င ရဲ တံ ခါး ... ပွင့်




ငါ ... ကြွေ ရ တော့ မယ် တဲ့ ။
တစ်သွေး တစ်သံ တစ်မိန့်ဟာ
ညနက်တွေလို ဝိုက်အုပ်ဖြာဆင်းလာတယ် ။

ငါ ကြွေ ရ မယ် 
ငါ ကြွေ ရ တော့ မယ် ။

စိတ်ချ ပန်းခူးလက်တို့ရေ ...
ဒီမိုးတိတ်ရင် ငါ့အရိပ်တို့သည်လည်း
ရိုးတိုးရိပ်တိတ်မျှ ၊ မရှိစေရဘူးကွယ် ။

အက်ဆီးဒင့်ဖြစ်သွားတဲ့ ဆင်ခြင်တုံတရားလေး
သံသယမဲ့စွာ ငါ ... ပြန်ပေးလိုက်ပါမယ် ။

ငါ့အသက်ကို တစ်ဝက်ပိုင်တဲ့
ဓားတစ်လက်ကို ငါသွေးထားတယ်
ဘာကြောင့်များ ...
ဟောဒီ နတ္ထိမှာ ကပ်ညှိနေရတာလဲ
ကြေကွဲ နှင်းမှုန် နှင်းစက်ငယ်တို့ရယ် ။

တစ်ယောက်သူဆီ တယ်လီဖုန်းခေါ်ခွင့်မရှိတဲ့
ငါ့ရဲ့ ငရဲဘုံ ငရဲခန်း ငရဲလမ်းကလေးပေါ်မှာပေါ့
ငရဲတိမ်တွေ ငေးရီနေလိုက်ရုံနဲ့ 
ငရဲသီချင်းတွေ ငိုညီးပစ်လိုက်ရုံနဲ့
ငရဲရဲ့ အလှတရားမှာ နေသွားကျသွားမယ်လို့
ငါ ထင်တယ် ။

ဗြဟ္မစိုရ်တရားလေးပါးမှာ ...
ဥပေက္ခာတရားတစ်ခုသာ ကျင့်သုံးသူမို့
ဘဝကိုခေါင်းပန်းလှန်တဲ့ပွဲမှာ ငါရှုံးသွားတယ်
ငါ ဂုဏ် ယူ တယ် 
အဲဒီလိုနဲ့ပဲ ... ငါ့သံယောဇဉ်ကြိုး ငါပြန်ဆွဲလို့
ငါ့ကိုယ်ငါ့ပဲ ပြန်ခေါ်လိုက်ပါမယ် ။

နောင်အခါ 
ငရဲက တက်ရွာမယ့် ...
မိုးမှုန် မိုးစက်တွေကြားမှာ 
ငါ့ကိုတွေ့ရင်လည်း ပြန်ခေါ်ပါကောင်မလေးရယ် 
နော် .... ။

နေပူ မိုးရွာ ၊ အ, ကာလ များ
ခြောက်ခြားဖွယ်ရာ တရားဓမ္မ
သတိရတိုင်း ... နာရစေ ။

မြင်းရိုင်းမှန်ရင် 
မုန်တိုင်းထဲလည်း ကဆုန်စိုင်းရဲရသတဲ့ ။

လောကရဲ့ ပဉ္စလက်ပြကွက်တွေထဲမှာ
ကောင်းကင်ဟာ ဘာမှမပြောင်းလဲဘူး
မြောင်းထဲမှာ လရောင်တွေပဲ ကျကွဲခဲ့ရတာ
နောက်ဆုံး ...
လှိုင်းသံ တဝုန်းဝုန်း ၊ လေသံ တဝူးဝူးထဲ
ပြန်မထူးတဲ့ နာမတော်ကိုဒ ငါ ကိုက်မြိုထားဆဲပေါ့ ။

တခါတလေကျလို့ရှိရင် ...
အဲဒီစကြဝဠာကြီးအဆုံး ငါတက်ပုန်းချင်မိတယ် 
ကံ့ကော်ရနံ့လေးတွေ စည်းနှောင်ထားတဲ့
ချစ်သူ့ဆံနွယ်တွေ ပြန်လည်ပွေ့ပိုက်ချင်သလိုမျိုး
စိုးရွံ့စွာ အတ္တကြီးချင်သားကွယ် ။

ငါ ... ကြွေ ရ တော့ မယ် တဲ့ ။
ဘယ့်နှယ် ....
ကျောင်းဆင်းခေါင်းလောင်းထိုးသံမကြားရ
ဓားကိုလည်း မမြင်ရ 
မီးစာကုန် ဆီခမ်းသွားတာလည်း မဟုတ်ရပါပဲ
ငါ ... ကြွေ ရ တော့ မယ် တဲ့ ကွယ် ။

ဝမ်းနည်းသော ၊ နှမျောတ,သသော ၊ 
သောကဖြင့် ရှိုက်လင့်သော ၊ ဓမ္မတေး
ငါ ... မကြားလို ။

ခြောက်ခြားတိတ်ဆိတ် ...
ငါ့မှတ်တိုင်ထိပ်မှာ ... လရိပ်တို့သည်သာ
တလဲ့လဲ့ ပြာမှုန်ဝေသင်းနေပါစေ ။

တနင်္ဂလာတို့သည်လည်း
သာမညရဲ့ ဈာပနမှာ ကဗျာတစ်စဖြစ်ပါစေ ။

ခုတော့ ... ထက်ခြမ်းကွဲနေသော ရုပ် နာမ်နဲ့
ငါ .... ထပ် ကြွေ ရ ဦး မယ် တဲ့ ။

K သူ