ ...
ရေတွင်းထဲကလရောင်ကို ကယ်ဆယ်ခဲ့တယ်
ကျွန်မဟာ အဖေ့သွေးနဲ့တည်ဆောက်ထားတဲ့
ဖယောင်းရုပ် ၊ ကျောက်ရုပ်ဖြစ်တယ်လေ ....

ကျွန်မဟာ ....
မိန့်ခွန်းအရှည်ကြီးတွေကြားမှာ 
ကာလရှည်လျားခဲ့တဲ့ အမှောင်ကို
ကျွန်မနဲ့တိုက်ပြီး လောင်မြိုက်ရဲပါရဲ့

ဒါပေမယ့် ...
ကျွန်မကိုလည်း 
ရှည်လျားထွေပြားတဲ့ လက်ညစ်ကြီးတွေနဲ့
ချုပ်နှောင်ထားလိုက်ကြ
ကျွန်မအိမ်မက်တွေမှာ ၊
တိမ်အနက်တွေ လာဖုံးထားခဲ့
ကျွန်မ ....
ခွင့်လွှတ်ခြင်းနဲ့ ပြုံးနေခဲ့တယ် ။

▶ ၄ ◀
အဖေဟာ ကိုယ့်လမ်းကိုယ်ဖောက်ပြီး
ကိုယ့်ခရီးကိုယ်ထွင်းခဲ့တဲ့အလင်းစက်

ကျွန်မသွားရာလမ်းတစ်လျှောက်
အဖေ့အလင်းတွေ ခြေရာကောက်ပြီး
ဖြောင့်ဖြူးစေခဲ့တာ သစ္စာပါ

ကိုယ့်သမိုင်း ကိုယ်ထမ်းပြီး
ကျည်ဆံတွေကြားမှာ ပွင့်တဲ့ပန်း
တစ်နေ့မှာ ....
ဒီမိုကရေစီ ကိုနမ်းနိုင်လိမ့်မယ်လို့လဲ
ယုံတယ် ...

တဟဲဟဲမြည်ဟီးနေတဲ့ ခံတွင်းတွေကိုနင်းလျှောက်
အလင်းပေါက်အနာဂတ်တွေ ကြည့်ချင်တာ 
သံလွင်ခက်ကိုကိုင်ဆောင်လာမယ့်ငှက်ဟာ
ကျွန်မလက်ထဲကို ပစ်ချလာမယ့်အရာကိုလဲ
သိချင်တာ ။
ကျွန်မရဲ့ ခန္ဓာကိုယ်ဟာ
ဒဏ်ရာကပိုကရိုနဲ့ လှပခဲ့ပြီး
မျှော်လင့်ချက်မီးတွေ တညီးညီးတောက်ခဲ့ ။

အဖေက ကျွန်မရဲ့နှလုံးသားထဲမှာ 
ဓားတစ်လက်ထည့်ပြီး ထွက်သွား
မြားတလက်ချွန်ပြီး ပျောက်သွား
ဆဟာရရဲ့ မုန်တိုင်းအရိုင်းတွေကြား
ခုတ်ပိုင်းနိုင်ဖို့ အင်အားတွေ သွန်ခဲ့
ဒီအတွက် ....
ကျွန်မဘာကိုမှ မကြောက်ခဲ့ဘူး ။

▶ ၅ ◀
ဘယ်လို လောကဓံတရားတွေကမှ
ကျွန်မအိမ်မက်ကို မဖြားယောင်းနိုင်ခဲ့သလို
ဘယ်လို သံမဏိကြိုးတွေကမှ 
ကျွန်မနှလုံးသားကို မရိုက်ချိုး ၊ မချည်နှောင်နိုင်ဘူး
ကျွန်မမြင်လိုက်ရတဲ့ အရုဏ်ဦးတစ်ခုမှာ
အဖေဟာ ကင်ဒိုဓားကိုင်ပြီးမထီတရီပြုံးလို့
အဖေဟာ ဖြူသန့်တဲ့ငြိမ်းချမ်းရေးကိုကိုင်လို့
ဒီလမ်းကို ဆုံးအောင်လျှောက်ဖို့ မှာတယ် ။

အာဇာနည်မှန်သမျှ ...
ဘယ်သူမှ ကိုယ့်အလင်းကိုယ် မခိုလိုက်ရဘူး
ကျွန်မပျိုးထားတဲ့ သစ်ရွက်ဖြူဖြူမှာ
ပြည်သူတွေ အရိပ်ခိုရစေကြောင်း
ရာစုအဆက်ဆက် ရေလောင်း ၊ ပေါင်းသင်ခဲ့
အဲဒီအတွက် ကျွန်မရဲ့အတ္တဟာ
ကျွန်မကိုယ်တိုင် ယုံကြည်စွာမြင်နိုင်ဖို့ပဲ 
ဖြစ်တယ် ...။

နေရောင် လရောင်သက္ကရာဇ်အဆက်ဆက်
ကျွန်မရဲ့လက်ဖဝါးတွေ အက်ကွဲသွားတဲ့အထိ
အမှန်တရားဘက်မှာ အမြဲရှိနေမယ်အဖေ ....။

======= ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား ======
မင်းခသူ